DVB Logo
Home
မြန်မာသတင်း
ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သူ ၅၀၀ စာရင်းတွင် ကမ္ဘောဇဘဏ်က ထိပ်ဆုံးရပ်တည်
DVB
·
September 18, 2013
ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သူ ၅၀၀ စာရင်းတွင် ကမ္ဘောဇဘဏ်က ထိပ်ဆုံးရပ်တည်
Donate to DVB

ပြည်တွင်းအခွန်ဦးစီးဌာနက ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံမှာ ၀င်ငွေခွန် အများဆုံး ထမ်းဆောင်တဲ့ ဦးရေ အယောက် ၅၀၀ စာရင်းကို ထုတ်ပြန်လိုက်တဲ့ထဲမှာ ကမ္ဘောဇဘဏ်က ၁၀ ဘီလီယံကျော်နဲ့ ၀င်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့တယ်လို့ ဘဏ္ဍာနဲ့အခွန် ၀န်ကြီးဌာနက ပြောပါတယ်။

ကမ္ဘောဇဘဏ်ဟာ ပြည်တွင်းမှာ အကြီးဆုံးဘဏ်တခုဖြစ်တာနဲ့အညီ သူ့ရဲ့ဘဏ် ခွဲတွေကလည်း အခြားဘဏ်လုပ်ငန်းတွေနဲ့ယှဉ်ရင် အများဆုံးရှိနေတာပါ။

ပီးတော့ ဘဏ်အနေနဲ့ကလည်း ၀င်ငွေရရှိမှုက ငွေလွဲလုပ်ငန်းနဲ့ ချေးငွေလုပ်ငန်းတွေဆီက ရတဲ့ဝင်ငွေက အသားတင်အမြတ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီဘဏ်က ပြီးခဲ့တဲ့ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ ၁၀ ဘီလီယံကျော် ရရှိခဲ့တဲ့အနက် အသားတင်အမြတ်အပေါ် ၀င်ငွေခွန် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့တာဖြစ်တယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဒီဗွီဘီကို ပြောပါတယ်

ပြည်တွင်းအခွန်ဦးစီးဌာနအနေနဲ့ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ၀င်ငွေခွန် စည်းကြပ်တဲ့နေရာမှာ ကုမ္ပဏီလုပ်ငန်းအမျိုးအစားဖြစ်ပါက အသားတင်အမြတ်အပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မည်ဖြစ်သော်လည်း တဦးချင်းပုဂ္ဂလိက ပိုင်လုပ်ငန်းအမျိုးအစား ဖြစ်ပါက ဇယားပါနှုန်းထားအရ အသားတင်အမြတ် ကျပ်သိန်း ၃၀၀ ကျော်ရင် ၃၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မှု ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်းအခွန်ဦးစီးဌာနက ပထမအကြိမ်အနေဖြင့် ပြီးခဲ့တဲ့ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အတွက် ၀င်ငွေခွန်အများဆုံး ထမ်းဆောင်သူဦးရေစာရင်းကို ထုတ်ပြန်ခဲ့ပါသေးတယ်။

အဲဒီချိန်တုန်းကတော့ အခွန်ထမ်းဆောင်သူဦးရေစာရင်းက အယောက် ၁၀၀ ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။အခု ၁ ကြိမ် အခွန်ထမ်းဆောင်သူ ဦးရေစာရင်း တိုးလာခြင်းက အခွန်စည်းကြပ်မှုအပါ် ပွင့်လင်းမြင်သာမှု ရှိစေတဲ့အပြင် နိုင်ငံတကာနဲ့ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ ဒါကအထောက်အကူ ဖြစ်စေတယ်လို့ ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကအခုလိုပြောပါတယ်။

“အခွန်ပေးဆောင်တဲ့ အများဆုံးကို အများနဲ့အနည်း တန်းစီပြီး ၅၀၀ စာရင်းကို ထုတ်ပြန်လိုက်တာပါ။ ဒီလိုထုတ်ပြန်လိုက်တော့ နည်းနည်း ပွင့်လင်းမြင်သာမှု ရှိလာတော့ နောက်ပိုင်းမှာ ကျန်တဲ့သူတွေကလည်း ဒီစာရင်းထဲမှာ ၀င်ပါချင်တယ်။ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ နောက်တခုက နိုင်ငံတကာနဲ့လည်း အများကြီး ဆက်သွယ်လာကြတယ်။ နိုင်ငံတကာကလည်း သူတို့နဲ့ ပေါင်းပြီး စီးပွားရေးလုပ်တော့မယ်ဆိုရင် သူတို့ရဲ့ အခွန်ဘယ်လောက်ဆောင်လဲ၊ ဂုဏ်သိက္ခာဘယ်လောက်ရှိလဲ၊ ဒါတွေကိုလည်း လေ့လာ လာတာပေါ့။ နိုင်ငံတကာနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်ချင်တဲ့အခါကျတော့ တချို့တွေက ပိုပြီးတော့ ကြိုးစားပြီး လိုက်နာမှုတွေ ရှိလာတာပေါ့။”

ဒါပေမယ့် အခွန်ထမ်းဆောင်သူဦးရေ အယောက် ၅၀၀ ရဲ့ အခွန်စည်းကြပ်မှု ပမာဏစုစုပေါင်းကိုတော့ ပြောဆိုမှုမရှိခဲ့ပါဘူး။ ဒါကတော့ တချို့ကိစ္စရပ်တွေမှာ customer ရဲ့လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးဖို့ လိုအပ်သလို ပွင့်လင်းမြင့်သာမှုရှိစေဖို့အတွက်လည်း လိုအပ်တာကြောင့် အခုလိုဆက်စပ်ပြီး လုပ်ဆောင်ရတာလို့ ညွန်ကြားရေးမှူးချုပ်က ဆက်လက်ပြောပါတယ်။

ပြည်တွင်းမှာ လက်ရှိ ပြဋ္ဌာန်းထားရှိတဲ့ အခွန်ဥပဒေကို ပြန်လည် စိစစ်သုံးသပ်သွားဖို့အတွက်လည်း နိုင်ငံတကာမှ ဘဏ္ဍာရေးဆိုင်ရာနယ်ပယ်တွေက ကျွမ်းကျင်သူတွေရဲ့ အကူအညီတွေနဲ့ လုပ်ဆောင်သွားဖို့ ရှိတဲ့အကြောင်း ဦးမင်းထွဋ်က အခုလို ပြောပါတယ်။

“လက်ရှိ အခွန်စနစ်ကြီးထဲမှာ ရှိနေတဲ့ ဥပဒေတွေကို ပြန်ပြီး ဆန်းစစ်မယ်။ တချို့ဟာတွေက နိုင်ငံတကာစံနှုန်းတွေနဲ့ မညီတာတွေရှိရင်လည်း ညီအောင် ကြိုးစားနေတယ်။ ဒါ့အပြင် နိုင်ငံတကာရဲ့ အကူအညီတွေနဲ့ အခွန်ဌာနကြီး တိုးတက်မှုရှိအောင် ကိုယ်တို့ ၀ိုင်းပြီးလုပ်နေကြတယ်။”

၂၀၁၂-၁၃ဘဏ္ဍာနှစ်အတွက် ၀င်ငွေခွန်အများဆုံးထမ်းဆောင်တဲ့လုပ်ငန်းရှင်ဦးရေ အယောက် ၅၀၀ စာရင်းထဲက ထိပ်ဆုံး ၁၀ ဦးစာရင်းကတော့ ကမ္ဘောဇဘဏ်လီမိတက်၊ Myanmar Brewery ကုမ္ပဏီလီမိတက်၊ Int’l Beverages Trading ကုမ္ပဏီလီမိတက်၊ Myanmar CP Livestock ကုမ္ပဏီလီမိတက်၊ ရွှေတောင် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်၊ သမ၀ါယဘဏ်လီမိတက်၊ မက်မြန်မာဆောက်လုပ်ရေးကုမ္ပဏီလီမိတက်၊ Dagon Beverages ကုမ္ပဏီလီမိတက်၊ ရွှေမဲကုမ္ပဏီလီမိတက်နဲ့ အေးရှားဝေါလ်ကုမ္ပဏီလီမိတက်တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013