DVB Logo
Home
မြန်မာသတင်း
ကျေးလက်တွင် နေစွမ်းအင်ဖြင့် မီးလင်းရေး မြန်မာအမျိုးသမီးများ ဆောင်ရွက်မည်
DVB
·
September 17, 2013
ကျေးလက်တွင် နေစွမ်းအင်ဖြင့် မီးလင်းရေး မြန်မာအမျိုးသမီးများ ဆောင်ရွက်မည်
Donate to DVB

မြန်မာနိုင်ငံ ကျေးလက်ဒေသတွေမှာ နေစွမ်းအင်သုံး ဆိုလာနဲ့ လျှပ်စစ်မီးရရှိရေးအတွက် အမျိုးသမီး ၆ ဦး စီစဉ်နေကြပါတယ်။

အိန္ဒိယနိုင်ငံ ဘဲရ်ဖု (Barefoot) ကောလိပ်မှာ ဆိုလာမီးလင်း နည်းပညာသင်ကြားလာခဲ့တဲ့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်က အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၆ ဦးဟာ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီး  သူတို့နေထိုင်တဲ့ဒေသက အိမ်ထောင်စု ၂၃၀ ကျော်ကို မီးအလင်းရောင်ရရှိဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီအမျိုးသမီးတွေဟာ ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ စက်တင်ဘာ ၁၆ ရက်နေ့ ညနေက မီဒီယာတွေနဲ့ တွေ့ဆုံ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အလားတူ အိန္ဒိယက ပြန်လာတဲ့အမျိုးသမီးတွေထဲက တဦးဖြစ်တဲ့  ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်က ဒေါ်လှငွေကလည်း သူရဲ့နေရပ်မှာ ပြန်ပြီး  ဆောင်ရွက်မယ့် ဆိုလာမီးလင်းရေးအစီအစဉ်တွေနဲ့ ပတ်သက်ပြီး အခု လိုပြောပါတယ်။

“သူတို့က လှူတယ်။ နောက်ပိုင်း ယိုယွင်းပျက်စီးရင် ကိုယ့်ဟာကိုယ် ထုတ်ပြီး သုံးနိုင်အောင် တလမှာ တအိမ်ကို ၂၀၀၀ စီပေးနိုင်မလားတဲ့။ သူတို့ လာခေါ်ကတည်းက ပြောတယ်။ ပျက်လို့ ပြန်ပြင် ရအောင်၊ ကျမတို့ကိုလည်း ဆိုလာ ပျက်လို့ရှိရင် ပြန်ပြင်ရအောင် ကိုယ့်ဟာကိုယ် နည်းနည်းပါးပါး ပြင်တတ်အောင် အဲဒါကြောင့် ခေါ်တာပါတဲ့။ ဖြစ်နိုင်မယ် မဖြစ်နိုင်ဘူးဆိုတာ ရွာကျောင်းမှာ ညှိနှိုင်းပြီးတော့ သူတို့လည်း သဘောပေါက်အောင် ရှင်းပြမှာပေါ့။”

ဒီအမျိုးသမီးတွေတက်ရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံ ရာဂျာစတန်ပြည်နယ် တီလိုနီယာမြို့မှာ ဖွင့်လှစ်ထားတဲ့ ဘဲဖုကောလိပ်ဟာ ၀င်ငွေ တနေ့ အမေရိကန် ၁ ဒေါ်လာအောက် လျော့နည်းတဲ့ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်တွေက အိမ်ရှင်မတွေ၊ အမျိုးသမီးကြီးတွေကို ခေါ်ယူပြီး  ဆိုလာစွမ်းအင် နည်းပညာတွေ  သင်ကြားပေးနေတာ ဖြစ်ပါတယ်။

သင်တန်းစပေးတဲ့  ၂၀၀၅ ခုနှစ်ကတည်းက အိန္ဒိယတ၀ှမ်း ဝေးလံခေါင်ဖျားတဲ့ကျေးရွာတွေ အိမ်ခြေပေါင်း ၁၃၀၀၀ ကျော်နဲ့ အာရှနဲ့ အာဖရိကဒေသကနိုင်ငံပေါင်း ၂၄ နိုင်ငံမှာ ရှိတဲ့ကျေးရွာတွေက  နေအိမ်ပေါင်း ၆၀၀၀ ကျော်  မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေ၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးဦးအောင်မြတ်ဦးကတော့  တနိုင်ငံလုံးမီးလင်းဖို့ လောလောဆယ် ဆိုလာစွမ်းအင်က  အသင့်တော်ဆုံးဖြစ်တဲ့အကြောင်းနဲ့ ဆိုလာစွမ်းအင်ရဲ့ အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး  ခုလိုပြောပါတယ်။

“ဲဆိုလာနဲ့တော့ တနိုင်ငံလုံး မီးလင်းသွားမယ်။ အသေးစားစက်မှုလုပ်ငန်းတို့၊ ဒေသအလိုက်မှာ စက်ရုံကြီးတွေ လုပ်ဖို့ကတော့ နည်းပညာအားကောင်းတဲ့ဟာ ကျနော်တို့ သုံးရမယ်၊ ရေရှည် အစီအစဉ်နဲ့ ကျနော်တို့ သွားရမယ်။ အိမ်တိုင်းအိမ်တိုင်း မီးလင်းမယ်၊ ဗဟုသုတရမယ်၊ အဲဒီအတွက်ကတော့ ဆိုလာက လောလောဆယ် အသင့်တော်ဆုံးဖြစ်ပါတယ်။ အိမ်တအိမ်ကို ၂ သိန်းလောက်ဆို မီးလင်းသွားမယ်။”

မြန်မာနိုင်ငံတ၀န်း ကျေးရွာနဲ့ ရပ်ကွက်တွေအထိ လျှပ်စစ်မီးရရှိရေး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အဖြစ် သက်ဆိုင်ရာဝန်ကြီးဌာန၊ အိန္ဒိယသံရုံးနဲ့ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ခုလို မြန်မာအမျိုးသမီး ၆ ဦးကို ဆိုလာမီးလင်းပညာသင်ဖို့ ပထမဆုံးအကြိမ် အိန္ဒိယနိုင်ငံကို  စေလွှတ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013