DVB Logo
Home
မြန်မာသတင်း
အဆိုတော် အမွန်းကို ကမ္ဘာမြေနေ့ သံတမန်အဖြစ် ခန့်အပ်
DVB
·
January 14, 2021
အဆိုတော် အမွန်းကို ကမ္ဘာမြေနေ့ သံတမန်အဖြစ် ခန့်အပ်
1 / 2
Donate to DVB

မြန်မာနိုင်ငံက ကချင်အမျိုးသမီး အဆိုတော်တယောက်ဖြစ်တဲ့ အမွန်းဟာ ကမ္ဘာမြေနေ့ သံတမန်တယောက်အဖြစ် ခန့်အပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာမြေနေ့အခမ်းအနားကို ဦးဆောင်ကျင်းပနေတဲ့ အဖွဲ့အစည်း တခုဖြစ်တဲ့ EARTHDAY.ORG က အမွန်းကို မြန်မာနိုင်ငံရဲ့ ကမ္ဘာမြေနေ့ သံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း ဇန်နဝါရီ ၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်ကတဆင့် ခုလိုရေးသားပြီး ပရိသတ်တွေကို အသိပေးထားခဲ့တာပါ။

“မြန်မာနိုင်ငံရဲ့ Earth Day Ambassador အနေနဲ့ ရွေးချယ်ခန့်အပ်ခြင်းခံရတဲ့ အတွက် ဒီတာဝန်ကို အကောင်းဆုံးထမ်းဆောင်နိုင်အောင် ကြိုးစားသွားပါမယ်။ ပျက်စီး ယိုယွင်းမှုတွေနဲ့ အနုတ်လက္ခဏာဘက်ကို သွားနေတဲ့ သဘာဝပတ်ဝန်းကျင်ကို နောင် လာနောက်သားတွေကို လက်ဆင့်မကမ်းခဲ့ဖို့ လူသားအားလုံးမှာ တာဝန်ရှိပါတယ်။ အများကြီးမလုပ်နိုင်တောင် ပလတ်စတစ်တစ်စ စည်းကမ်းမဲ့ မစွန့်ပစ်ခြင်းကနေ စတင်လို့ ရပါတယ်။ အားလုံးအတူတူ ပါဝင်လှုပ်ရှားကြရအောင်နော်”လို့ အမွန်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးပါတယ်။

အမွန်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က နာမည်ကျော် Forbes မဂ္ဂဇင်းက ရွေးချယ်တဲ့ “30 Under 30 Asia”  အာရှတခွင်မှ အသက် ၃၀ အောက်ရဲ့ အယောက် ၃၀ ဆိုတဲ့ စာရင်းထဲမှာ ဖော်ပြခံခဲ့ရပြီး Huffington Post သတင်းမှာ “မြန်မာရီဟားနား”လို့ ရည်ညွန်းဖော်ပြခဲ့ပါတယ်။

နောက်ထပ် အမွန်းရဲ့ လှုပ်ရှားမှုတွေထဲမှာ The Mystery of Burma သို့မဟုတ် ဒုဌဝတီကိုလွန်၍ ရုပ်ရှင်ကားကြီးထဲမှာ သရုပ်ဆောင်ခဲ့တာတွေ၊ အခပေးရုပ်သံလိုင်းတခု ဖြစ်တဲ့ Canal+ Music ချန်နယ်ရဲ့ သံတမန်အနေနဲ့ ခန့်အပ်ခံရတာတွေနဲ့အတူ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပရိသတ်(Followers) ၂ ဒသမ ၇ သန်း ကျော် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

EARTHDAY.ORG က ပထမဆုံးသော ကမ္ဘာမြေနေ့အခမ်းအနားကို ၁၉၇၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်နေ့မှာ စတင်ကျင်းပခဲ့တာမို့ လက်ရှိမှာတော့ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်က အဖွဲ့အစည်းပေါင်း ၇၅,၀၀၀ ကျော်နဲ့အတူ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013