DVB Logo
Home
မြန်မာသတင်း
အစိုးရအဖွဲ့တွင် ကမ်းလှမ်းခံရပါက မွန်ညီညွတ်ရေးပါတီ ဆုံးဖြတ်ချက် ရွေးကောက်ခံကိုယ်စားလှယ်များ လိုက်နာမည်
DVB
·
January 17, 2021
အစိုးရအဖွဲ့တွင် ကမ်းလှမ်းခံရပါက မွန်ညီညွတ်ရေးပါတီ ဆုံးဖြတ်ချက် ရွေးကောက်ခံကိုယ်စားလှယ်များ လိုက်နာမည်
Donate to DVB

အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခံရပါက ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့နဲ့ အဆိုမေးခွန်း တင်သွင်းမေးမြန်းရာမှာလည်း ပါတီနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ မွန်ညီညွတ်ရေးပါတီက ရွေးကောက်ခံကိုယ်စားလှယ်တွေ ကတိပြုခဲ့ကြပါတယ်။

အခု ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၂ နေရာ အနိုင်ရရှိခဲ့တာပါ။ 

အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၂ ဦးဟာ လာမယ့် ၅ နှစ်အတွင်း လိုက်နာဆောင်ရမယ့် အချက် ၉ ချက်ကို ဇန်နဝါရီ ၁၆ ရက်နေ့က ပါတီဗဟိုမှာ လက်မှတ်ထိုး ကတိပြုခဲ့ကြပါတယ်။

အဲလို ကတိပြုရာမှာတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခံရပါက ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့နဲ့ အဆိုမေးခွန်း တင်သွင်းမေးမြန်းရာမှာလည်း ပါတီနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ ပါဝင်တယ်လို့ မွန်ညီညွတ်ရေးပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် နိုင်လယိတမက ပြောပါတယ်။

ရွေးကောက်ခံ ကိုယ်စားလှယ်တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သက်ဆိုင်ရာမြို့နယ်ပါတီ ကော်မတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အပြင် ပါတီရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ကြရာမှာ ဖြစ်ပါတယ်။

ဒါအပြင် ကိုယ်စားလှယ်တွေအနေနဲ့ ပါတီရဲ့ ဂုဏ်သိက္ခာ မကျဆင်းရေးနဲ့ အချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ကတိပြုထားတယ်လို့ မွန်ညီညွတ်ရေးပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် ဦးမင်းအောင်ထူးက ပြောပါတယ်။

ဒါ့အပြင် အစိုးရကို ထိန်းကျောင်းတဲ့နေရာမှာ ပြည်ထောင်စုလွှတ်တော်မှာတော့ မဟာမိတ်ပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိနေပြီး မွန်ပြည်နယ်လွှတ်တော်မှာတော့ အနိုင်ရပါတီအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ မွန်ညီညွတ်ရေးပါတီ ရှိနေတဲ့အတွက် အစိုးရကို အကောင်ဆုံး ထိန်းကျောင်းသွားမယ်လို့ မွန်ညီညွတ်ရေးပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ အခုရွေးကောက်ပွဲမှာတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနဲ့ မွန်ပါတီ ထူထောင်လိုသူ အစုအဖွဲ့ ၃ ခု ပေါင်းစည်းပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာမှ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ အခု ရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၁ နေရာ ကရင်ပြည်နယ်မှာ လွှတ်တော် ကိုယ်စားလှယ် ၁ နေရာ၊ စုစုပေါင်း ၁၂ နေရာ အနိုင်ရရှိထားတာပါ။

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013