
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံကျေးရွာက စာသင်ကျောင်းကို စစ်တပ်က ဧပြီ ၂၃ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား၊ ကျောင်းသူ ၁၀ ယောက်နဲ့ ဆရာမတယောက် စုစုပေါင်း ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံရွာသားတယောက်က ဒရုန်းယာဉ် ၃ စီးနဲ့ ဗုံးလာကြဲသွားတာဗျ။ ကြဲချတာက စာသင်ကျောင်းကို ကြဲချသွားတာ။ အဲလိုကြဲချလို့ ကျောင်းသား ၃ ဦး၊ ကျောင်းသူ ၇ ဦးနဲ့ ဆရာမတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်ဗျ။ အဲဒီ ၁၁ ဦးထဲက ၃ ဦးကတော့ ဒဏ်ရာပြင်းထန်ရပြီး အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်”လို့ ပြောပါတယ်။
စစ်တပ်က ဒရုန်း ၃ စီးနဲ့ တိုက်ခိုက်တဲ့ မုဆိုးခြုံစာသင်ကျောင်းမှာ လက်နက်ကိုင်အဖွဲ့အစည်း မရှိသလို အနီးဝန်းကျင်မှာလည်း တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ အကြောင်းမဲ့သက်သက် ဗုံးကြဲ တိုက်ခိုက်သွားတာလို့လည်း သိရပါတယ်။
ရွှေဘို ပြည်သူ့ကာကွယ်ရေး ထောက်ပို့တယောက်က “အဲဒီကျောင်းက ကလေးတွေ စာသင်နေတာပဲ ရှိတာ။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိဘူး။ တခုပြောစရာရှိတာက NUG အစိုးရရဲ့ လက်အောက်ခံ စာသင်ကျောင်းတော့ ဟုတ်တယ်။ ကလေးတွေ စာသင်တာဟာ ရာဇဝတ်မှု မြောက်သလား။ သူတို့ စစ်တပ်လို ကိုယ်နဲ့မတူရင် ရန်သူလို့ သတ်မှတ်ကြေးဆိုရင် ကျနော်တို့ စိုးမိုးနယ်မှာ သူတို့ရဲ့စာသင်ကျောင်းမှာ စာသွားသင်တဲ့ ကျောင်းသူကျောင်းသားတွေ ရှိသလို Non-CDM ဝန်ထမ်း ဆရာ၊ ဆရာမနဲ့ တခြားဝန်ထမ်းတွေလည်း ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ သူတို့လို မရက်စက်နိုင်ဘူး။ ဒီအတိုင်းပဲ ကြည့်နေတာပဲ။ စာသင်တဲ့ အပြစ်မဲ့ ကလေးတွေနဲ့ စာသင်ကျောင်းတွေကိုတော့ အကြောင်းမဲ့ မတိုက်ခိုက်စေချင်ဘူး” လို့ ပြောပါတယ်။
မုဆိုးခြုံစာသင်ကျောင်းကို စစ်တပ်က ရွှေဘိုမြို့အခြေစိုက် ခလရ ၄၂ တပ်ရင်းက ဒရုန်း ၃ စီးနဲ့ ၃ ကြိမ်တိုင်တိုင် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်သွားပါတယ်။










