DVB Logo
Home
Lead Story
တရားဥပဒေစိုးမိုးရေးနှင့် ဝရမ်းပြေးပြဿနာ
DVB
·
January 22, 2021
တရားဥပဒေစိုးမိုးရေးနှင့် ဝရမ်းပြေးပြဿနာ
Donate to DVB

ဝရမ်းပြေးတွေဟာ ဒီနေ့ကာလမှာ အတော်ခေတ်စားလာတယ်။ ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရာမှာ လက်ခွဲစီမံသူ ကွင်းဆက်တရားခံ အောင်ဝင်းခိုင်ကစပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ တရားခံတွေ ဝရမ်းပြေးရတာ အတော် ခေတ်စားလာတယ်။ 

မကြာသေးမီကပဲ ဒလက ‘အာဏာသိမ်းလိုက်ပြီ’ဆိုတဲ့ သတင်းအတုကို လူမှုကွန်ယက်စာ မျက်နှာမှာ လိုက်ဖ်လွှင့်ပြီးတင်ခဲ့လို့ တရားစွဲခံခဲ့တယ်။ ရဲကတော့ ဆေးရုံမှာ ခေါင်းမူးနေလို့ဆိုပြီး မဖမ်းပဲနေခဲ့တာပေါ့။ နောက်ရက်ရောက်တော့ တရားခံဟာ ဝရမ်းပြေးအဖြစ်နဲ့ ပျောက်ဆုံးသွားခဲ့ပါတော့တယ်။

ဝင်းခိုင်ဦးခေါ်ဝီရသူ ကလည်းဝရမ်းပြေး။ ဘူးလက်လှဆွေလည်း ဝရမ်းပြေးပဲ။ အခုတော့ လာရောက်အဖမ်းခံကြရှာတယ်။ ဟော အခုထပ်ပြီး မိုက်ကယ်ကျော်မြင့်တယောက်ပေါ်လာပြန်ပြီ။ ဒီတော့ ခေတ်စားနေတဲ့ ‘ဝရမ်းပြေး’ ဆိုတဲ့ ဝေါဟာရကို စူးစမ်းမိလာတယ်။

‘ဝရမ်းပြေး’ဆိုတာကို မြန်မာအဘိဓာန်ကတော့ “ကျူးလွန်မိသည့် ပြစ်မှုအတွက် ဖမ်းဆီးအရေးယူခြင်းကိုရှောင်ရှားရန် ထွက်ပြေးတိမ်းရှောင်နေသူ”လို့ ဖွင့်ဆိုပါတယ်။ တကယ်တော့ ဝရမ်းပြေးဆိုတာ အင်္ဂလိပ်လို  Warrant ‘ဝရမ်း’က နေလာတာ။ ဗမာစကားစစ်စစ်တော့ မဟုတ်ပါဘူး။ ‘ဝရမ်း’ဆိုတာ လူကိုဖမ်းဆီးရန် မြေအဆောက် အအုံပစ္စည်းများသိမ်းရန် တားမြစ်အမိန့်ထုတ်ပြန်သော အမိန့်စာကိုခေါ်တာပါ။ ဒီဝေါဟာရက အင်္ဂလိပ်ခေတ်ရောက် မှပေါ်လာဟန်ပဲ။ ဗမာဘုရင်တွေခေတ်ကတော့ ‘တောပုန်းကြီး’လို့များ ခေါ်လေမလားပဲ။

ထားပါလေ အခုတော့ ဝရမ်းပြေးဆိုတဲ့ဝေါဟာရဟာမြန်မာတွေ အရိုးစွဲနားလည်နေပြီးသား။ ‘တောပုန်းကြီး’ပဲ ခေါ်ခေါ် ‘ဝရမ်းပြေး’လို့ပဲပြောပြော အဓိပ္ပါယ်ကတော့ အတူတူပါပဲ။ အဓိကစ စိတ်ဝင်စားမိတာက ဘာလို့ထွက်ပြေး ကြတာလဲ။ သူတို့ကို ဘာလို့ဖမ်းမမိတာလဲ ဆိုတာပါ။ 

ထွက်ပြေးတာကတော့ ဖမ်းဆီးအရေးယူခြင်းကို မခံနိုင်လို့ထွက်ပြေးတာ။ အဖြေကရှင်းတယ်။ ကိုယ်လုပ်ပြီး ကိုယ်မခံရဲလို့ ထွက်ပြေးတာ။ ကိုယ်တင်မဟုတ်ပဲ ကွင်းဆက်တရားခံတွေ ပေါ်မှာစိုးလို့ထွက်ပြေးတာလည်းရှိတယ်။ ရဲမဖမ်းနိုင်တာကတော့ အကြောင်းအမျိုးမျိုးရှိနိုင်တယ်။ မဖမ်းချင်လို့မဖမ်းတာ။ အထက်ကနေကျလာတဲ့ လျှို့ဝှက်အမိန့်ကြောင့်မဖမ်းတာ။ အဂတိကြောင့် လက်ရှောင်ပေးလိုက်တာလည်းရှိနိုင်ပါရဲ့။

ဒါအပြင် အဖွဲ့အစည်းတခုတည်းအောက်မှာ အလိုတူအလိုပါဖြစ်နေလို့ လက်ရှောင်ပေးလိုက်တာလည်း ဖြစ်နိုင်ခြေထဲမှာရှိနေတတ်ပါတယ်။ ဘာကြောင်းပဲဖြစ်ဖြစ် ဝရမ်းပြေးတွေကို ဖမ်းဖို့ တာဝန်ရှိတာကတော့ စစ်တပ်လက်အောက်ခံဝန်ကြီးဌာန တခုဖြစ်တဲ့ ‘ပြည်ထဲရေးဝန်ကြီးဌာန’ပဲပေါ့။

ဒါပေမဲ့ ဥပဒေမှာက ဖမ်းဆီးရန် တမမင်ပျက်ကွက်ခြင်းနဲ့ တရားခံထွက်ပြေးခြင်းအတွက် တာဝန်ရှိတဲ့ရဲကို အရေးယူဖို့ ဥပဒေတရပ်ပြဋ္ဌာန်းထားတာတွေရှိပါတယ်။ ရာဇသတ်ကြီး ပုဒ်မ ၂၂၁မှာ “ပြစ်မှုနှင့် စွဲဆိုခြင်းခံရသူကို သို့တည်းမဟုတ် ပြစ်မှုအတွက် ဖမ်းဆီးခြင်းခံထိုက်သူကို ဖမ်းဆီးရန်ဖြစ်စေ၊ ချုပ် ထားရန်ဖြစ်စေ ဥပဒေနှင့်အညီ တာဝန်ရှိသောပြည်သူ့ဝန်ထမ်းသည် ထိုသူကို မဖမ်းဆီးပဲ တမင်ပျက်ကွက်လျှင် သို့တည်းမဟုတ် ထိုသူထွက်ပြေးသည်ကို တမင်လျစ်လျူရှုလျှင် သို့တည်းမဟုတ် ထိုသူအချုပ်မှ ထွက်ပြေးသည်ကို ဖြစ်စေ ထွက်ပြေးရန်အားထုတ်သည်ကိုဖြစ်စေ တမင်ကူညီလျှင် ထိုပြည်သူ့ဝန်ထမ်းကို အောက်ပါအတိုင်း ပြစ်ဒဏ်ချမှတ်ရမည်” လို့ ဖေါ်ပြပါရှိပါတယ်။

ဒါဟာ ရာဇသတ်ကြီးဥပဒေပါ ပြဋ္ဌာန်းချက်ပါ။ ဒီပြဋ္ဌာန်းချက်ရှိနေပေမယ့် ‘ဝရမ်းပြေး’တွေဟာ ပျားရည်ဆန်းခရီးထွက်သလို တပျော်တပါးကြီးပြေးနေကြတာကို တွေနေရတယ်။ ထိုနည်းတူ ‘ဖမ်းဆီးထိန်းသိမ်းရန်တာဝန်ရှိ ပြည်သူ့ဝန်ထမ်း’ဆိုသူတွေကလည်း အထက်အမိန့် အရပဲလား ဒါမှမဟုတ် အဂတိကြောင်းပဲလား မဆိုနိုင်ဘူး။ ပျော်ပျော်ကြီး ‘မျက်နှာလွှဲ ခဲပစ်’နေကြတာ ဘာကြောင့်လဲ။ အဖြေကရှင်းရှင်းလေးပါ။ ‘တာဝန်ပျက်ကွက်သူကို အရေးမယူ’လို့ပဲဖြစ်တယ်။

တာဝန်ပျက်ကွက်သူကိုသာ ဥပဒေပါပြဋ္ဌာန်းချက်အတိုင်း အရေးယူတာရှိခဲ့ရင် အခုလို အစုအပြုံလိုက် ဝရမ်း ပြေးတာမျိုးနည်းပါးသွားနိုင်မှာဖြစ်တယ်။ အရေးယူအပြစ်ပေးရာမှာလည်း ဝရမ်းပြေးရဲ့ ပြစ်ဒဏ်အပေါ်မူတည်ပြီး ပြစ်ဒဏ်ချမှတ်ကြရတာပါ။

“ဝရမ်းပြေးရဲ့ပြစ်မှုဟာ သေဒဏ်ခံထိုက်သူဖြစ်ခဲ့ရင် ဖမ်းဆီးရန်တာဝန်ပျက်ကွက်သူကို ထောင်ဒဏ် ၇ နှစ်ထိချနိုင်တယ်။ ဝရမ်းပြေးရဲ့ပြစ်မှုဟာ တသက်တကျွန်းနဲ့ ၁၀ နှစ်အထိ ထောင်ဒဏ်ပေးနိုင်တဲ့ ပြစ်မှုမျိုးဖြစ်ခဲ့ရင် ဖမ်းဆီးရန်ပျက်ကွက် သူကို ၃ နှစ်ထိထောင်ဒဏ် ငွေဒဏ်ချနိုင်တယ်။  ၁၀ နှစ်အောက်ပြစ်ဒဏ်ခံထိုက်သူဖြစ်ခဲ့ရင်တော့ ဖမ်းဆီးရန်ပျက် ကွက်သူကို ၂ နှစ်ထိ ထောင်ဒဏ်ငွေဒဏ်ချနိုင်တယ်” လို့ ရာဇသတ်ကြီးမှာဆိုထားတာ။

မြန်မာပြည်မှာတော့ ဝရမ်းပြေးခိုစရာ လောင်းရိပ်တွေကလည်း များပါဘိ။ ‘တရားဥပဒေစိုးမိုးရေး’ကို ပါးစပ်က တွင်တွင်အော်နေလည်း ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်တိုင် မထိန်းတဲ့သူတွေလက်ထဲ ပြည်ထဲရေးလုပ်ငန်းကြီးတခုလုံး ရောက်နေသရွေ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေဦးမှာပါ။

တရားဥပဒေစိုးမိုးရေးလို့ ဆိုလိုက်တာနဲ့ တရားစီရင်ရေးအပိုင်းနဲ့ ရဲအဖွဲ့ရဲ့အပိုင်းဆိုပြီး နှစ်ခုလုံးနဲ့ သက်ဆိုင်နေတယ်။ ဗစ်တိုးရီးယားလေးရဲ့ တရားမျှတခြင်းမရရှိတာဟာလည်း ရဲအဖွဲ့နဲ့ တိုက်ရိုက်သက်ဆိုင်နေတာပါပဲ။ ‘သက်သေခံပစ္စည်းဖျောက်ဖျက်မှုကို ဘယ်သူကျူးလွန်ခဲ့သလဲ’ ဆို တာ အစိုးရပိုင်းက စစ်ဆေး အပြစ်ပေးအရေးယူခြင်း လုပ်ကြရမှာပါ။

မြန်မာပြည်မှာ ဝရမ်းပြေးတွေမမိတာနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူက  “သစ်ပင်ကို တောအုပ်ကဖုံးရင် အဲဒီသစ်ပင်ကို မမြင်ရဘူးပေါ့ဗျာ။ အလားတူပဲ ဒီသစ်ပင်ကိုရှာတဲ့ သူတွေကလည်း ဒီသစ်ပင်ဘယ်မှာရှာလဲ။ တောအုပ်မြင်တာနဲ့ မရှာတော့ဘူးလား”ဆိုပြီး သစ်ပင်နဲ့တောအုပ်ကို နမူနာထားပြီး ပြောခဲ့ဖူးပါတယ်။

မြန်မာပြည်က ၀ရမ်းပြေးတွေကတော့ ပုန်းကွယ်နေရာကနေ ရန်ကုန်မြို့ထဲ ကားတွေနဲ့ စီတန်းလှည့်လည်၊ အွန်လိုင်းကနေ လိုက်ဖ်လွှင့် ၊ မီဒီယာတွေကို အင်တာဗျူးပေး၊ ဝန်းရံအားပေးသူ တွေနဲ့ တရုန်းရုန်းသွားလာပြနေတာတောင် သက်ဆိုင်ရာက သတင်းရလို့ တင်ကြိုဖမ်းဆီးနိုင်တာမျိုး မရှိဘဲ ရဲစခန်းကို ရောက်လာမှသာ ဖမ်းမိကြတာမျိုးပါ။

ဒါဟာ တရားဥပဒေစိုးမိုးရေးကို ပမာမခန့် လုပ်ပြတဲ့ လုပ်ရပ်တွေဖြစ်ပြီး တကယ်လို့  ဒီလို ဝရမ်းပြေးတွေဟာ အများပြည်သူလူထုတွေအတွက် အင်မတန် အန္တရာယ်ရှိနိုင်တဲ့ လူသတ်တရားခံပြေးတွေ၊ အကြမ်းဖက်ဖောက်ခွဲရေးသမား ဝရမ်းပြေးတွေသာဆိုရင် အခက်သား ပေါ့။  

ဝရမ်းပြေးကိစ္စကတော့ ရဲတပ်ဖွဲ့နဲ့လုံးလုံးသက်ဆိုင်နေတယ်။ ဒါပေမဲ့ ဝရမ်းပြေးကို မသိကျိုးကျွံ ခတ်မဆိတ် ဥပက္ခာပြုနေခြင်းအတွက် တာဝန်ရှိသူကို အပြစ်ပေးရေးမှာတော့ နိုင်ငံတော်မှာ တာဝန်ရှိနေပါတယ်။ ဝရမ်းပြေးခွင့်ကို မသိမသာလွှတ်ပေးနေခြင်းဟာ တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေတာကြောင့် ထိထိရောက်ရောက်  အရေးယူမှသာ ပြဋ္ဌာန်းထားတဲ့ဥပဒေဟာ သက်ဝင်လာနိုင်မှာဖြစ်တယ်။ ဒါကြောင့် ဝရမ်းပြေးသူတွေနဲ့ပတ်သက်ရင် တာဝန်ရှိတဲ့ဝန်ထမ်းကို သေသေချာချာ စစ်ဆေးအရေးယူအပြစ်ပေးပါမှ တရားဥပဒေစိုးမိုးရေးကို အကောင်ထည်ဖေါ်နိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013