DVB Logo
Home
အာရှဒေသ
ရေပြဿနာသောက၊ အာရှ အဖြေများ
DVB
·
September 18, 2013
ရေပြဿနာသောက၊ အာရှ အဖြေများ
Donate to DVB

ကမ္ဘာ့ရေသီတင်းပတ်ဟာ ကမ္ဘာရဲ့ ဦးဆောင်ရေပြဿနာဆိုင်ရာ နိုင်ငံတကာ စာတမ်း ဖတ်ပွဲ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၉၀ က ကိုယ်စားလှယ် ၃၀၀၀ ကျော် တက်ရောက် စုဝေးခဲ့ကြပြီး အစည်းအဝေးကြီးက ဒီနှစ်မှာ အထူးအဓိကထားတာကတော့ ပူးပေါင်းဆောင်ရွက်မှုပါ။

အာရှက မြစ်တွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ လူ့အဖွဲ့အစည်းတွေ၊ စီးပွာရေးလုပ်ငန်းတွေနဲ့ သဘာဝ ဂေဟစနစ်ကို သက်ရောက်မှုရှိနေတဲ့ အားနည်းချို့ယွင်းမှုတွေ ဖြစ်နေပါတယ်။

၁ နှစ်မှာ တကြိမ် ကမ္ဘာ့ရေကျွမ်းကျင်သူတွေဟာ ဆွီဒင်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးကြပါတယ်။ ဒီနှစ် ရေပြဿနာဆိုင်ရာ စာတမ်းဖတ်ပွဲက နှိုးဆွပေးတဲ့ ဆွေးနွေးပွဲတခု ဖြစ်ခဲ့ပါတယ်။

ကမ္ဘာကြီးရဲ့ ရေပြဿနာကို အဖြေရှာရာမှာ လူငယ်ပညာရှင်တွေက သူတို့ရဲ့အမြင်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး တချို့က ဖိတ်ခေါ်ဆွေးနွေးမှုမှာ မျိုးဆက်ဟောင်းကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

လူငယ် ပညာရှင်တဦးက “ကျနော်တို့က ကျနော်တို့ ခုလုပ်နေတဲ့အတိုင်း ဆက်လုပ်သွားကြမယ်ဆိုရင် ၂၀၅၀ ခုနှစ်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာအားလုံးဟာ ဆိုးဝါးသွားတော့မယ်ဆိုတာကို သိပါတယ်။ ကျနော်တို့အတွက် နောက်မျိုးဆက်အတွက် ခင်ဗျားတို့ထားခဲ့မယ့် ကမ္ဘာကြီးက ပျက်စီးနေတဲ့ ကမ္ဘာကြီးဖြစ်မယ်။ ဒါကို ကျနော်တို့ တိုးတက်ကောင်းမွန်လာအောင် အတူတူ လုပ်ကြရမယ်လေ” လို့ ပြောပါတယ်။

ကုလသမဂ္ဂက ၂၀၁၃ ခုနှစ်ကို  ရေပူးပေါင်းဆောင်ရွက်ရေးနှစ်အဖြစ် သတ်မှတ်ကြေညာပြီး နောက်ပိုင်းမှာ ညီလာခံကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ထောင့်တထောင့်မှာတော့ နိုင်ငံ ၂၉ နိုင်ငံက အထက်တန်းကျောင်းတွေက မျှော်လင့်ချက်အပြည့်နဲ့ သိပ္ပံကျောင်းသားလူငယ်တွေက သူတို့ လိုလားတောင့်တနေကြတဲ့ အငယ်တန်းရေဆုကို ယှဉ်ပြိုင်ရယူဖို့ ရောက်ရှိနေခဲ့ကြပါတယ်။

စက်မှုစွန့်ပစ်ပစ္စည်းတွေကြောင့် မြစ်တွေ အများကြီးညစ်ညမ်းနေပြီဖြစ်တဲ့ ထိုင်းနိုင်ငံ ကျေးရွာတရွာနေ မစ္စ သန်ဝရတ်က ”ထိုင်းနိုင်ငံ နေရာအများစုမှာ မြစ်တွေ ရှိပါတယ်။ လူတွေက မြစ်တွေနားမှာ နေထိုင်ကြ၊ မြစ်တွေထဲက ရေကို သုံးစွဲကြပါတယ်။ ဒီတော့ တကယ်လို့ မြစ်တွေမှာ ညစ်ညမ်း ဓာတ်သတ္တုပစ္စည်းတွေ ပါဝင်လာရင် လူတွေ ရောဂါရကုန်ကြတော့မှာပေါ့” လို့ ပြောပါတယ်။

သန်ဝရတ်နဲ့ သူရဲ့သူငယ်ချင်း ၂ ယောက်ဟာ စွန့်ပစ်ရေတွေကို သန့်စင်အောင် လုပ်ပေးတဲ့ တီထွင်မှုကြောင့် ထိုင်းအမျိုးသားပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က မဟီဒိုးလ်အမျိုးသားသိပ္ပံ အထက်တန်းကျောင်းကပါ။

သန်ဝရတ်က “ကျမတို့က ဇီဝရေစုပ်ပစ္စည်းရဲ့အစွမ်းကို တွေ့မြင်ရဖို့ ဓာတ်ခွဲခန်းကနေ စခဲ့ကြတာပါ။ ကက်ဒ်မီယမ်၊ အိုင်ယွန်း၊ ခဲနဲ့ ကြေးနီ အိုင်းယွန်တွေကို စုပ်ယူဖို့ပါ” လို့ ပြောပါတယ်။

ရေစုပ်စက်တခုက အလွှာပါးလေးတခုကို ဖြစ်စေပြီး စွန့်ပစ်ရေတွေကို တွန်းထုတ်ပေးနေတဲ့ အငယ်စားပုံစံလေးတခုကို သန်ဝရတ်က ညွှန်ပြပါတယ်။

သူတို့ ၃ ယောက်က သဘာဝ စုပ်ယူ ပစ္စည်းတွေကို သန့်စင်ပစ္စည်းအဖြစ် အသုံးပြုထားပါတယ်။
အဲဒါတွေက လွှစာမှုန်၊ အုန်းသီး အပေါ်ခွံအမျှင်တွေနဲ့ စပါးခွံလို အလွယ်တကူ ဈေးပေါပေါနဲ့ ရနိုင်တဲ့အရာတွေပါ။ ရလဒ်တွေကတော့ အံ့ဩစရာ ကောင်းပါတယ်။ သူတို့ရဲ့တီထွင်မှုက ဓာတ်သတ္တုတွေရဲ့ ၉၈ ရာခိုင်နှုန်းကို သန့်စင် ဖယ်ရှားပေးနိုင်ပါတယ်။

သီရိလင်္ကာက အမျိုးသားသိပ္ပံအသင်းရဲ့ အသင်းခေါင်းဆောင် ဘန်ဒူနီပရီမရာနေက လူငယ်တွေက ဘာဖြစ်လို့ အကောင်းဆုံးအဖြေတွေ ရလာတတ်တယ် ဆိုတာကို အခုလို ရှင်းပြပါတယ်။

“သူတို့က ရေကဏ္ဍမှာ အမြန်ဆုံး အဖြေရှာရမယ့်ကိစ္စတွေကို ဖြေရှင်းဖို့ စိတ်ဝင်စားစရာကောင်းတဲ့အဖြေတွေနဲ့ လာကြတာရှင့်။ ဘာလို့လဲဆိုတော့ သူတို့က ငွေရှာဖို့ ခေါင်းထဲမှာ မရှိကြဘူးလေ။”

ဆုပေးပွဲ အခမ်းအနားမှာတော့ ထိုင်းကျောင်းသားတွေ မျှော်လင့်ချက် ထားခဲ့ကြသေးပေမယ့် ၂၀၁၃ ခုနှစ်ရဲ့ အငယ်တန်းရေဆုကို ချီလီနိုင်ငံက ရရှိခဲ့ပါတယ်။

သန်ဝရတ်က “သူတို့ နိုင်ကောင်းမှ နိုင်မှာပါ။ ဒါပေမယ့် အားလုံး ရေသန့်စင်ရေးကို ကိုင်တွယ် ဆောင်ရွက်ကြတဲ့ တောင်ကိုရီးယား၊ စင်ကာပူနဲ့ ထိုင်းအသင်းတွေက အနာဂတ်မှာ အတူတူ ပေါင်းပြီး အလုပ်လုပ်ကြရင် ကောင်းမယ်လို့ သူတို့ဘာသာ သိလာနိုင်ပါတယ်။ အာရှ ကျောင်းသားလူငယ်တွေ အားလုံးမှာ ရှိနေတဲ့ တခုတည်းသော အရာကတော့ လူတွေကို ကူညီဖို့ပဲ ဖြစ်တယ်” လို့ ပြောပါတယ်။

“ညစ်ညမ်းဓာတ်သတ္ထုတွေနဲ့ ပတ်သက်တဲ့စီမံချက်တွေကို လူတွေအများကြီး လုပ်ခဲ့ကြ ပါတယ်၊ ဒါပေမယ့် ဓာတ်ခွဲခန်းထဲမှာပဲ လုပ်တာပါ။ ကျမတို့က လူတွေ သုံးဖို့ ကိရိယာပစ္စည်းတခု ဖန်တီးချင်ရတဲ့ အကြောင်းက အဲဒါပါပဲရှင်” လို့ သန်ဝရတ်က ပြောပါတယ်။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ရစ်က်ဝါဆာမန်က ဆွီဒင်နိုင်ငံကနေ သတင်းပေးပို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013