DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ် မုံညှင်းကျေးရွာတွင် တောလမ်းမှ လျှပ်စစ်မီးသွယ်သည့်ကိစ္စ  ဒေသခံများ ကန့်ကွက် ဆန္ဒပြ
DVB
·
January 14, 2021
မြိုင်မြို့နယ် မုံညှင်းကျေးရွာတွင် တောလမ်းမှ လျှပ်စစ်မီးသွယ်သည့်ကိစ္စ  ဒေသခံများ ကန့်ကွက် ဆန္ဒပြ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ချောင်းဆုံအုပ်စု မုံညှင်းကျေးရွာမှာ ကျေးရွာမီးလင်းရေးအတွက် လျှပ်စစ်မီးတိုင်တွေကို တောလမ်းကနေ စိုက်ထူနေတဲ့အတွက် ဒေသခံတွေက ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။


ကျေးရွာမီးလင်းရေးအတွက် နှမ်းစားကျင်း ဓာတ်အားလိုင်းကနေ ရယူရတာဖြစ်ပြီး လျှပ်စစ်သွယ်တန်းရာမှာ ကျေးရွာဖွံ့ဖြိုးရေးကားလမ်းမအတိုင်းမဟုတ်ဘဲ ရွာအနောက်ဘက်ရှိ တောလမ်းအတွင်းကနေ ဓာတ်တိုင်တွေ စိုက်ထူနေတာဖြစ်လို့ အခုလို ဆန္ဒပြရတာဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။


မုံညှင်းကျေးရွာဒေသခံ ဦးကျော်ခိုင်ဝင်းက "ကျနော်တို့ အခုလို တောင်းဆိုတယ်ဆိုတာ ရွာဖွံ့ဖြိုးရေးကားလမ်းမအတိုင်း မီးကြိုးဆွဲမယ်ဆိုရင် လျှပ်စစ်မီးလွယ်တော့ စက်ရုံအလုပ်ရုံတွေဖြစ်လာမယ်။ ကျေးရွာဒေသခံတွေလဲ အလုပ်ရမယ်။ တကယ်တမ်း အစိုးရချပေးထားတဲ့ အတိုင်းတာအရ ဒီကားလမ်းမကနေဖြတ်ဆွဲရင်တောင် ဒီရွာအုပ်စု ၄ ရွာအတွက် အလုံလောက်ရှိရုံတင်မကဘူး ပိုတောင်နေသေးတယ်။ အခုလုပ်နေကြတာက ချပေးတာနဲ့မလုံလောက်ဘူးဆိုပြီး ရွာအနောက်ဘက် တောထဲကနေ မီးသွယ်မယ်လုပ်နေတယ်။ အဲ့ဒါကြောင့် ကျနော်တို့က ရှင်းလင်းအောင်လို့ ဖွံ့ဖြိုးရေးကားလမ်းမအတိုင်း ပြန်တိုင်းပေးပါဆိုတော့ လွှတ်တော်ကိုယ်စားလှယ်က တိုင်းပေးလို့မရတော့ဘူးလို့ ပြောတယ် ။ ကျနော်တို့ကလဲ ပြည်သူကို ညာရင် အစိုးရကို ညာတာပဲဆိုပြီး အခုလို ဆန္ဒပြကြတာပါလို့ " ပြောပါတယ်။


ချောင်းဆုံအုပ်စုမှာ ကျေးရွာမီးလင်းရေးအတွက် တိုင်းဒေသကြီးအစိုးရကနေ ကျပ်သိန်း ၁၄၅၀ ၊ တိုင်းဒေသကြီး လွှတ်တော်ကနေကျပ်  သိန်း ၇၅၀ နဲ့၂၀၁၉ ခုနှစ်က မီးကြိုးသွယ်တန်းမှု ၇မိုင်ခွဲ ချပေးထားတယ်လို့ သိရပြီး ၂၀၂၀ ပြည့်နှစ်အတွင်းမှာ စတင်အကောင်ထည်ဖော်တာဖြစ်တယ်လို့ သိရပါတယ်။


ဒီကိစ္စနဲ့ပတ်သတ်ပြီး မြိုင်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်က "ကျနော်တို့က ကျေးရွာတွေ မီးရရှိဖို့ရာ လွှတ်တော်ကို တင်ပြခဲ့တယ်။ ကျလာတော့ ၇ဒသမ ၅ မိုင် ကျလာတယ်။ တင်ဒါတိုင်းတဲ့ ကျွမ်းကျင်သူတွေက ကျလာတဲ့ အနေထားအရ ဖြစ်နိုင်တဲ့ လမ်းကြောင်းကနေတိုင်းတာ။ သူတို့ဖြစ်ချင်တဲ့ လမ်းကြောင်းအရ ၉ ဒသမ ၁  မိုင်ရှိတယ်။ မလောက်ဘူးပေါ့၊ ဒါ့ကြောင့် လိုတာကို ရွာကစိုက်ထုတ်လုပ်ရင် ဖြစ်နိုင်ပါတယ်ဆိုတော့ ကျနော့်အပေါ် အမြင်လွဲကြတာ။ ဒါ့ကြောင့် ကျနော်ကနေ ရှင်းအောင်လို့ ခင်ဗျားတို့ ကျနော်ပြောတာ မယုံကြည်ရင် သက်ဆိုင်ရာ ဌာနကို သွားမေးကြပါဆိုတော့ သူတို့ သွားမေးကြ ပြီးသား။ ဌာနဆိုင်ရာကလဲ နိုင်ငံတော်က ဒီအတိုင်းချပေးထားတာ ဟုတ်ပါတယ်ဆိုပြီး ရှင်းပြလိုက်ပြီးသား ၊ ဒါကို သူတို့က နားမလည်ဘူးဖြစ်နေကြတာ " လို့  ပြောပါတယ်။


ချောင်းဆုံကျေးရွာအုပ်စုမှာ ချောင်းဆုံ၊ မုံညှင်း၊ ဇီးဖြူစားကျင်းနဲ့ ငှက်သိုက်ဆိုတဲ့ ကျေးရွာ ၄ ရွာရှိရာမှာ လျှပ်စစ်မီးလင်းရေးအတွက် သံဘိုကြီးကျေးရွာကနေတဆင့် သွယ်တန်းရယူရတာဖြစ်ပြီး ‌ကျေးရွာ ၃ ရွာမှာ လျှပ်စစ်မီးသွယ်တန်းရရှိနေပြီဖြစ်ပေမယ့် မုံညှင်းရွာမှာတော့ ကန့်ကွက်မှု တွေကြောင့် လျှပ်စစ်မီးသွယ်တန်းတာမပြီးဆုံးသေးဘူးလို့ သိရပါတယ်။


ဒီကိစ္စနဲ့ပတ်သက်လို့ မုံညှင်းကျေးရွာ အိမ်ထောင်စု ၃၀၀ လောက်က သက်ဆိုင်ရာ မြို့နယ်ကနေ ပြည်ထောင်စုအစိုးရအဆင့်ထိ လက်မှတ်ရေးထိုးတင်ပြကန့်ကွက်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။


အခုလို ဆန္ဒပြရာမှာ လျှပ်စစ်မီးကို ကျေးရွာဖွံ့ဖြိုးရေးကားလမ်းမအတိုင်း သွယ်တန်းရေး၊ လျှပ်စစ်မီးနှင့်ပတ်သတ်၍ လိမ်ညာမှုများ ဖော်ထုတ်ပေးရေး၊ ပြည်သူလူထုအပေါ် ဦးစားပေးရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ တားမြစ်မှုတွေ ဖယ်ရှင်းရေးဆိုပြီး ကြွေးကြော်သံတွေနဲ့အတူ စီတန်း လှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။


စီတန်းလှည့်လည်ဆန္ဒပြတာကိုတော့ မြိုင်မြို့နယ် လျှပ်စစ်ရုံးရှေ့ကနေစတင်ခဲ့ပြီး မြိုင်-ပခုက္ကူ ကားလမ်းမ အတိုင်း ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။


သတင်း- ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013