DVB Logo
Home
Lead Story
အပိုအလုပ်နဲ့ ကောက်ရိုးပုံရွှေ့ကြသူများ 
DVB
·
January 17, 2021
အပိုအလုပ်နဲ့ ကောက်ရိုးပုံရွှေ့ကြသူများ 
Donate to DVB

‘လောကကြီးမှာဗျာ’လို့ စုံကန်လို့ ဟစ်ကာပြောချင်တာတွေရှိရဲ့။ မဆိုင်တာ အပိုအလုပ်နဲ့ ဝတ္ထာရချဲ့သူကလည်း အများသား။ ‘ကျောင်းရှုပ်ပါတယ်ဆို မောင်ပဉ္စင်းက ကောက်ရိုးပွေ့လာ’တာကလည်း တမှောင့်။ ဒီကြားထဲ ‘တလိမ် နှစ်လိမ်မက ပွေလိမ်ရှုပ်နေတဲ့ ‘အမယ်ဘုတ်ရဲ့ချည်ခင်’ကလည်း အထွေးလိုက် ပါလိုက်သေးရဲ့။ သပွတ်အူရှာနေတုန်း ‘စတီးဖတ်’လို့ခေါ်တဲ့ ‘ဒန်စာ’က အသင့်ရှိနေသလိုမျိုးပါပဲ။ လက်သန်း ‘မင်စွန်း’ပြီးကာမှ ‘နေမလှန်းတဲ့၊ နတ်ပန်း’ ကိုပါ မင်တို့ထားတယ်လို့ ‘အိုးစွပ်မစား ခွက်စွပ်မစား’အစွပ်အစွဲခံလိုက်ရသေးရဲ့။ ‘အပို’လုပ်နေပုံများ ပြောပါတယ်။

အဲ့သလို ‘နဂို’အရှုပ်ထဲမှာ ‘အပို’အထုပ်တွေကိုပါ ဖြည်ချလိုက်တော့ ‘ဝဲခြောက်’ပေါက်သူကို ‘ယားနာ’နဲ့ပံ့ပိုးသလိုပါ့။ ခေးအော့(Chaos)ကာလဆိုးကြီးထဲမှာ (Big-Bang Theory)‘ မဟာဒိန်း သံပေါက်ကွဲမှုသီအိုရီ’ ပေါ်လာပုံမျိုး ပါပဲလား။ တချို့သက်သေပြချက် အထောက်အထားတွေကိုတော့လည်း ‘ကွတ်ခ်’(quark) အမှုန်လေးတွေကို သာမန်မျက်စိနဲ့ ရှာခိုင်းနေရသလိုပဲ။ တချို့ ပညာရှိဆိုသူတွေကလည်း ကွေဆာ(quasar)အကြောင်းပြောနေတာကို ဈေးထဲကနေ ‘ကွေကာ’ဝယ်ပြီး သက်သေပြမှားလို့ ‘ဂုဏ်သိက္ခာလျော်ကြေး’ အတောင်းခံရပုံမျိုးကလည်း ရှိသေးရဲ့။

အင်း ပြောလို့သာပြောရ။ ကိုယ်တိုင်က အပိုချဲ့နေသလိုများဖြစ်နေလား မသိ။ အခု အဲသလို မလိုအပ်ပဲ အပိုအလုပ်နဲ့ ဝတ္ထာရချဲ့တတ်ကြတာ အခုမှဟုတ်ပါဘူး ရှေးအခါတုန်းကလည်း ရှိခဲ့ဖူးတယ်။ ၁၂၄၉ ခုနှစ်လောကပေါ့။ သီပေါမင်း အဖမ်းခံရပြီး အင်္ဂလိပ်လက်အောက်ရောက်တာ ၂ နှစ်အကြာပေါ့။ မြန်မာနိုင်ငံကနေ သီဟိုဠ်ကိုကြွပြီး ဗုဒ္ဓဘာသာစာပေကို ၁၀ နှစ်ကြာအောင် သင်ကြားလေ့လာခဲ့တဲ့ ဆရာတော် ဦးဉာဏဝံသဆိုတဲ့ ဘုန်းကြီးတပါးရှိသတဲ့။

ဆရာတော်လည်း ပညာစုံပြီး ပြန်လာတာဆိုတော့ ကျမ်းဂန်တွေ ပြုစုတော့ သူ့ဒေသလေးမှာတော့ နာမည်ကြီးလာတယ်။ ဒါပေမဲ့ လယ်တီဆရာတော်ကြီးတို့၊ မန်လည်ဆရာတော်တို့လောက်တော့ နာမည်ကြီးဟန် မရှိသေးဘူး ထင်ပါရဲ့။ ဒီလိုနဲ့ ၁၂၆၃ ခုနှစ် ခရစ်သက္ကရာဇ် ၁၉၀၁ ခုနှစ်ပေါ့။ သီဟိုဠ်ပြန်ပီပီ ထူးထူးခြားခြားလေးဖြစ်ဖို့လိုတယ်ထင်ပါရဲ့။ အဲ့ဒီနှစ်ထဲမှာပဲ ဓနုဖြူက ဒါယကာဒါယိကာမတွေကို ‘ဗုဒ္ဓရှင်ရဲ့ မျက်နှာတော်မှာ မုတ်ဆိတ်မွေး၊ နှာခေါင်းမွေး၊ ပါးသိုင်းမွေးရှိကြောင်း။ ဒါကြောင့် ရုပ်တုတော်တွေမှာ မုတ်ဆိတ်မွေး၊ နှာခေါင်းမွေးတပ်ဖို့လိုကြောင်း ဟောကြားရုံမက ကျမ်းတစောင်ပေတဖွဲ့ ပြုစုသတဲ့။

အဲ့ဒီမှာတင် မြန်မာပြည်ဗုဒ္ဓဘာသာလောကမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့တာပေါ့။ ဦးဉာဏဝံသဟာ အခုမှ တပြည်လုံးသိ သီဟိုဠ်ပြန်ဆရာတော်ဖြစ်သွားသတဲ့။ ဖြစ်သွားရုံမက သူ့အယူအဆကို ပြန်လှန်ချေပတဲ့ ကျမ်းစာတွေလည်း အများကြီးထွက်ပေါ်လာတယ်။ နောက်ဆုံး အဆုံးအဖြတ်ပေးဖို့ လယ်တီဆရာတော်နဲ့ မန်လည်ဆရာတော်ဆီရောက်လာတော့တာပေါ့။

လယ်တီဆရာတော်ကြီးကတော့ “တို့ဘုရားရှင်ကတော့ ဘယ်လိုကြည်ညိုကြည်ညို အကြည်ညိုခံပါတယ်။ မောင်ဉာဏဝံသက မုတ်ဆိတ်ကျင်စွယ်နဲ့မှ ကြည်ညိုချင်ရင်လည်း အကြည်ညိုခံမှာပါ။”လို့မိန့်သတဲ့။ 

မန်လည်ဆရာတော်ကြီးကတော့ “ဒီကိစ္စဟာ အပိုအလုပ်ဖြစ်တယ်။ အရေးမကြီး။ ဗုဒ္ဓတရားတော်သည်သာအရေးကြီးတယ်။ ဦးဉာဏဝံသရဲ့ မုတ်ဆိတ်မွေး၊ နုတ်ခမ်းမွေးကိစ္စဟာ အပိုအလုပ်သာဖြစ်တယ်”ဆိုပြီး

“လုပ်ငန်းရယ်ပို 

နှုတ်ခမ်း သူကြည်ညိုတဲ့ 

သီဟိုဠ်ပြန်ဘုန်း။ 

စဉ်ရှေး..ဟို 

ဖင်မွေးကို ဘယ်လိုဆိုပ၊

 သီဟိုဠ်ပြန် ဆရာဉာဏ်ရဲ့ 

အပါဒါန် ရွှေစာတမ်းကို

ကျမ်းပြပါဦး” လို့ 

ကဗျာရေးပြီး အဆုံးအဖြတ် ခပ်ကြမ်းကြမ်းလေး ပေးလိုက်သတဲ့။

ကဲ... ကိုယ့်အလုပ်၊ ကိုယ့်တာဝန်မဟုတ်ပဲ ‘ဖင်မွေးတော်ကို တန်ဆာဆင်ခြယ်သခြင်း စစ်ဆေးခြင်း အပိုအလုပ် ဘေးမှ’  မြန်မာပြည်သူ အပေါင်းကင်းဝေးကြပါစေ။

ဂန္ထဝင်မောင်ထူး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013