DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုကောင်းကျိုးအတွက် အန်အယ်လ်ဒီနှင့် တွေ့ဆုံဆွေးနွေးမည်ဟု SNLD ပါတီပြော
DVB
·
January 14, 2021
ပြည်ထောင်စုကောင်းကျိုးအတွက် အန်အယ်လ်ဒီနှင့် တွေ့ဆုံဆွေးနွေးမည်ဟု SNLD ပါတီပြော
Donate to DVB

အမျိုးသားပြည်လည်တည်ဆောက်ရေးနဲ့ ပြည်ထောင်စုကောင်းကျိုးအတွက် အန်အယ်လ်ဒီနဲ့ ဇန်နဝါရီ ၁၅ ရက် မနက်ဖန်မနက် တောင်ကြီးမြို့မှာ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီက ပြောကြားလိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ  ပြည်နယ်အသီးသီးက တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ နယ်လှည့်နေတာ လတ်တလောမှာတော့ ရှမ်းပြည်နယ်က တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ ရှမ်းပြည်နယ် တောင်ကြီးမြို့ကို ရောက်နေပါတယ်။
အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖန် ဇန်နဝါရီ ၁၅ ရက် မနက် ၁၀ နာရီလောက်မှာ ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့  အန်အယ်လ်ဒီ ပြည်နယ်ရုံးမှာ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိနေတာပါ။
အခုလို တွေ့ဆုံဆွေးနွေးရာမှာ နေရာကို အဓိကမထားဘဲ တွေ့ဆုံဆွေးနွေးမယ့်အ ကြောင်းအရာနဲ့ ဆွေးနွေးမယ့်လူပုဂ္ဂိုလ်ကိုသာအဓိကထားတယ်လို့ SNLDပါတီပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။
“ဆွေးနွေးဖို့ရာမှာ ကျနော်တို့က နေရာကို သိပ်ပြီးအာရုံမရှိပါဘူး။ တွေ့ဆုံဆွေးနွေးမယ့်အကြောင်းအရာကို အဓိကထားတယ်။ ပြီးတော့ တွေ့ဆုံဆွေးနွေးရာမှာ ပါဝင်မယ့်လူပုဂ္ဂိုလ်အရေအတွက်ပေါ့နော် ဒါတွေဘဲ အဓိကထားပါတယ်။ ဆွေးနွေးချက်က ဘာတွေမျှော်လင့်လို့ရမှာလဲဆိုတော့ ဆွေးနွေးမယ့်ခေါင်းစဉ်နဲ့ ပတ်သက်မှာပေါ့နော်။ ကျနော်တို့ဘက်ကတော့ အမျိုးသားညီညွတ်ရေးကိစ္စကို အဓိကဦးတည်ထားပြီး ဆွေးနွေးမှာဖြစ်တယ်။ အန်အယ်လ်ဒီအနေနဲ့ ကချင်ပြည်နယ်၊ မွန်ပြည်နယ်သွားခဲ့တယ်။ အဆင်မပြေဘူး။ ပြီးတော့ ကယားပြည်နယ်သွားတော့လည်း အဆင်မချောခဲ့ဘူးပေါ့နော်။ အဲတော့ အန်အယ်လ်ဒီအနေနဲ့ နောက်ထပ်တွေ့ဆုံဆွေးနွေးစရာ တိုင်းရင်းသားနိုင်ငံရေးပါတီ အများကြီးကျန်ရှိပါသေးတယ်။ ဆိုတော့ အန်အယ်လ်ဒီဘက်က ရပ်တည်ချက်၊ လက်ခံထားချက်ပေါ့နော် ဒါတွေကို ပြုပြင်ပြောင်းလဲမှုမလုပ်ဘူးဆိုလို့ရှိရင် အမျိုးသားပြန်လည်တည်ဆောက်ရေးပေါ့နော် အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှာမဟုတ်ဘူးဖို့ကျနော်တို့ယုံကြည်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး     တွေ့ဆုံဆွေးနွေးလို့ အဆင်မပြေတဲ့ပါတီတွေနဲ့ပြန်လည်တွေ့ဆုံဆွေးနွေးဖို့ လိုအပ်သလို  မဆွေးနွေးရသေးတဲ့ နိုင်ငံရေးပါတီတွေနဲ့လည်း တနည်းတလမ်းပြောင်းပြီးတော့မှ တွေ့ဆုံဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကို အဓိကမက်ဆေ့ချ်ပေးဖို့အတွက် ကျနော်တို့က သွားရောက်တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်”။
မနက်ဖန် အန်အယ်လ်ဒီနဲ့တွေ့ဆုံမယ့် SNLD ပါတီခေါင်းဆောင်တွေထဲမှာ  အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ စိုင်းကျော်ညွန့် နဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ စိုင်းဆာမ် တို့ ၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကလည်း  အန်အယ်လ်ဒီ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦး SNLD  ပါတီ ဥက္ကဋ္ဌ  ခွန်ထွန်းဦး၊   ဒုဥက္ကဋ္ဌ  ၁ စိုင်းညွန့်လွင်နဲ့  အတွင်းရေးမှူးတွေကို ပထမ အကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၁၄ ရက် မနက်ကလည်း  SNLD ဒုဥက္ကဌ ၂ နဲ့ ဒေါက်တာ အောင်မိုးညိုတို့အဖွဲ့ တောင်ကြီးမှာ အလွတ်တွေ့ဆုံခဲ့ပြီး  အဲဒီကနဦး တွေ့ဆုံဆွေးနွေး မှုအပေါ် အခြေခံကာ မနက်ဖန်အန်အယ်လ်ဒီရုံးမှာ သွားရောက်တွေ့ဆုံဖို့  စီစဉ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီပါ ကိုယ်စားလှယ်အဖွဲ့ဝင်    ဦးအင်ထုံးခါးနော်ဆန်ကလည်း အန်အယ်လ်ဒီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)တို့ တွေ့ဆုံဆွေးနိုင်ဖို့ ရာခိုင်နှုန်းများတယ်လို့   ဒီဗွီဘီကို ပြောထားပါတယ်။
ဦးအင်ထုံးခါးနော်ဆန်က “ တွေ့ဖို့ ရာခိုင်နှုန်းများပါတယ်။ အပြတ်ပြောဖို့ ခက်သေးတယ်။   နေရာကိစ္စပဲ  သူတို့ဘက်ကလည်း စီအီးစီ ပြန်တင်ပြမယ်လို့ သိထားတယ်။ ကျနော်တို့ အစီအစဉ်ကလည်း၁၅ ရက်နေ့အထိ တောင်ကြီးမှာ ရှိပါမယ်။” လို့ ပြောပါတယ်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်တို့ပါဝင်တဲ့ အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီ ၁၃ ရက် ညနေက တောင်ကြီးမြို့ရှိ အန်အယ်လ်ဒီပါတီရုံးမှာ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ် ပြည်သူ့ပါတီနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  သွားရောက်တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။  ဒါပေမဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ ဇန်နဝါရီ ၁၂ရက်က လွိုင်ကော်မှာ တွေ့ဆုံဖို့  သွားရောက်ခဲ့ပေမဲ့ နေရာပြဿနာကြောင့် မတွေ့ဆုံနိုင်ခဲ့သလို မွန်ညီညွတ်ရေးပါတီ(MUP)နဲ့လည်း   ဇန်နဝါရီ ၄ ရက်က မော်လမြိုင်မှာတွေ့ဆုံဖို့စီစဉ်ခဲ့ရာမှာ  နေရာ ညှိနှိုင်းမရတာကြောင့် ဆွေးနွေးပွဲ ပျက်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013