DVB Logo
Home
မြန်မာသတင်း
ကယားဝန်ကြီးချုပ် ဘယ်သူ့ကို ဖြစ်စေချင်သလဲ
DVB
·
January 19, 2021
ကယားဝန်ကြီးချုပ် ဘယ်သူ့ကို ဖြစ်စေချင်သလဲ
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲပြီးလို့ လာမယ့်အပတ်တွေမှာပဲ လွှတ်တော်အသစ်စပြီး အစိုးရသစ်ကို ရွေးချယ်တင်မြှောက်တော့မှာပါ။ 

အများပိုင်မြေနေရာကိစ္စနဲ့ စက်ယန္တရားကိစ္စတွေကြောင့် ဝန်ကြီးချုပ်ရာထူးကနေ ရပ်ဆိုင်းခံထားရတဲ့ ကယားပြည်နယ်မှာတော့ လာမယ့်အစိုးရသစ်မှာ ဝန်ကြီးချုပ်ကို ဘယ်လို လူမျိုးကို ဖြစ်စေချင်နေတာပါလဲ။ 

လယ်ယာမြေ အငြင်းပွားမှုနဲ့ တရွာလုံးနီးပါး တရားစွဲဆိုခံခဲ့ရတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာမှာ နေထိုင်တဲ့  ဦးပါစကားလယ်ကတော့ ပြည်နယ်ဝန်ကြီးချုပ်ကို တိုင်းရင်းသားထဲကသာ ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားတွေက အများကြီးတော့ မနိုင်ဘူးပေါ့နော်။ ဒါပေမဲ့ ဖြစ်စေချင်တာကတော့ ကိုယ့်တိုင်းရင်းသားပါတီကိုပဲ ကိုယ်ဖြစ်စေချင်တယ်။ တဘက်က ပြန်ကြည့်မယ်ဆိုလို့ရှိရင် ဒီအရေအတွက်နဲ့ ဝန်ကြီးချုပ်ဖြစ်နိုင်ဖို့ အများကြီး အခက်အခဲ ရှိသွားတယ်။ ရှိသွားတော့ ကျနော် ဘယ်လိုမြင်လဲဆိုရင် အားလုံးထဲမှာ နည်းနည်းပါးပါး မြင်ထားတာက အနိုင်ရရှိသွားတဲ့ အန်အယ်လ်ဒီထဲမှာဆိုရင် ဦးသက်နောင်ထွန်းလောက်ပဲ နည်းနည်းမြင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သက်နောင်ထွန်းက တချိန်တုန်းက နိုင်ငံရေးလှုပ်ရှားမှု အများကြီးရှိခဲ့တာတော့ ကျနော် ကြားတယ်။ သူ့ကိုတော့ ကျနော် ကောင်းကောင်းမမြင်ဖူးတာတော့ အမှန်ပဲ။ ဒါပေမဲ့ သူ့ရဲ့လှုပ်ရှားမှုကို ကျနော် ခဏခဏ ကြားဖူးတာတော့ ရှိတာပေါ့နော်။”

နယ်သာလန်သံရုံးက ပေးအပ်ချီးမြှင့်တဲ့ ၂၀၂၀ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ ကျူးလစ်ဆု ရရှိပြီး ကယားမြေယာအခွင့်အရေးလှုပ်ရှားနေတဲ့ Kayah Earthrights Action Network  (KEAN) အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး စောအယ်စေးကတော့ နိုင်ငံရဲ့ ရှိပြီးသားမူဘောင်တွေကို ကျော်လွန်ပြီး ကြည့်နိုင်တဲ့သူ ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

“ကျနော် ထင်တယ်။ အနိုင်ရပါတီကတော့ ဒီထဲက တယောက်ရွေးလိမ့်မယ်။ ဆိုတော့ ဒီလူကတော့ အမှန်တကယ် အခု ကျနော်တို့နိုင်ငံရဲ့ ရှိပြီးသားမူဘောင်တွေကို ကျော်လွန်ပြီးတော့ ကြည့်နိုင်တဲ့လူဖြစ်ဖို့တော့ လိုအပ်လိမ့်မယ်။ ဥပမာ ကျနော်တို့ မြေယာနဲ့ ကြည့်မယ်ဆိုရင် အခုလက်ရှိ အစိုးရက ပြဋ္ဌာန်းထားတဲ့ ဥပဒေအောက်ကနေ ၂၀၀၈ အောက်ကနေ ဆင်းလာတဲ့ ဥပဒေ၊ ၂၀၁၆ မှာ အမျိုးသားမြေအသုံးချမှုအောက်ကနေ ဆင်းလာတဲ့ ဥပဒေတွေကိုပဲ အခြေခံတဲ့ ဥပဒေတွေကိုပဲ စဉ်းစားမယ်၊ ဆုံးဖြတ်မယ်ဆိုရင်တော့ သေချာတယ်၊ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။ ဆိုတော့ အဲဒီလို လုပ်ခွင့်ရှိတဲ့သူက ဥပမာ ဝန်ကြီးချုပ်က သူအများကြီး ကြည့်မြင်ရမယ်။ လက်ရှိယန္တရားအောက်ကနေ သူ ဘယ်လိုလုပ်လို့ရမလဲဆိုတာ တခုရယ်၊ နောက်တခုကကျတော့ အခြားသောနည်း သူရှာဖို့လိုလိမ့်မယ်ပေါ့။ ဥပမာ ဒီဓလေ့ထုံးထမ်းတွေကို ကျနော်တို့ပြည်နယ်အဆင့် အသိအမှတ်ပြုဖို့အတွက် ဘယ်လိုလုပ်လို့ရမလဲဆိုတာ သူ စဉ်းစားဖို့ လိုအပ်လိမ့်မယ်။ ဒါပေမဲ့ အခြားတဘက်မှာတော့ အကန့်အသတ်တွေ အများကြီးရှိနေသေးတယ်။ ဘာလို့လဲဆိုတော့ ၂၀၀၈ အရ ကျနော်တို့ ဘာမှကျော်လို့မရဘူး။ ဆိုတော့ လွှတ်တော်ထဲမှာ သွားရင်လည်း သူတော့ ဘာမှအများကြီးလုပ်လို့ရမှာမဟုတ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ စိတ်ဆန္ဒကောင်း သဘောထားရိုးမှုတွေ၊ ပြီးတော့ အသိအမှတ်ပြုမှုတွေက သူ့ဆီမှာ အပြည့်အဝရှိဖို့ လိုအပ်တဲ့ လူတယောက်ဖြစ်ဖို့ လိုလိမ့်မယ်။”

ကေအန်ပီပီအဖွဲ့ရဲ့ ဖွံ့ဖြိုးရေး၊ လူမှုလုံခြုံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ ဒုတာဝန်ခံ ဦးထူးချစ်ကတော့ ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ သူကို ရွေးချယ်သင့်တယ်လို့ ပြောပါတယ်။  

“အဓိကကတော့ အခုလက်ရှိအစိုးရ အန်အယ်လ်ဒီအစိုးရပါပဲ။ အခုလက်ရှိ သူတို့နိုင်တယ်။ ငါတို့နိုင်တယ်၊ ငါတို့ ကြိုက်တဲ့လူပဲ ငါတို့ခန့်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ဆိုရင်တော့ ပြည်နယ်တွင်းမှာ ငြိမ်းချမ်းရေးရော၊ ဖွံ့ဖြိုးရေးတွေရော အများကြီး အဟန့်အတားဖြစ်မယ်လို့ ကျနော်တို့အနေနဲ့ မြင်တယ်။ အဓိကအားဖြင့် သူတို့ကတော့ သူတို့ပါတီရဲ့ရွေးချယ်မှုပဲ လက်ရှိနိုင်ထားတဲ့ ပြည်နယ် အမတ်ထဲက ဘယ်သူ့ကို ရွေးမလဲဆိုတာကတော့ ကျနော်တို့အနေနဲ့ သေချာမသိဘူး။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ပြည်နယ်တွင်းမှာ ငြိမ်းချမ်းရေးရစေချင်တာရယ်၊ ပြည်နယ်ကို ဖွံ့ဖြိုး တိုးတက်စေချင်တဲ့လူတွေပေါ့။ အဓိကကတော့ ကျနော်တို့မြင်တာက အန်အယ်လ်ဒီအစိုးရက ခန့်မယ့် ဝန်ကြီးချုပ်သည် ၁ တချက် ကျနော်တို့ရဲ့ ပြည်နယ်အတွင်းမှာရှိတဲ့ လူမျိုးစုပြဿနာတွေရယ်၊ ငြိမ်းချမ်းရေးအခြေအနေတွေကို ရှင်းရှင်းလင်းလင်းနဲ့ ဒီပြည်နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ သမိုင်းကြောင်းတွေလည်း သေချာရှင်းရှင်းလင်းလင်း သိရမယ်။ ပိုပြီးတော့ အရေးကြီးတာက ဒီဖွံ့ဖြိုးရေးကို စိတ်ဝင်စားတဲ့၊ တိုင်းရင်းသားလူငယ်တွေရဲ့ ဖွံ့ဖြိုးရေး ကျန်းမာရေးကို စိတ်ဝင်စားတဲ့ဝန်ကြီးချုပ်မျိုး ဖြစ်ရမယ်။ စိတ်ဝင်စားရုံ မရဘူး။ ကျွမ်းကျင်ပြီးတော့ တကယ့်စနစ်တကျ အကောင်အထည်ဖော်နိုင်တဲ့ ဝန်ကြီးချုပ်မျိုး ဖြစ်ရမယ်။”

၂၀၂၀ ရွေးကောက်ပွဲ ကယားပြည်နယ်မှာ မဲဆန္ဒနယ် ၃၄ နေရာထဲက အန်အယ်လ်ဒီပါတီက နေရာ ၂၀၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ၈ နေရာနဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၆ နေရာ အသီးသီးအနိုင်ရရှိထားပါတယ်။ 

ဒါ့အပြင် ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးထဲမှာ အန်အယ်လ်ဒီပါတီက ၉ ဦး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ၃ ဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၃ ဦး အသီးသီး အနိုင်ရရှိထားပါတယ်။ 

ဒါကြောင့် ပြည်နယ်လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၅ ဦး၊ ရွေးကောက်ခံ ကိုယ်စားလှယ်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ ဦး၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) က ၃ ဦးနဲ့ ကြံ့ခိုင်ရေးပါတီက  ၃ ဦး အသီးသီးရှိနေမှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီအနေနဲ့  ၂၀၂၀ ရွေးကောက်ပွဲမှာ အများစု အနိုင်ရရှိထားပြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌတွေကို စိတ်ကြိုက်တင်မြှောက်နိုင်တဲ့ အနေအထားရှိပေမယ့် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာတော့ နေရာပြည့် မရထားတဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ ရွေးချယ်မှာမှာ ကြန့်ကြာနိုင်မယ့် အနေအထား ဖြစ်နေပါတယ်။ 

လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို စတင်ခေါ်ယူထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013