DVB Logo
Home
မြန်မာသတင်း
ရွှေဂတ်စ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်၊ ဒေသခံများ စိုးရိမ်
DVB
·
September 16, 2013
Donate to DVB

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကျောက်မြောင်းကျေးရွာမှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွားလို့ ဒေသခံတွေက စိုးရိမ်ပူပန်နေကြတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဆက်သွယ် ပေးပို့နေတဲ့  သဘာဝဓာတ်ငွေ့ပိုက်လိုင်းက ဓာတ်ငွေ့စမ်းသပ်ထုတ်လွှင့်ရာကနေ စက်တင်ဘာ ၁၃ ရက်ညနေပိုင်းက ကျောက်မြောင်းရွာနဲ့ အနီးကို ဖြတ်သန်းသွားတဲ့နေရာမှာ ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ငွေ့ယိုစိမ့်တဲ့နေရာမှာ ၁၅ မိနစ်လောက် မီးလောင်ကျွမ်းခဲ့တာကို မြင်တွေ့ခဲ့ရတဲ့ အတွက် ရွာသားတွေက စိုးရိမ်ပူပန်ခဲ့ကြတာလို့ ကျောက်မြောင်းရွာခံ ဦးလှစိုးမောင်က ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်တဲ့နေရာကို  တရုတ်ကုမ္ပဏီက  တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သလို  မြန်မာတရုတ် ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့တွေလည်း အဆိုပါကျေးရွာကို သွားရောက်ခဲ့ပါတယ်။

ဒါပေမယ့် ဒီပိုက်လိုင်းပေါက်တဲ့နေရာကို ရွာသားတွေ မသွားကြဖို့ အာဏာပိုင်တွေက တားဆီးပိတ်ပင်တာတော့မရှိဘူးလို့  ဒေသခံရွာသားတွေက ပြောပါတယ်။

ကျောက်မြောင်းရွာကို သွားရောက်ခဲ့တဲ့ မြန်မာတရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့က  ဦးထွန်းထွန်းနိုင်ကတော့ ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှုနဲ့ ပတ်သက်ပြီး သူရဲ့အမြင်ကို ခုလိုပြောပါတယ်။

“ပိုက်လိုင်းတလျှောက်မှာ ကေဘယ်လ်ကြိုးတွေ မြှုပ်ထားတယ်။ သူက pressure တက်လာတာနဲ့ ပိုက်လိုင်းယိုစိမ့်တာနဲ့ ကေဘယ်လ်ကြိုးတွေက သတိပေးတာပေါ့။ သတိပေးတော့ သူတို့က အဲဒီနေရာကို လိုက်ပိတ်ထားလိုက်တာပေါ့။ ပိတ်လိုက်တော့ ယိုစိမ့်နေတဲ့နေရာက မီးလောင်ပြီးတော့ ဂတ်စ်ကုန်သွားတဲ့အချိန်မှာ ရပ်သွားတာပေါ့။”

ပိုက်လိုင်းယိုစိမ့်မှုဖြစ်တဲ့နေရာက  ပိုက်လိုင်းအဆက်တွေ ရှိနေတဲ့အတွက် ပိုက်လိုင်း သွယ်တန်းစဉ်က စမ်းသပ်လုပ်ဆောင်စဉ်ကလည်း စိမ့်ယိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

မြန်မာ၊  တရုတ်၊ တောင်ကိုးရီးယားနဲ့ အိန္ဒိယကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံထားတဲ့  သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ ဓာတ်ငွေ့တွေကို  ရခိုင်ကမ်းလွန်ကနေ မြန်မာနိုင်ငံ တနံတလျားကို ဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို အခုနှစ်  ဇူလိုင်လကုန်က စပို့နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013