DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ကေအိုင်အို လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ ဆွေးနွေး
DVB
·
September 16, 2013
Donate to DVB

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ရဲ့ အလုပ်အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဒီနေ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ  ကြိုတင် ဆွေးနွေးနေကြပါတယ်။

ဒီတွေ့ဆုံမှုဟာ အခုရက်ပိုင်းအတွင်း အစိုးရတပ်ဘက်က အရာရှိတဦးကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဒီကနေ့ နှစ်ဖက်အလုပ်အဖွဲ့တွေ မြစ်ကြီးနားမြို့မှာ ဆွေးနွေးညှိနှိုင်းကြတာ ဖြစ်ပါတယ်။

ဒီကနေ့ နေလယ်ပိုင်း ၁၁ နာရီလောက်က ညနေ ၄ နာရီအထိ ဆွေးနွေးပွဲမှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ၊ အစိုးရနဲ့ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွေ နောက်တကြိမ်ကျင်းပဖို့ ကိစ္စနဲ့ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်ကိစ္စတွေ  ဆွေးနွေးဖြစ်တယ်လို့  ဆွေးနွေးပွဲတက်ရောက်သူတဦးဖြစ်တဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

“ထူးခြားတာက မေလကုန်ကနေပြီး မေလကုန်ကနေ ၃ လခွဲကြာတဲ့ အချိန်ကာလမှာ အလုပ်အဖွဲ့တွေ ဆောင်ရွက်နိုင်ပေမယ့် အောက်တိုဘာ ပထမပတ်မှာ နှစ်ဖက်ခေါင်းဆောင်တွေ ပါဝင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်ဖို့ ကျနော်တို့ ဒီနေ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လုပ်ငန်းသဘောသဘာဝအရ အလုပ်အဖွဲ့ကတော့ ဆုံးဖြတ်ချက် ချနိုင်တာမဟုတ်ဘူး။ ဒါပေမယ့် ပြင်ဆင်ပေးတာ ဖြစ်တဲ့အတွက် ကျနော်တို့ဘက်က အောက်တိုဘာ ပထမပတ်မှာ အစည်းအဝေး ကျင်းပလိုပါတယ်လို့ အဆိုပြုတယ်၊ သူတို့ဘက်ကလည်း အောက်တိုဘာ ပထမပတ်မှာ ဆွေးနွေးချင်တာ တူတဲ့အတွက် ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် သူတို့ ခေါင်းဆောင်တွေကို ဆက်တင်ပြပြီးတော့ အတည်ပြုချက် ယူရမယ့်သဘောရှိပါတယ်။”

လာမယ့် စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ နှစ်ဘက် စစ်တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ညှိနှိုင်းဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဘက်က ကချင်ပြည်နယ် အစိုးရအဖွဲ့မှ နယ်စပ်ဒေသ ကာကွယ်ရေးနဲ့ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး အောင်နိုင်၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ဆန်းဦးတို့ တက်ရောက်ခဲ့သလို ကေအိုင်အိုဘက်က ၈ ဦး တက်ရောက်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်က အောက်တိုဘာလကုန်ကျရင် နေပြည်တော်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုကို ဆောင်ရွက်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ စတင်မယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့အနက် ၁၄ ဖွဲ့နဲ့ အပစ်ရပ်ထားပြီး ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) က ဆက်လက် ဆွေးနွေးဆဲဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်မှာ ယခင်စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့တဲ့  ကေအိုင်အိုဟာ အစိုးရဘက်က နယ်ခြားစောင့်တပ်ပြောင်းခိုင်းတာကို ပယ်ချခဲ့ပြီးတဲ့နောက် ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။

ဒီနောက် အပစ်အခတ်ရပ်စဲရေးအတွက် ၂၀၁၂ အောက်တိုဘာ လကုန်ပိုင်းမှာ တကြိမ်၊ တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ ၂၀၁၃ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ တကြိမ်၊ ၂၀၁၃ ခုနှစ် မေလမှာတကြိမ် အစိုးရနဲ့ ကေအိုင်အိုတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013