DVB Logo
Home
မေးမြန်းခန်း
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်ပတ်သက်ပြီး ဦးကိုနီကို မေးမြန်းချက်
DVB
·
September 18, 2013
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်ပတ်သက်ပြီး ဦးကိုနီကို မေးမြန်းချက်
1 / 2
Donate to DVB

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဟာ တခြားဥပဒေတွေနဲ့ မတူ  ထူးထူးခြားခြား သမ္မတက ကြေညာမှ အတည်ဖြစ်မယ်လို့ ပါရှိလာတဲ့အတွက် ဥပဒေအာဏတည်တဲ့နေ့ သမ္မတက လက်မှတ်ထိုးထုတ်ပြန်ပေးရတာလို့ တရားရုံးချုပ်ရှေနေ ဦးကိုနီက ပြောပါတယ်။

ဥပဒေအာဏာတည်ပြီဖြစ်လို့ ဥပဒေပါအတိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းဖို့ လုပ်ဆောင်ကြရတော့မှာလည်း ဖြစ်ပါတယ်။ ကော်မရှင်ကို သမ္မတနဲ့၊ လွှတ်တော် ၂ ရပ်က ဥက္ကဋ္ဌ ၂ ဦးတို့ ရွေးချယ်ပေးတဲ့ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ဒီကော်မရှင်ဟာ လွတ်လပ်ဖို့လိုတယ်လို့ ဦးကိုနီက ပြောပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေမှာ အခန်း ၁၁ ခန်းပါဝင်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းမှာ သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါတယ်။ အခု စက်တင်ဘာ ၁၇ ရက်နေ့ ရက်စွဲနဲ့ ဥပဒေအာဏာတည်တယ်လို့ သမ္မတကလက်မှတ်ထိုး ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဦးကိုနီကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို မနေ့ကစပြီး ကြေညာလိုက်ပါတယ်။ အဲလို ကြေညာတာ ဘယ်လို ထူးခြားချက်ရှိပါသလဲ။

“အဂတိလိုက်စားမှု တားမြစ်ရေး ဥပဒေကို ရေးတဲ့အချိန်မှာ သူတို့ တခုမှားပြီး ရေးမိတာလား၊ အမှတ်တမဲ့ ပို့ပြီး ရေးမိတာလားတော့ မသိဘူး။ အဲဒါက ဒီဥပဒေဟာ နိုင်ငံတော်သမ္မတက အတည်ဖြစ်ပြီလို့ လက်မှတ်ရေးထိုး ကြေညာတဲ့နေ့ကနေ စပြီးမှ အတည်ဖြစ်တယ်ဆိုတဲ့ဟာ ပင်ရင်းဥပဒေထဲမှာ ပါနေတယ်။ အဲလို ပါနေတဲ့အတွက်သမ္မတက ဒီဥပဒေဟာ ဘယ်နေ့ကစပြီး အသက်ဝင်ပါတယ်လို့ မကြေညာမချင်း အဲဒီဥပဒေက အသက်မရှိသေးဘူး၊ သုံးလို့မရသေးဘူး။ အဲဒါကြောင့် သမ္မတက နောက်ထပ်လက်မှတ်တခု ထိုးပြီးတော့မှ သူက ကြေညာပေးရတာပေါ့။ ဖြစ်တာက အဲဒါပဲ။ တခြားဘာအကြောင်းမှ မဟုတ်ဘူး၊ တခြားဥပဒေတွေမှာဆိုရင် များသောအားဖြင့် ဤဥပဒေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေလို့ ခေါ်ထွင်ရမည်။ ဤဥပဒေ ပြဋ္ဌာန်းသည့်နေ့မှ စ၍ အတည်ဖြစ်သည်။ ဥပဒေ အတည်ဖြစ်တဲ့နေ့ကို အခန်း ၁၊ ပုဒ်မ ၁ မှာ အမြဲတမ်း ရေးလေ့ရှိတယ်။ ဒါပေမယ့် အဲဒီဥပဒေမှာ သမ္မတက ကြေညာတဲ့နေမှစ၍ အတည်ဖြစ်မယ်လို့ ရေးလိုက်တော့ သမ္မတ မကြေညာရင် အတည်မဖြစ်တော့ဘူး။ အတည်မဖြစ်တာမဟုတ်ဘူး၊ အသက်မ၀င်တာပေါ့၊ သုံးလို့ မရသေးတာ။ အဲဒါကြောင့် သမ္မတက ဒါကို ပြဋ္ဌာန်းပေးလိုက်တာပါ။”

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေက အသက်ဝင်သွားပြီလို့ ကြေညာလိုက်တော့ သူ့ဥပဒေမှာက ကော်မရှင်တရပ်ဖွဲ့ရဦးမယ်။ အဲဒီကော်မရှင်မှာ သမ္မတက ၅ ဦး၊ လွှတ်တော် ဥက္ကဋ္ဌ ၂ ယောက်က ၅ ဦးနဲ့ အားလုံးပေါင်း ၁၅ ဦးနဲ့ ကော်မရှင်ဖွဲ့မယ်ဆိုတော့ အဲဒါနဲ့ ပတ်သက်လို့ ဘာဆွေးနွေးစရာရှိမလဲ။

“အဲဒါတွေကတော့ ထူးခြားတဲ့ ပုံစံတခုပေါ့ဗျာ။ အဂတိလိုက်စားမှု တားမြစ်ရေး၊ အဂတိလိုက်စားမှု ပပျောက်ရေးကိစ္စကို အကောင်အထည်ဖော်ဖို့ ထွင်တဲ့ နည်းလမ်းတွေပေါ့။ ဒီဟာတွေရဲ့ ကောင်းကျိုး ဆိုးပြစ်တွေက နောက်မှပဲ ပြောလို့ရမယ်။ လောလောဆယ်တော့ ကျနော်တို့ဆီမှာ သိပ်ပြီးအမြစ်တွယ်နေတဲ့၊ ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ အဂတိလိုက်စားမှု တားမြစ်ရေးကို ဒီလိုမျိုးလုပ်ရင်ရော နည်းနည်းများ သက်သာသွားမလား၊ လျော့နည်းသွားမလားတဲ့ အတွေးအမြင်၊ ယူဆချက်ပေါ်မှာ လုပ်တာပေါ့။ ဒါတွေကတော့ ထင်မြင်ချက်ပေးဖို့ စောသေးတယ်၊ နည်းနည်း စောင့်ကြည့်ရဦးမယ်။ ဘာမှမလုပ်ဘဲနေတာထက်စာရင် တမျိုးပြီးတမျိုး စမ်းသပ်ပြီး လုပ်ကြည့်ရတော့မှာပဲ။”

ဒီဥပဒေက ဒီဥပဒေမပြဋ္ဌာန်းခင်မှာ ရှိခဲ့တဲ့ အဂတိလိုက်စားတာတွေ တွေ့ရင်ရော အရေးယူလို့ ရပါသလား။

“ရပါတယ်။ ဒီဥပဒေရဲ့ ထူးခြားချက်က လူတဦးတယောက်ဟာ သူ့ရဲ့ ၀င်ငွေနဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုအဆင့်အတန်းကို လေ့လာတဲ့အခါမှာ သိပ်ကို မမျှမတကွာဟနေရင် သူ့ရဲ့ ၀င်ငွေတွေ၊ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ကျနော်တို့က စစ်ဆေးပြီး ဘယ်လိုရတယ်ဆိုတဲ့ မေးနိုင်တဲ့ အချက်ပါတယ်။ အဲဒါက တော်တော် ထူးထူးခြားခြား ကောင်းမွန်တဲ့အချက်ပဲ။ သာမန်အားဖြင့် အဂတိလိုက်စားမှု တားမြစ်ရေး ဥပဒေမှာ အဂတိလိုက်စားပါတယ်လို့ စွပ်စွဲတဲ့သူက သက်သေထူရတယ်။ သက်သေမထူနိုင်ရင် လွတ်တယ်။ ဒါပေမယ့် အခုရေးသားထားတဲ့ ပြဋ္ဌာန်းချက်ကလေးက တော်တော်ကို ကောင်းတာဗျ။ အဲဒါက ဘာလဲဆိုတော့ ဒီပစ္စည်းတွေ ခင်ဗျား ဘယ်လိုရသလဲ၊ ဘယ်ကပိုက်ဆံနဲ့ ပိုင်သလဲဆိုတာ ခင်ဗျားရှင်းဆိုပြီး စွပ်စွဲခံရတဲ့သူက ရှင်းရတော့မှာ။ မရှင်းနိုင်ရင်တော့ သေချာပြီ၊ ပြဿနာတက်ပြီပေါ့ဗျာ။ အခု သိပ်ချမ်းသာတဲ့သူတွေဆို မေးလို့ရပြီ။ ၀န်ထမ်းတွေဆို ခင်ဗျားတို့ရတဲ့လခနဲ့ ခင်ဗျားတို့ စီးနေတဲ့ ကား၊ နေတဲ့အိမ်နဲ့ ဒါတွေကတော့ ဒီဥပဒေရဲ့ ထူးခြားချက်ပဲ။”

ဆိုလိုချက်အရဆိုရင် ဥပဒေက ဒီလူ အဂတိလိုက်စားပါတယ်လို့ တိုင်မှ စွပ်စွဲအရေးယူလို့ ရတာမဟုတ်ဘူး၊ ဒီကော်မရှင်က မသင်္ကာရင် စစ်ပြီးတိုင်ရင် အရေးယူလို့ ရတယ်ပေါ့။

“ဟုတ်ပါတယ်။ ခေါ်စစ်ပြီး ပေါ်လာရင် အရေးယူလို့ရပါတယ်။”

ကော်မရှင်မှာပါတဲ့ ပုဂ္ဂိုလ် ၁၅ ဦးက အင်မတန်အရေးကြီးတဲ့အလုပ်ကို လုပ်ရတော့မှာပေါ့။

“သိပ်မှန်တာပေါ့။ ဒါကတော့ လုံးဝလွတ်လပ်တဲ့သူတွေ ဖြစ်သင့်တယ်။ ဥပဒေပညာရှင် အဟောင်းတွေ၊ ၀ါရင့်ဥပဒေပညာရှင် တရားသူကြီးတွေ၊ အကျင့်စာရိတ္တအလွန်ကောင်းပြီး ထင်ပေါ်ကျော်ကြားတဲ့သူတွေ ဖြစ်သင့်တယ်။ အဓိက လိုအပ်ချက်က လွတ်လပ်ဖို့ပဲ။ သူတို့ လုံးဝ လွတ်လွတ်လပ်လပ် စီမံဆောင်ရွက်နိုင်တဲ့ အခွင့်အာဏာ ရရှိဖို့ ပိုပြီး အဓိက ကျတယ်။ တကယ်လို့ ရွေးထားတဲ့သူတွေဟာ တယောက်ယောက်ကို ထောက်ထားနေရမယ်ဆိုရင် သိပ်ပြီးတော့ အလုပ်ဖြစ်မှာမဟုတ်ဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013