DVB Logo
Home
Lead Story
၆သန်းခန့်ရှိတဲ့လူအုပ်စုကြီးကို ဒီအတိုင်းပဲထားမလား- မသန်စွမ်းရှေ့ဆောင်အဖွဲ့နှင့် မေးမြန်းချက်
DVB
·
January 21, 2021
၆သန်းခန့်ရှိတဲ့လူအုပ်စုကြီးကို ဒီအတိုင်းပဲထားမလား- မသန်စွမ်းရှေ့ဆောင်အဖွဲ့နှင့် မေးမြန်းချက်
Donate to DVB

မြန်မာနိုင်ငံက မသန်စွမ်းသူ‌‌တွေအတွက် လူမှုဘ၀တိုးတက်ဖို့နဲ့ အစိုးရဆီကနေ အထောက်အပံ့ကောင်းတွေ ရနိုင်ဖို့၊ မသန်စွမ်းသူတွေ လွှတ်တော်နဲ့ တခြားကဏ္ဍစုံမှာ ပါ၀င်နိုင်ရေးအတွက် သဘောထားအမြင်သုံးသပ်ချက်တွေကို မြန်မာနိုင်ငံ မသန်စွမ်းရှေ့ဆောင်အဖွဲ့က အမှုဆောင်ဒါရိုက်တာ ဒေါ်ယုယသူ ကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။  မြန်မာနိုင်ငံက မသန်စွမ်းသူ ဦးရေစာရင်းနဲ့ မသန်စွမ်းသူ အမျိုးအစားတွေကို ပြောပြပါ။

ဖြေ။ ။ “ ၂၀၀၉ မသန်စွမ်းဆိုင်ရာ အချက်အလက်တွေကတော့ တစ်နိုင်ငံလုံးကို ခြုံငုံမိအောင်ကောက်တဲ့ အချက်အလက်တော့ မဟုတ်ဘူး။ လူမှု၀န်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကနေပြီးတော့ ၂၀၀၉ ခုနှစ် မသန်စွမ်းမှုနဲ့ပတ်သက်လို့ ကိုးကားစရာ ဒေတာတွေမရှိဘူး။ အဲဒါကြောင့်မို့လို့ မြို့နယ်တချို့ကိုသာ ကောက်ခဲ့တဲ့ အချက်အလက်တွေဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကျတော့ သန်းခေါင်စာရင်းကောက်တဲ့အချိန်မှာ မသန်စွမ်းမှုကို ခေါင်းစဉ်တစ်ခုအနေနဲ့ ထည့်ပြီးတော့မှ မသန်စွမ်းမှုဒေတာကို တစ်ခါတည်း ကောက်ခဲ့တဲ့ ရရှိလာတဲ့အချက်အလက်တွေဖြစ်တယ်။ ဒေတာအားဖြင့် reliable ဖြစ်တယ်။ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့ဒေတာပြောပါဆိုရင် ၂၀၁၄ သန်းခေါင်စာရင်းကတော့ ပိုပြီးတော့ cover ဖြစ်တယ်။ တစ်နိုင်ငံလုံး ကောက်ခဲ့တာဖြစ်တယ်။”

 “၂၀၁၄ သန်းခေါင်စာရင်းဒေတာအရဆိုရင်တော့ မြန်မာနိုင်ငံလူဦးရေရဲ့ ၄ ဒသမ ၆ရာခိုင်နှုန်း၊ ကိန်းဂဏန်းအားဖြင့်ပြောမယ်ဆို ၂၃ သိန်းပေါ့။ ဒါပေမဲ့ အခုပြီးခဲ့တဲ့ ၂၀၁၉ မှာ လ၀က ကနေပြီးတော့မှ နောက်ဆုံး update ပေါ့နော် ကြားဖြတ်သန်းခေါင်စာရင်းဆို‌ပြီးတော့ ကောက်ယူလိုက်တာရှိပါတယ်။ အဲဒီမှာဆိုရင် မသန်စွမ်းဒေတာ ပိုပြီးတော့များလာ တွေ့ရတယ်။ မသန်စွမ်းတွေဟာ ၆ သန်းခန့်ရှိတယ်ဆိုတာ သွားပြီးတော့တွေ့ရတယ်။ နောက်တစ်ခါ ရာခိုင်နှုန်းအားဖြင့် ပြောရရင်တော့ ၁၂ ဒသမ ၈ ရာခိုင်နှုန်းလောက် ရှိတယ်ဆိုတဲ့အချက်ကို သွားတွေ့ရတယ်။ ၂၀၁၉ကတော့ အနီးစပ်ဆုံး ယူလို့ရမယ့် Update အဖြစ်ဆုံးလို့ပြောလို့ရမယ်။”

“မသန်စွမ်းအမျိုးအစားတွေက လူမှု၀န်ထမ်းနဲ့ပြန်လည်နေရာချထားရေးကနေ ဦးဆောင်ပြီးတော့ မသန်စွမ်းအဖွဲ့တွေအားလုံးနဲ့ ရေးဆွဲထားတဲ့၊ လွှတ်တော်ကနေလည်း အတည်ပြုထားတဲ့၊ မသန်စွမ်းဥပဒေထဲမှာပါတဲ့ အမျိုးအစားအတိုင်းဖြစ်ပါတယ်။ ကိုယ်အင်္ဂါ၊ အမြင်အကြား၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်းဆိုင်ရာ မသန်စွမ်းဆိုပြီးတော့ အကြမ်းမျဉ်းရှိတယ်ပေါ့။ တကယ်တမ်းတော့ ဥပဒေထဲမှာ ၅ မျိုးရှိတယ်ပေါ့နှော်။ စိတ်ပိုင်းဆိုင်ရာကို တစ်မျိုးအနေနဲ့ ထည့်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိ မသန်စွမ်းအဖွဲ့အစည်းတွေကြားထဲမှာတော့ အလုပ်လုပ်တဲ့အခါမှာ မသန်စွမ်းလေးမျိုးပေါ့နော်။ အမြင်အာရုံမသန်စွမ်း၊ အကြားအာရုံမသန်စွမ်း ၊ကိုယ်အင်္ဂါမသန်စွမ်းနဲ့ ဉာဏ်ရည်မသန်စွမ်းဆိုပြီးတော့မှ မသန်စွမ်းအဖွဲ့အစည်းတွေ အကြားမှာ သတ်မှတ်အလုပ်လုပ်နေကြတာရှိပါတယ်။”

မေး ။ ။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာပါဝင်ဖို့ မသန်စွမ်းတွေရဲ့  ဆန္ဒ ၊ စိတ်ထက်သန်မှုတွေကို ပြောပြပါ။

ဖြေ ။ ။ “မငြိမ်းချမ်းခြင်း‌ကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ‌ကို မသန်စွမ်းသူတွေက တခြားသန်စွမ်းသူတွေထက်ပိုပြီးတော့ ခံစားရတယ်။  ဥပမာ  နေရပ်စွန့်ခွာပြီးတော့မှ IDP Camp တွေကိုသွားကြတဲ့ အခါမှာ မသန်စွမ်းသူတွေပါတယ်ဆိုရင် အဲဒီမသန်စွမ်းသူတွေက မိမိတို့ ရပ်ရွာမှာနေရင်တောင်မှပဲ အဆင်မပြေမှုတွေ အများကြီးရှိတဲ့အခါမှာ IDP Campတွေကို ရောက်သွားတဲ့အခါ ပိုပြီးတော့ ခက်ခဲတယ်၊ ပင်ပန်းတယ်။ မငြိမ်းချမ်းခြင်းကြောင့်ဖြစ်သွားတဲ့ မသန်စွမ်းသူတွေ အများကြီးရှိတယ်။ မြေမြှုပ်မိုင်းတွေကြောင့်ဖြစ်သွားတဲ့ ပြည်သူတွေထဲက မသန်စွမ်းဖြစ်သွားတဲ့သူတွေ အများကြီးရှိတယ်။ သူတို့တွေဆိုလို့ရှိရင် ငြိမ်းချမ်းရေးကိုပိုပြီးတော့မှ လိုချင်ကြတယ်။ ဆိုတဲ့အခါကျတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကိုယ်ကိုယ်တိုင်က ‌Object နေရာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်က Subject နေရာက ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေး စကားဝိုင်းတွေမှာ ပါ၀င်လာခြင်းအားဖြင့် ဒါပိုပြီးတော့မှ ထိရောက်ပြီး ချောဆီသကဲ့သို့ အဆင်ပြေပြေ ပါ၀င်ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။”

“ ကျမတို့သည် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က သော်လည်းကောင်း၊ တပ်မတော်ဘက်ကနေ သော်လည်းကောင်း စသဖြင့် ဘယ်လိုပဲကွာခြားကွာခြား စစ်တပ်က နေပြီးတော့ စစ်ပွဲတွေကြောင့် မသန်စွမ်းဖြစ်သွားတဲ့သူတွေပဲ ဖြစ်ဖြစ်၊ တိုင်ရင်းသားလက်နက်ကိုင်တွေထဲမှာလည်း မသန်စွမ်းဖြစ်သွားသူတွေ ရှိတာပဲ။ စစ်ပွဲတွေကြောင့် နောက်ဆက်တွဲ မသန်စွမ်းဖြစ်သွားတဲ့လူတွေ၊ နောက်တခါ တိုင်းရင်းသားပြည်သူတွေနဲ့ ပြည်မက နေတဲ့သူတွေဟာလည်း မြေမြှုပ်မိုင်းတွေကြောင့် နောက်ဆက်တွဲ မသန်စွမ်းဖြစ်သွားတဲ့လူတွေ ရှိတာပဲဆိုတော့ ကျမတို့ မသန်စွမ်းတွေမှာ လူမျိုးရေးတွေ၊ ပါတီစွဲတွေ၊ အဖွဲ့အစည်းစွဲတွေ  စသဖြင့် အဲ့လိုမျိုးတွေ မပါဘဲနဲ့ မသန်စွမ်းဖြစ်သွားတဲ့လူတွေရဲ့ ခံစားချက်တွေက တူညီကြတယ်ပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒီလိုလူမျိုးတွေ ပါ၀င်လာခြင်းဖြင့် ကျမတို့တွေ  Natural ကျတဲ့ ဘက်မလိုက်ဘဲနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ချက်တွေကို ပိုပြီးတော့ လုပ်ဆောင်လာနိုင်လိမ့်မယ်လို့ ပြီးတော့ ယုံကြည်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မသန်စွမ်းသူတွေလည်း ပိုပြီးတော့ အကျုံး၀င်ပါ၀င်လာဖို့အတွက်ကို မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အခုနိုင်ငံတော် အစိုးရအနေနဲ့လည်း လက်ရှိဦးဆောင်ပြီးသွားနေတဲ့နေရာမှာ၊ နိုင်ငံတော်အဆင့် အစည်းအဝေးတွေမှာ၊ တိုင်းနဲ့ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မသန်စွမ်းအဖွဲ့အစည်းက ကိုယ်စားလှယ်တွေကိုလည်း ထည့်သွင်းပါ၀င်အောင် လုပ်ဆောင်ပေးဖို့က အရေးကြီးတယ်လို့ ကျမ အနေနဲ့ ထင်မြင်မိပါတယ်။”

မေး ။ ။ မသန်စွမ်းဥပဒေ၊ နည်းဥပဒေနဲ့ မဟာဗျူဟာတွေအပေါ် ဘာထောက်ပြဖို့ရှိမလဲ။

ဖြေ ။ ။ “နိုင်ငံတော်အဆင့် Strategy plan တစ်ခုအနေနဲ့ မသန်စွမ်းတွေနဲ့ပတ်သက်ပြီး မဟာဗျူဟာလုပ်ငန်းစဉ်ဆိုတာကို ရေးဆွဲနေပြီဖြစ်ပါတယ်။ update လုပ်ပြီးရေးဆွဲနေတဲ့ ဒီ Strategy plan မှာဆိုလို့ရှိရင်လည်း နိုင်ငံတော်အစိုးရအနေနဲ့ ကတိက၀တ်ပြုထားတဲ့ ကုလသမဂ္ဂ မသန်စွမ်းသဘောတူညီမှုဆိုင်ရာစာချုပ်တွေအရ နိုင်ငံတော်ကနေပြီးတော့ သဘောတူထားတဲ့ ကတိက၀တ်စာချုပ်တွေနဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ရေးဆွဲနေတာတွေရှိပါတယ်။ အဓိက ပြောချင်တာက ဥပဒေထဲမှာဆိုလို့ရှိရင်လည်း တော်တော်များများပါပြီးပြီ။ ဒါပေမဲ့ အဓိက ကဘာလဲဆိုတော့ ဒါတွေကို အသက်၀င်လာအောင် မြေပြင်မှာ တကယ်ပဲ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်မှုတွေရှိလာအောင် ‌.ဥပဒေက ထိရောက်ဖို့အတွက် အများကြီးလိုပါသေးတယ်။ ဒီဟာတွေအများကြီး ဆက်ပြီးတော့ လုပ်ဖို့ရှိဦးမယ်”။

မေး ။ ။ မသန်စွမ်းသူတွေရဲ့ လူမှုဘ၀ တိုးတက်ဖို့ လွှတ်တော်နဲ့ အစိုးရကို ဘာတောင်း‌ဆိုမလဲ။

ဖြေ ။ ။ “ ကျမတို့ ပင်မကျောင်းမှာ မိဘရဲ့ပံ့ပိုးမှု၊ သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှုနဲ့အတူ တက်ခွင့်ရခဲ့တယ်။ ဆိုတဲ့အခါမှာ ကိုယ်ကိုယ်တိုင်သည် သန်စွမ်းသူတွေရဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အသားကျခဲ့တယ်ပေါ့နော်။ အသစ်ပြန်လည်ပြီးတော့ သင်ယူစရာ လုပ်ငန်းခွင်၀င်တဲ့အခါမှာ စိမ်းမနေတော့ဘူး၊ နောက်တစ်ခါ ကိုယ့်ပတ်၀န်းကျင်မှာရှိနေတဲ့ မသန်စွမ်းတဲ့ သူငယ်ချင်းတွေလည်းပဲ ကျမလို မသန်စွမ်းသူတစ်ယောက် တွေ့မယ်ဆိုရင် စိမ်းမနေတော့ဘူး။ မသန်စွမ်းသူတစ်ယောက်ဟာ သူတို့အတွက် လူထူးလူဆန်းမဟုတ်တော့ဘူး။ ဘယ်လို ဆက်ဆံရမယ်ဆိုတာ သိထားကြတယ်။ အဲဒီလိုပါပဲ ပညာရေးကျောင်းတွေမှာ ပေါင်းကူးအနေနဲ့ တံတားတစ်ခုလိုရှိနေရမယ်။ တကယ်တမ်းကတော့ ပင်မပညာရေးမှာ ရှိနေရမယ်ပေါ့။ ဒါအဓိက ပညာရေးပေါ့နော်”။

“နောက်တစ်ခုက အလုပ်အကိုင်အခွင့်အလမ်း ။ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းအားဖြင့် ၀န်ထုပ်၀န်ပိုးတွေကို လျှော့ချနိုင်မှာပါ။ မိသားစု ၀န်ထုပ်၀န်ပိုးတွေလည်း လျော့ကျမယ်။ ရပ်ရွာ၀န်ထုပ်၀န်ပိုးတွေကိုလည်း လျှော့ချနိုင်မှာဖြစ်သလို နိုင်ငံအဆင့်နဲ့ချီပြီးပြောမယ်ဆို နိုင်ငံရဲ့ ထုတ်ကုန်စွမ်းအား GDP တွေ မြင့်တက်လာဖို့အတွက် မြန်မာနိုင်ငံလူဦးရေရဲ့ ၆ သန်းခန့်ရှိတဲ့ လူအုပ်စုကြီးကို ဒီအတိုင်းပဲ အလုပ်လက်မဲ့ မှီခိုသူအုပ်စုကြီးနဲ့ပဲ ထားမလား၊ သို့မဟုတ်ဘဲနဲ့ ၀န်ထုပ်၀န်ပိုးတွေကို ထမ်းပြီးတော့ နိုင်ငံတော်သစ်ဆီ ချီတက်ကြမှာလား။ ဒါမှမဟုတ် အတူလက်တွဲပြီး အကုန်လုံး သန်စွမ်းသူတွေရော မသန်စွမ်းသူတွေရော တိုင်းရင်းသား လူနည်းစုတွေ အကုန်လုံး လက်တွဲပြီး အတူသွားကြတာက ခရီးရောက်မလားဆိုတာက စဉ်းစားရင် သိမှာပါ။ ဒါကြောင့်မို့လို့ တိုင်းပြည်ရဲ့ ထုတ်ကုန်စွမ်းအားတွေ မြင့်တက်လာဖို့ဆို အလုပ်အကိုင်အခွင့်အလမ်းတွေလည်း လိုတယ်။ မသန်စွမ်းတွေအတွက်လည်း အရေးကြီးသလို နိုင်ငံတော်အစိုးရအတွက်လည်း ထည့်သွင်းစဉ်းစားဖို့ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။”

မေး ။ ။ လွှတ်တော်နဲ့ ကဏ္ဍစုံမှာ မသန်စွမ်းသူ ပါ၀င်နိုင်ရေးအပေါ်အမြင်ပြောပေးပါ။

ဖြေ ။ “ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရွေးကောက်ပွဲစနစ်တွေမတူဘူး။ အနီးစပ်ဆုံး ထိုင်းကို လေ့လာကြည့်မယ်ဆိုရင် ထိုင်းမှာ မသန်စွမ်းတွေအတွက်ထိုင်ခုံနေရာ ခွဲတမ်းပေးတာ ရှိပါတယ်။ မသန်စွမ်းတွေက ရွေးချယ်စေလွှတ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ရှိတယ်။ မြန်မာနိုင်ငံမှာတော့ မသန်စွမ်းတွေအတွက် လွှတ်တော်ထဲမှာ ထိုင်ခုံ ဘယ်နှနေရာစာ ဆိုတာမျိုး ဥပဒေ သတ်မှတ်ပြဋ္ဌာန်းထားတာ မရှိသေးဘူး။ သို့သော်လည်း အရည်အချင်းရှိသူတွေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပိုင်ခွင့် ရှိစေရမယ်ဆိုတဲ့ဟာတော့ ပါတယ်ပေါ့။ အခုလက်ရှိမှာ ဆိုလို့ရှိရင် မသန်စွမ်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရတဲ့သူတွေ အနည်းငယ်တော့ ရှိတာပေါ့နော်။ အရေအတွက်အားဖြင့်တော့ အလွန်နည်းသေးတာပေါ့နော်။ ဒါကြောင့် အရေအတွက်အားဖြင့် နည်းသေးတယ်ဆိုတော့ ကဏ္ဍစုံမှာ မသန်စွမ်းသူတွေကိုယ်တိုင်ပါ၀င်ခြင်းအားဖြင့်တော့ ဆွေးနွေးတဲ့ နေရာတွေမှာ ၊ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ၊ နိုင်ငံတော်အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေလုပ်တဲ့အခါမှာ၊ Including ဆိုတဲ့အရာက မကျန်နေတော့ဘူးပေါ့။ တစ်ခါတလေ ဆွေးနွေးရင်းနဲ့မှ မသန်စွမ်းသူတွေအတွက် တမင်တကာ မလုပ်ပေးဘဲ ချန်ထားခဲ့တယ် ဆိုတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း ကိုယ်တိုင်ကမသန်စွမ်းမဟုတ်ဘူး၊ မသန်စွမ်းနဲ့ နီးနီးကပ်ကပ်ရှိမနေကြဘူး၊ ဝေးနေတဲ့သူတွေ များတဲ့အခါကျတော့ ဆွေးနွေးတဲ့အခါမှာ ကျန်နေခဲ့တာမျိုး၊ အမှတ်မထင်ဘဲ ဆွေးနွေးဖို့ ထည့်သွင်းစဉ်းစားဆောင်ရွက်ဖို့၊ ကျန်ခဲ့တဲ့ ဖြစ်ရပ်မျိုးအများကြီး တွေ့ရတယ်။ ဒါကြောင့် ဒီအကြောင်းအရာတွေ ဆွေးနွေးတင်ပြခြင်း ဖြစ်ပါတယ်။”

မေး ။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013