DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုတဝန်း ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရလိုဟု အတိုင်ပင်ခံပုဂ္ဂိုလ် ပြော 
DVB
·
January 13, 2021
ပြည်ထောင်စုတဝန်း ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရလိုဟု အတိုင်ပင်ခံပုဂ္ဂိုလ် ပြော 
Donate to DVB

နိုင်ငံတော်အစိုးရအနေနဲ့ ကရင်ပြည်နယ်ကစပြီး  ပြည်ထောင်စုတဝန်းလုံးမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဖွံ့ဖြိုးရေးတို့ ဖြစ်ထွန်း ရရှိစေလိုတယ်လို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၁၃ ရက်၊ ကရင်သက္ကရာဇ် ၂၇၆၀ ခုနှစ်၊ ပြာသိုလဆန်း (၁)ရက်နေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။ 

လာမယ့် ၁၀နှစ်ကာလ သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်မှာ ကရင်ပြည်နယ်ကို ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိပြီး  ခရီးသွားလုပ်ငန်းဗဟိုချက်တစ်ခု၊ ခေတ်မီနယ်စပ်ကုန်သွယ်ရေးဇုန်ကြီးတစ်ခု၊ အထူးစိုက်ပျိုးရေးဇုန်၊ အထူးစက်မှုဇုန်ကြီးတွေနဲ့ အထူးစီးပွားရေးဇုန်ကြီးတွေ ဖြစ်ထွန်းပေါ်ပေါက်နေပြီး ကရင်ပြည်နယ်ကို  နည်းပညာအခြေခံ  ကရင်လူ့အဖွဲ့အစည်းက မိမိတို့ရဲ့ ကျွမ်းကျင်မှုနဲ့ ညီညီညွတ်ညွတ် တည်ဆောက်နေကြတာကို မြင်လို၊ တွေ့လို၊ လက်တွေ့ဖြစ်ပေါ်လာစေလိုတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က  အိမ်နီးချင်းနိုင်ငံမှာ အလုပ်အကိုင်လုပ်ကိုင်နေကြရတဲ့ ပြည်ပရောက် အလုပ်သမားတွေ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နေရပ်ပြန်ရချိန်မှာ ကရင်ပြည်နယ်သူ၊ ပြည်နယ်သားတွေက ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဖေးမကူညီပံ့ပိုးခဲ့ကြတာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးကို အတူတကွ တည်ဆောက်ဖို့သာမက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုပါ ခိုင်ခိုင်မာမာ ကတိကဝတ်ပြုခဲ့ပြီးနောက် လက်နက်ကိုင် ပဋိပက္ခကြောင့် မှေးမှိန်ငုပ်လျှိုးခဲ့ရတဲ့ အခွင့်အလမ်းတွေ ကရင်ပြည်နယ်မှာ ပေါ်ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။ 

ကရင်ပြည်နယ်ဟာ နယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အချာဒေသတစ်ခု၊ မပျက်စီးသေးတဲ့ သဘာဝအလှတရားနဲ့ သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေ စတင်ဖွံ့ဖြိုးစရပ်ဝန်းတစ်ခု၊ အာဆီယံ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်မှာ  တည်ရှိတဲ့ ပေါင်းကူးတစ်ခုဖြစ်လို့ နယ်ပယ်စုံ၊  ကဏ္ဍစုံမှ တိုးတက်မှုအလားအလာကောင်းတွေရှိနေပြီး  နယ်စပ်ဒေသဖြစ်တာနဲ့အညီ ဒေသတွင်း သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူတွေရဲ့   လူမှု-စီးပွားကို  မထိခိုက်စေဘဲ  တိုးတက်မှုတွေကို စနစ်တကျ ဖော်ဆောင်ဖို့ အထူးအရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

နောင်လာမယ့် ၁၀ နှစ်မှာ  ကရင်ပြည်နယ်ကို  ဘယ်လိုနေအထားမျိုး၊  အဆင့်အတန်းမျိုး ဖြစ်နေတာကို မြင်ချင်သလဲဆိုတဲ့ မေးခွန်းကို ယနေ့လက်ရှိ ကရင်ပြည်နယ်ရှိ တာဝန်ရှိသူတွေ အဖွဲ့အစည်းအသီးသီးမှ  ခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့ စိတ်ပိုင်းဖြတ်ချက်တို့က အဖြေပေးသွားမှာဖြစ်ပြီး ပိုမိုငြိမ်းချမ်း တိုးတက် ကောင်းမွန်တဲ့ နှစ်သစ်ကို အတူလက်တွဲ ပူးပေါင်းဖော်ဆောင်ကြဖို့လည်း  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖိတ်ခေါ်လိုက်ပါတယ်။

ကရင်နှစ်သစ်ကူးနေ့ပွဲတော်ကို  ကရင်ပြည်နယ် မြို့တော် ဘားအံနဲ့ ရန်ကုန်မြို့ အပါအဝင် ကရင်လူမျိုးတွေရှိတဲ့ ဒေသတွေမှာ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပေမယ့် အခုနှစ်မှာ တော့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် အကျဉ်းချုံးသာ ကျင်းပခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013