DVB Logo
Home
မြန်မာသတင်း
မိုးသည်းထန်မှုကြောင့် မြို့နယ်အတော်များများ ရေကြီး
DVB
·
September 17, 2013
မိုးသည်းထန်မှုကြောင့် မြို့နယ်အတော်များများ ရေကြီး
Donate to DVB

အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီ၊ ဒုဋ္ဌ၀တီနဲ့ မြစ်ရေတက်မှုတွေကြောင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးက မြို့နယ်အတော်များများမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး အခက်အခဲ ကြုံနေကြရပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မြောက်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ န၀င်းကွက်သစ်ဘက်မှာလည်း န၀င်းကွက်သစ် ၁၁ လမ်းကနေ ၁၄ လမ်းအတွင်းက နေအိမ်တွေ စက်တင်ဘာလ ၁၅ ရက်နေ့ကတည်းက စတင် ရေနစ်မြုပ်နေပြီး အခက်အခဲ ကြုံနေရတယ်လို့ ရပ်ကွက်သားတဦးက ပြောပါတယ်။

“အခုလောလောဆယ်မှာ အာဏာပိုင်အဖွဲ့အစည်းတွေက ဘာမှတော့ လှူထားတာ မရှိဘူးပေါ့နော်။ ကျနော်တို့ကတော့ ကျနော်တို့ရပ်ကွက် ၁၂ ပဲ။ နေလို့ မရတဲ့အိမ်တွေကို ခေတ္တတည်းခိုခွင့် ပေးထားတယ်။ ဓမ္မာရုံမှာပေါ့နော်။ အိပ်မရတဲ့လူတွေ ဓမ္မာရုံလာအိပ်တဲ့။ အဲလိုလာပြောတယ်။ အဲဒါပဲ ပြောတယ်။”

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဟင်္သာတခရိုင် မြန်အောင်မြို့ရဲ့ ရပ်ကွက်တချို့မှာလည်း နေအိမ်တွေ ရေနစ်မြုပ်နေပြီး ဒေသခံတွေ အခက်တွေ့နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီမှာကတော့ ကလေးတွေက သဲတွေ၊ ကျောက်တွေ သယ်ပိုးပြီး စားကြရတယ်။ အခု ရေကြီးနေတော့ သူတို့ အလုပ်မရှိကြဘူး။ မရှိတော့ စားမှု၊ သောက်မှု၊ နေရေးထိုင်ရေးမှာ အရမ်းကျပ်တည်းကြတယ်။”

မန္တလေးတိုင်း အမရပူရမြို့နယ်အတွင်းမှာလည်း ရေဘေးကြုံတွေနေရတယ်လို့ ဒီဗွီဘီသတင်းထောက် ဦးအေးကျော်ထွေးက  ပြောပါတယ်။



[caption id="attachment_43449" align="alignright" width="300" caption="မြန်အောင်မြို့ ရေကြီးနေစဉ်"][/caption]

မန္တလေးတိုင်း ရတနာပုံတက္ကသိုလ်မှာလည်း ကျောင်းသူကျောင်းသားတွေ လက်ရှိ စာမေးပွဲဖြေဆိုနေပြီး ရေကြီးမှုကြောင့် သွားလာရေး အနည်းငယ်ခက်ခဲတာကလွဲလို့ ကျောင်းကို ပိတ်ရတဲ့အနေအထား မရှိဘူးလို့လည်း ဒေသခံတဦးက ပြောပါတယ်။


မကွေးတိုင်း  ပခုက္ကူမြို့နယ်မှာလည်း  ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြစ်ဘေး တလျှောက်မှာနေတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေ အခက်အခဲဖြစ်နေတယ်လို့ မြို့ခံ ဦးဟန်ဇော်က ပြောပါတယ်။

အလားတူ နတ်မောက်မြို့နယ်အတွင်းမှာလည်း မိုးများပြီး နတ်မောက်မြို့ရဲ့ အနောက်ဘက် ၃ ဖာလုံခန့်အကွာ  ဖောက်လုပ်ဆဲ နတ်မောက်-မကွေးမီးရထားလမ်း၊ အစိုးရရုံးတွေနဲ့  လူနေအိမ်ခြေတွေ ရေကြီးမှု ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် နတ်မောက်မြို့နဲ့ အ၀င်အထွက်လမ်းမှာ ရေကြီးမှုတွေကြောင့် သွားလာရေးခက်ခဲမှုတွေရှိတယ်လို့ နတ်မောက်မြို့ခံ ဒေါက်တာခင်မောင်အေးက ပြောပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒရဲ့ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေဟာ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့နဲ့ ဟင်္သာတမြို့တွေမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကြောင်းနဲ့ လာမယ့် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေကြောင်း စက်တင်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က မိုးကြီးမှုကြောင့် မြို့နယ် ၁၀ ခုမှာ  နေရာ ၃၀ ရှိနေတယ်လို့ သူ့ရဲ့ အင်တာနက်ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

အထူးသဖြင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်၊ ချင်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်အလယ်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်း၊ မန္တလေးတိုင်းအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ အောက်ပိုင်းတွေဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013