DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းခွဲ မြန်မာနိုင်ငံကို ယနေ့ရောက်ရှိမည် 
DVB
·
January 22, 2021
ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းခွဲ မြန်မာနိုင်ငံကို ယနေ့ရောက်ရှိမည် 
Donate to DVB

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁ သန်းခွဲ မြန်မာနိုင်ငံကို ဒီကနေ့   ဇန်နဝါရီ ၂၂ ရက်  မှာ ရောက်ရှိလာမှာဖြစ်ပြီး  ပြည်သူ ၇ သိန်းခွဲအတွက်  လုံလောက်မှာဖြစ်တယ်လို့ နိုင်ငံတော်  အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး မနေ့ညက နိုင်ငံပိုင်ရုပ်သံကနေ  ပြည်သူတွေထံ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောသွားတာပါ။

“သတင်း ကောင်းပေးရမယ်ဆိုရင် မနက်ဖြန် ၂၂ ရက်နေ့မှာ ကျမတို့ပထမဦးဆုံး ကိုဗစ်ရောဂါကာကွယ်ဆေးတွေ     မြန်မာနိုင်ငံကို   ရောက်ရှိလာပါမယ်။ တစ်သန်းခွဲ ရောက်ရှိမှာဖြစ်ပါတယ်။ တစ်သန်းခွဲဆိုတော့ ကျွန်မတို့ပြည်သူတွေ ခုနစ်သိန်းခွဲအတွက် လုံလောက်ပါတယ်။ လူတစ်ယောက်တစ်ယောက်ဆိုရင် နှစ်ကြိမ်ထိုးရပါမယ်။ ပထမအကြိမ်ထိုးပြီးတော့ ၂၈ ရက်ကြာရင် နောက် တစ်ကြိမ် ထပ်ထိုးရပါမယ်။ အဲဒီတော့ ကျမတို့ လုပ်ငန်းတွေကိုလည်း သေသေချာချာ ထိထိရောက်ရောက်လုပ်နိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စီစဉ်ထားပါတယ်။” လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမဦးဆုံး ဦးစားပေးအဖြစ်  ရှေ့တန်းက တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ရောဂါအခံ အားနည်းတဲ့ သက်ကြီးရွယ်အိုတွေနဲ့ တခြားရောဂါအခံတွေရှိတဲ့ ပုဂ္ဂိုလ်တွေကို ထိုးပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယဦးစားပေးအဖြစ်  အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေကို ကာကွယ်ဆေးထိုးပေးမှာဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဒီအုပ်စုမှာ ပါဝင် ကာကွယ်ဆေးထိုးခံမှာ ဖြစ်တယ်လို့ ပြောပါတယ်။   

“ကျမတို့ အစိုးရအဖွဲ့ထဲက  အဓိကကျတဲ့ အစိတ်အပိုင်းတွေကို  ကာကွယ်ဆေးထိုးပေးမှာပါ။ အဲဒီလိုပြောတာ ကျမ နည်းနည်းတော့ အားနာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီထဲမှာ ကျမလည်း ပါနေတာကိုး။  ပါနေတယ်ဆိုတော့  ဒီဟာကိုလည်း  ပြည်သူတွေအနေနဲ့ နားလည်မှုပေးနိုင်မယ်လို့   ကျမ မျှော်လင့်ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့ ယန္တရားကြီးလည်ပတ်ဖို့အတွက်ဆိုရင် ကျမတို့ဗဟိုအစိုးရနဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရတွေက  ထိထိရောက်ရောက်   လှုပ်ရှားနိုင်ဖို့က  အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ သိပ်လည်းမများပါဘူး။ ဒါလည်း ကျမထည့် ပြောပါရစေ။”

ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ နောက်တစ်ပတ်မှာလည်း နောက်ထပ်တစ်သုတ်ရောက်လာနိုင်ပြီး ဆေးသိုလှောင်ဖို့နဲ့ ထိုးရမယ့်နေရာကို  သယ်ယူဖို့ အဆင်သင့်လုပ်ထားတယ်လို့လည်းဆိုပါတယ်။

ကိုဗစ်-ကာကွယ်ဆေးအတွက်ရန်ပုံငွေကို   နိုင်ငံတော်က  ကျပ်  ၁  ဘီလီယံနဲ့ အမေရိကန်ဒေါ်လာ သန်း ၂၅၀  မတည်ထားရာမှာ စေတနာရှင် ပြည်သူတွေက ထည့်ဝင်တာ ကျပ် ၁၈ ဒသမ ၇၈၁  ဘီလီယံနဲ့ ဒေါ်လာ ၂ ဒသမ ၉၇ သန်းကျော်ရှိလာပြီး ဝိုင်းဝန်းကူညီတဲ့ ပြည်သူတွေကို  ကျေးဇူးတင်တယ်လို့လည်း  ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Photo-State counsellor office

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013