DVB Logo
Home
Lead Story
ဆန္ဒနဲ့လောဘကို သာဓကပြုလေ့လာကြည့်ခြင်း
DVB
·
January 19, 2021
ဆန္ဒနဲ့လောဘကို သာဓကပြုလေ့လာကြည့်ခြင်း
Donate to DVB

အခုတလော “မဲစာရင်းစစ်ဆေးတွေ့ရှိချက်တို့၊ အရှုံးကိုလက်မခံနိုင်ဘူး” ဆိုတဲ့ သတင်းတွေ ဖတ်နေရတော့ စိတ်ထဲတမျိုးခံစားရတယ်။ ‘အရှုံးကို လက်မခံနိုင်ဘူး’ ဆိုတာက ကိုယ်ကျင့်တရားနဲ့ဆိုင်နေတော့ သိပ်မပြောချင်ဘူး။ သတ္တိဆိုတာ လုပ်ရဲကိုင်ရဲ သတ်ရဲမှ သတ္တိလို့ ထင်တတ်ကြတာကလား။ အမှားကိုဝန်မခံရဲခြင်းနဲ့ အရှုံးကိုလက်မခံရဲခြင်းတို့ကတော့ လူတွေအပေါ် အထက်စီးကဆက်ဆံလေ့ရှိတဲ့ နိုင်ထက်စီးနင်းလုပ်တတ်သူတွေမှာ တွေ့ရတတ်တဲ့ သူရဲဘောနည်းသူတို့ရဲ့ စရိုက် ဆိုးကြီးတခုပါ။

အတော်များများကတော့ ကိုယ့်နှလုံးသားကိုယ် ပြန်လည်သုံးသပ်တဲ့အမှုကို ပြုကြတာနည်းပါတယ်။ တခါတခါ ကိုယ့်လုပ်ရပ်ဟာ ‘ဆန္ဒ’ လား ‘လောဘ’ လား မခွဲခြားတတ်ကြဘူး။ ဆန္ဒလို့ ထင်မှတ်မှားပြီးလုပ်တာတွေက လော ဘဖြစ်နေတာကို မသိရှာပဲကိုး။ တချို့ကြတော့လည်း ဆန္ဒနဲ့လောဘကို ခွဲမသိဟန်ပါပဲ။ ဆန္ဒနဲ့လောဘရဲ့လက္ခဏာရပ်တွေကို ကွဲပြားစွာမသိတော့ လုပ်ရပ်တွေ လွဲမှားပြီးသွားတတ်ကြမြဲပါ။

   ‘ဆန္ဒ’ ဆိုတာ အလိုရှိအပ်တဲ့အရာကို ရအောင်ကျိုးကုတ်လုပ်ဆောင်တာကိုခေါ်တာ။ ‘လောဘ’ ကတော့ အရာဝတ္ထုတခုကို တမ်းတမ်းစွဲ တပ်မက်ပြီး မရအရလိုချင်နေမှုလို့ ဖွင့်ဆိုကြတယ်။ ဒါကြောင့်လည်း ဆန္ဒနဲ့ လောဘကို တူသလိုလိုထင်ကြပေတာကိုး။ ရှင်းလင်းအောင် သာဓကပြရရင်..

လူတိုင်းက မဲစာရင်းကို မှန်စေချင်တယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုမရှိစေချင်ကြဘူး။ အဲ့ဒါကဆန္ဒပါ။ မဲစာရင်းမှန်ဖို့ ဘယ်လိုလုပ်ဆောင်ရမလဲ။ မဲစာရင်းဟာ ဘယ်အပေါ်မှာ အခြေစိုက်ပြီးလုပ်ဆောင်ရသလဲ။ “မူလကောင်းမှ မိတ္တူကောင်း” ခြင်း သဘောရှိတာကြောင့် မဲစာရင်းအခြေစိုက်ရာ မူလပင်ရင်းကို မှန်အောင်ဘယ်လိုလုပ်မလဲ။ ဆိုတဲ့အချက်ပေါ်မှာ အားထုတ်ကြိုးပမ်းလုပ်ဆောင်တာကို ဆန္ဒလို့ခေါ်ပါတယ်။

‘လောဘ’ ကြတော့ အဲ့လိုမဟုတ်ဘူး။ ကိုယ်ရရှိခဲ့ဖူးတဲ့ ‘အာဏာ’ ကို တပ်တပ်မက်မက်၊ရူး ရူးမူးမူးစွဲလန်းပြီး မရမက ကုတ်ကပ်ဖက်တွယ်ဖို့ လုပ်ဆောင်တာမျိုးကို ‘လောဘ’ လို့ ခေါ်တာ။ ပြည်သူရွေးချယ်တင်မြှောက်မှ အာဏာရမှာဖြစ်လေတော့ ရွေးကောက်ပွဲမှာအရှုံးကို ရင်မဆိုင်ရဲတော့ဘဲ ပြည်သူရွေးချယ်မှုရဲ့ ရလဒ်ကို ငြင်းဆန်ပြီး မသမာတဲ့ နည်းနဲ့ အာဏာရအောင် လလုပ်သင့်တာမှန်သမျှ အကုန်ကျိုးကုတ်လုပ်ဆောင်တော့တာပဲ။ မမှန်တဲ့လုပ်ရပ်မှန်သမျှ အဆုံးစွန်ဆုံး လက်နက်နဲ့ ဗိုလ်ကျအာဏာသိမ်းတာမျိုးအထိ လုပ်ဖို့ ဝန်မလေးတတ်ဘူး။ အဲ့ဒါမျိုးကို လောဘလို့ ခေါ်တာ။ အာဏာလောဘပေါ့။ တပ်မက်စိတ်ကြီးပေတာကိုး။

ဒါကြောင့်လည်း အမေရိကန်လိုနိုင်ငံမျိုးမှာတော့ ‘ပါတီနှစ်ခုရဲ့ ကိစ္စမှာ ကာကွယ်ရေးအပိုင်းဖြစ်တဲ့ စစ်တပ်က ဝင်ရောက်မစွက်ဖို့’ သိက္ခာသမာဓိရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေက တားမြစ်ကြတာပေါ့။ ဒါက သိက္ခာသမာဓိရှိတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ တာဝန်သိစိတ်လို့ ခေါ်ရမယ်ထင်ပါတယ်။ လောဘနဲ့ဆန္ဒကို ခွဲသိနေတာလည်းဖြစ်နိုင်ပါတယ်။ ကိုယ့်အလုပ်ကိုယ့်တာဝန်မဟုတ်ပဲ ဝင်လုပ်ပြီး စွက်ဖက်နေတာကလည်း ‘လောဘမူစိတ်’တခု ဖြစ်နေတာကိုး။

ဗုဒ္ဓအဘိဓမ္မာမှာတော့ “လောဘသည် အမှန်တရားကို မသိမြင်ကြသော လူမိုက်တို့၌ အားကောင်း၏။ ပညာရှိ သူတော်ကောင်း၌မူ ‘လောဘသည် ‘ခေါင်းမဖော်နိုင်လောက်အောင်၊ တိမ်မြုပ်အားနည်’၏။ ‘ဆန္ဒ’သည်ကား ပညာရှိ သူတော်ကောင်းတို့၌ အလွန်အားကောင်း၏” လို့ ဆိုပါတယ်။

လောဘအလွန်အားကောင်းနေရင် စိတ်တည်ငြိမ်မှုမရနိုင်တော့ဘူး။ စိတ်တည်ငြိမ်မှု မရလာတာနဲ့အမျှ ပညာဉာဏ်ကင်းမဲ့လာတယ်။ ဆင်ခြင်ဉာဏ်မရှိတော့ အတွေးအကြံတွေ မှားလာတယ်။ အတွေးအကြံမှားတော့ လုပ်ရပ်မှားတာပဲပေါ့။ အလွဲလွဲအမှားမှား လုပ်ရပ်တွေ လုပ်လာတတ်တယ်။ ကောင်းကျိုးမရှိဘဲ အကျိုးမဲ့ရတတ်တယ်။ ဒါကြောင့်လောဘစိတ်ကြီးသူဟာ  အကောင်းဘက်မှာ အားနည်းသွားတာပါပဲ။ လောဘကြီးရင် အန္တရာယ်ကြီးတယ်လို့ ပညာရှိတွေက ဆိုခဲ့ကြတာပေါ့။

    ဆန္ဒကြတော့ ကြီးလေအားကောင်းလေ မှန်ကန်တဲ့အလုပ်ကို ပြီးမြောက်စေတယ်။ ကောင်းကျိုးများစွာ ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ပဌာန်းဒေသနာတော်ကြီးမှာ “ဆန္ဒ’ ကို အဓိပတိပစ္စည်းအဖြစ် ထည့်သွင်းသတ်မှတ်ခဲ့တာပေါ့။ ‘ဆန္ဒအဓိပတိ’ သာရှိတယ်။ ‘လောဘအဓိပတိ’ လို့မှ မရှိပဲလေ။ ဒါတွေက ဗုဒ္ဓတရားတော်အရ မှတ်သားမိသမျှလေးနဲ့ ဆန္ဒနဲ့လောဘကို သုံးသပ်ကြည့်တာပါ။

  လက်တွေ့သာဓကအရလည်း လက်ရှိကြုံတွေ့ဖြစ်ပေါ်နေတဲ့ အချင်းအရာတွေအပေါ်မှာ ငါမှာဖြစ်နေတာတွေဟာ  အကောင်းဘက်ကို ရှေးရှုတဲ့ ‘ဆန္ဒလား’ အကုသိုလ်စရိုက်လွှမ်းမိုးနေတဲ့ ‘အာဏာလောဘလား’ ဆိုတာ ခွဲခြမ်း စိတ်ဖြာကြည့်စေချင်တယ်။

မြန်မာပြည်သူအပေါင်းလည်း ဆန္ဒနဲ့အာဏာလောဘကို မခွဲခြားတတ်သော လူ့အန္ဓတို့၏ ဖျားယောင်းသွေး ဆောင် အမှောင်ချခံရခြင်းဘေးမှ ကင်းဝေးကြပါစေ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013