DVB Logo
Home
မြန်မာသတင်း
SNLD အပါအဝင် တိုင်းရင်းသားပါတီ ၄ ပါတီနှင့် အန်အယ်လ်ဒီ သီးခြားစီတွေ့ဆုံ  
DVB
·
January 15, 2021
SNLD အပါအဝင် တိုင်းရင်းသားပါတီ ၄ ပါတီနှင့် အန်အယ်လ်ဒီ သီးခြားစီတွေ့ဆုံ  
1 / 2
Donate to DVB

အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊  ‘ဝ’ အမျိုးသားပါတီတို့နဲ့ ဇန်နဝါရီ ၁၅ ရက် ဒီကနေ့ တောင်ကြီးမြို့ရှိ အန်အယ်လ်ဒီရုံးမှာ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

ရှမ်းပြည်နယ်ခရီးစဉ်မှာ တိုင်းရင်းသားပါတီတွေအားလုံးနဲ့ အဆင်ပြေအောင်မြင်စွာနဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ တယ်လို့ အန်အယ်လ်ဒီပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးအင်ထုံးခါးနော်ဆန်က ပြောပါတယ်။

“ရှမ်းပြည်နယ်မှာတော့ တိုင်းရင်းသားပါတီတွေတော်တော်များပါတယ်။  တိုင်းရင်းသားပါတီတွေနဲ့ ကျနော်တို့ တွေ့ဆုံတဲ့အချိန်မှာ သူတို့ရဲ့ သဘောထားကို ကြည့်တဲ့အချိန်မှာ အင်မတန်ကောင်းမွန်တယ်။ ဒါကျနော့်တစ်ဦးတည်းအမြင်နော်၊ ဘယ်အပေါ်မှာ အခြေခံလဲဆိုရင် ကျနော်တို့နိုင်ငံ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ကျနော်တို့အခုလုပ်ဆောင်နေတာ အဲဒီအပေါ်မှာ သူတို့ အကုန်လုံးက သဘောတူတယ်။ လက်တွဲမယ်။ ဆောင်ရွက်မယ်။ အန်အယ်လ်ဒီပါတီနဲ့လက်တွဲပြီး ဆောင်ရွက်မယ်လို့ သူတို့ပြောကြတယ်။ အဓိကတော့ ပါတီကြီးဖြစ်တဲ့ SNLD နဲ့တွေ့ဆုံတဲ့အချိန်မှာ သူတို့ပြောကြားချက်တွေ အင်မတန်ကောင်းမွန်တယ်။ ပြည်ထောင်စုကို ဖက်ဒရယ်နဲ့သွားဖို့ အင်မတန်လိုအပ်တယ်။ ခင်ဗျားတို့ အန်အယ်လ်ဒီ ဦးဆောင်နေတာကို သူတို့ကလည်း လက်တွဲမယ်။ လူအပ်တဲ့ဟာကို ဝိုင်းဝန်းကူညီပေးမယ်ဆိုတဲ့စကား သံတွေကြားရတယ်။  ဒါ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အင်မတန် အခြေခံကျတဲ့ခံယူချက်ဖြစ်တယ်။ အဲဒါကြောင့်  ကျနော်တို့ရဲ့ စီအီးစီရဲ့ညွှန်ကြားချက်အရဆောင်ရွက်ချက်တွေအရ အခုဒီမှာ ရှမ်းပြည်နယ်မှာ ရောက်တဲ့အချိန်မှာ အင်မတန်အောင်မြင်တယ်လို့ ကျနော်ကတော့ သုံးသပ်ပြောလိုပါတယ်။”

ဒေါက်တာအောင်မိုးညိုခေါင်းဆောင်တဲ့ အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့နဲ့  SNLD ပါတီ ထပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ စိုင်းကျော်ညွန့်နဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ စိုင်းဆာမ် တို့ ၃ ဦး ဒီကနေ့ မနက် ၁၀ နာရီက အန်အယ်လ်ဒီရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

SNLDနဲ့ အန်အယ်လ်ဒီဟာ  အရင်ကတည်းက အတူတူအလုပ်လုပ်ခဲ့တဲ့ အဖွဲ့တွေဖြစ်တာကြောင့် အမျိုးသားညီညွတ်ရေးကိစ္စတွေ၊ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ ကိစ္စတွေ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ SNLDတွဲဖက် အထွေထွေအတွင်းရေးမှူး ၁  ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

“အမျိုးသားညီညွတ်ရေးကိစ္စတွေ ငြိမ်းချမ်းရေးမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲကိစ္စတွေ၊ နောက်ပြီး ကျနော်တို့ SNLD ရဲ့ ပါတီမူဝါဒပေါ့ဗျာ။ ဒီပြည်ထောင်စုကြီးကို ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ ပြည်ထောင်စု Vision ပေါ့ဗျာ။ ပြည်ထောင်စုရဲ့ အိပ်မက်ခေါ်မလား ပြည်ထောင်စုရဲ့ မျှော်မှန်းချက်ခေါ်မလား ဒီလိုမျိုး ပြည်ထောင်စုတော့ ဖြစ်ချင်ပါတယ်ပေါ့။ ဒီလိုဖြစ်သင့်ပါတယ်ပေါ့။ ဒီလိုပြည်ထောင်စုကိုသွားတဲ့ အချိန်ကျရင်တော့ စံတန်ဖိုးတွေအနေနဲ့ဆိုရင် အမျိုးသားတန်းတူရေးတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ နောက်ပြီးတော့ စုံလင်ကွဲပြားမှုပေါ့ Diversity၊ စုံလင်ကွဲပြားမှုတွေ၊ စုပေါင်းခေါင်းဆောင်မှုတွေ၊ လူနည်းစုကို ကာကွယ်ခြင်းဆိုတဲ့ ကျနော်တို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကိုင်စွဲတဲ့ စံတန်ဖိုးတွေကို ဆွေးနွေးကြတယ်။ တင်ပြတယ်၊ ဒီလိုစံတန်ဖိုးတွေနဲ့ ကျနော်တို့ ဒီလိုဒီလို တည်ဆောက်ကြရအောင်၊ ကျနော်တို့ မူဝါဒ အကျဉ်းချုပ်တော့ ရှင်းပြတယ်။ အခုန ကျနော်ပြောတဲ့ အတူတူပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စတွေလည်း ဆွေးနွေးခဲ့တာရှိပါတယ်။”

ဒါ့အပြင် နေရာပြဿနာကြောင့် တွေ့ဆုံဆွေးနွေးဖို့ မပြေလည်ခဲ့တဲ့ မွန်ပြည်နယ်နဲ့   ကယားပြည်နည်က တိုင်းရင်းသားပါတီတွေနဲ့ အန်အယ်လ်ဒီတို့အကြား ပြန်ပြီး တွေ့ဆုံနိုင်ဖို့  SNLD အနေနဲ့ အတတ်နိုင်ဆုံး ကူညီပေးဖို့ ကြိုးစားသွားမယ်လို့လည်း ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့  ဦးအင်ထုံးခါးနော်ဆန်တို့ ၃ ဦးပါ အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကို  ဇန်နဝါရီ ၁၃ ရက်နေ့က  ရောက်ရှိလာတာဖြစ်ပြီး ဒီခရီးစဉ်အတွင်း တိုင်းရင်းသားပါတီ ၇ ပါတီအပြင်  တသီးပုဂ္ဂလတစ်ဦးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သတင်း- ခွန်ရာဇာ

ဓာတ်ပုံ- NLD SHAN STATE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013