DVB Logo
Home
Lead Story
၂၀၂၀ အတွင်း မြန်မာနိုင်ငံ၌ ကိုဗစ်ဖြစ်ပွားမှု
DVB
·
January 12, 2021
၂၀၂၀ အတွင်း မြန်မာနိုင်ငံ၌ ကိုဗစ်ဖြစ်ပွားမှု
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ပိုးကို တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် ဒီဇင်လာလက စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လေထဲကတစ်ဆင့် ကူးစက်နိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး အဲဒီရောဂါကို ကမ္ဘာတဝန်း ရင်ဆိုင်နေကြရတာ တစ်နှစ်ကျော်ရှိပါပြီ။

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) က ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာပြီး နှစ်ပတ်ခန့်အကြာတွင် မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့တာပါ။ မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိတဲ့ (၁၆၄) ခုမြောက် နိုင်ငံဖြစ်ပြီး အာဆီယံ နိုင်ငံတွင်းမှာတော့ (၉) ခုမြောက် ရောဂါပိုးတွေ့ရှိခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

မတ်လ ၂၃ ရက်နေ့မှာ အတည်ပြုလူနာ ၂ ဦး စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ချင်းပြည်နှင့်ရန်ကုန်တိုင်းမှာ စတင်တွေ့ရှိခ့တာ ဖြစ်ပါတယ်။ ပိုးတွေ့လူနာ၂ ဦးစလုံးဟာ ပြည်ပသို့ ခရီးသွားရာဇဝင် ရှိသူများဖြစ်တဲ့အတွက် ပြည်ပကူးစက်လူနာများ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ရက်ပေါင်း ၂၈၃ ရက်အတွင်း ပိုးတွေ့လူနာမတွေ့ရှိတဲ့ ရက်ပေါင်း (၅၃) ရက်ရှိခဲ့ပြီး သေဆုံးသူမရှိတဲ့ ရက်ပေါင်း (၁၆၃) ရက်ရှိပါတယ်။ အဆိုပါပိုးတွေ့လူနာမရှိ သေဆုံးသူမရှိခဲ့တဲ့ ရက်များဟာ ပထမလှိုင်းအတွင်းမှာ အများစုဖြစ်ပါတယ်။


ပထမလှိုင်းလို့ ခေါ်ဆိုသုံးနှုန်းကြတဲ့ မတ်လ ၂၃ ရက်နေ့ကနေ သြဂုတ်လ ၁၅ ရက်နေ့ထိ တစ်နိုင်ငံလုံးမှာ အတည်ပြုလူနာ (၃၇၄) ဦးသာရှိခဲ့ပေမယ့် ဒုတိယလှိုင်းစတင်ပြီး ၂ ပတ်အတွင်း (သြဂုတ်လ ၁၆ ရက်နေ့မှ ၃၁ ရက်) မှာတော့ အတည်ပြုလူနာ(၅၁၃) ဦးတွေ့ရှိခဲ့ပါတယ်။ အဲဒီထဲက (၃၉၃)ဦးဟာ ရခိုင်ပြည်နယ်က ဖြစ်ပါတယ်။

ဒုတိယလှိုင်း မဖြစ်ပွားခင် ဇူလိုင်လ (၁၆) ရက်နေ့မှ သြဂုတ်လ (၁၅) ရက်နေ့ထိ တစ်လတိတိ တစ်နိုင်ငံလုံးမှာ ပြည်တွင်းကူးစက်မှုလူနာ မရှိခဲ့ပါဘူး။ ရန်ကုန်တိုင်းအနေနဲ့ဆိုရင် မေလ (၁၈) ရက်ကနေ သြဂုတ်လ (၂၃ )ရက်နေ့ထိ ရက်ပေါင်း (၉၇) ဆက်တိုက် ပြည်တွင်းကူးစက်လူနာ မတွေ့ရှိခဲ့ပါဘူး။

သြဂုတ်လ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်က စတင်ခဲ့တဲ့ ဒုတိယလှိုင်းကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက် လူနာအရေအတွက်ဟာ တစ်ရှိန်ထိုး မြင့်တက်သွားခဲ့ပါတယ်။ ၂၀၂၀၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ စာရင်းအရ မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်မှု လူနာအရေအတွက်ဟာ ပြည်ပကူးစက်မှု လူနာအရေအတွက်ထက် အဆ (၂၀၀) ကျော် ပိုများပါတယ်။

သြဂုတ် ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ လေကြောင်းလိုင်းဖြင့် ဝင်ရောက်လာသူ (၅,၄၀၉)ဦးရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာလ ဒုတိယပတ်ကစပြီး ပိုးတွေ့လူနာအရေအတွက်ဟာ ၁၀၀ အထက်ကနေ ၁,၀၀၀ ကျော်ထိ ဖြစ်လာခဲ့ပါတော့တယ်။ ဒါဟာဓာတ်ခွဲစစ်ဆေးမှု များလာတာကြောင့်လည်းဖြစ်ပြီး ပုံမှန်ဓာတ်ခွဲခန်းသို့ ပေးပို့ပြီး စစ်ဆေးတာအပြင် အချိန်တိုအတွင်း ရောဂါပိုးရှိမရှိ ရလဒ်ကို သိနိုင်တဲ့ Test Kit ဖြင့် စစ်ဆေးတာကြောင့်လည်း ဖြစ်ပါတယ်။


မိနစ် (၂၀) အတွင်း အဖြေသိနိုင်တဲ့ Test Kit ဖြင့် စစ်ဆေးမှုကို စက်တင်ဘာ (၂၉) ကစတင်ခဲ့ပါတယ်။ ဒါ့ပြင် အောက်တိုဘာ (၆)ရက်နေ့ကစ အဲဒီနောက်ပိုင်းမှာ နေ့စဉ်ဓာတ်ခွဲ စစ်ဆေးမှုဟာလည်း တစ်သောင်းအထက်မှာ ရှိနေခဲ့ပါတယ်။ ဓာတ်ခွဲစစ်ဆေးမှု အများဆုံးအဖြစ် (၂၄,၅၀၁)ခု ထိ စစ်ဆေးနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ဓာတ်ခွဲစစ်ဆေးမှုပေါင်း (၁.၈) သန်းနီးပါး စစ်ဆေးနိုင်ခဲ့ပါတယ်။ ပိုးတွေ့ရာခိုင်နှုန်း အများဆုံးနေ့ကတော့ အောက်တိုဘာ ၁ ရက်နေ့ဖြစ်ပြီး (၁၉) ရာခိုင်နှုန်းရှိခဲ့ပါတယ်။

သြဂုတ်လ ၁၅ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ပိုးတွေ့လူနာ (၁,၀၀၀) နဲ့အထက်ရှိတဲ့ ရက်ပေါင်း (၇၁) ရက် ရှိပါတယ်။ အောက်တိုဘာ (၁၀) ရက်နေ့ဟာ ၂၀၂၀ အတွင်း ပိုးတွေ့လူနာ အများဆုံးနေ့ဖြစ်ပြီး အတည်ပြုလူနာ (၂,၁၅၈) ဦးတွေ့ရှိခဲ့ပါတယ်။

နိုဝင်ဘာလ တတိယပတ်က စပြီး မန္တလေးတိုင်းမှာ ပိုးတွေ့လူနာဦးရေနေ့ စဉ်(၁၀၀) ကျော်ရှိလာခဲ့ပြီး ယခင်က ပိုးတွေ့လူနာ ဒုတိယအများဆုံးဖြစ်တဲ့ ပဲခူးတိုင်းကို နိုဝင်ဘာလ (၂၄) ရက်နေ့မှာ ကျော်တက်သွားခဲ့ပါတယ်။

ပိုးတွေ့လူနာများလာတဲ့အတွက် ရန်ကုန်တိုင်းမှ ၄၄ မြို့နယ်အပါအဝင် မန္တလေးတိုင်း၊ ဧရာတီ၊ ပဲခူး၊ ရခိုင်၊ မွန်၊ ကချင် စတဲ့ ပြည်နယ်တိုင်းက မြို့နယ်ပေါင်း (၇၄) ခုမှာ နေအိမ်တွင် နေထိုင်ရေးအမိန့်များကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ စာရင်းအရ ပြည်နယ်နဲ့တိုင်းအလိုက် ရောဂါကူးစက်ဖြစ်ပွားမှုကိုကြည့်မယ်ဆိုရင် ရန်ကုန်တိုင်းမှာ တစ်နိုင်ငံလုံး အတည်ပြုလူနာဦးရေ၏ ၆၇ ရာခိုင်နှုန်းရှိပြီး ပိုးတွေ့လူနာ(၈၂,၈၉၁)ရှိပြီး အများဆုံးဖြစ်ပါတယ်။ မန္တလေးတိုင်းတွင် ၆ ရာခိုင်နှုန်းရှိပြီး ပိုးတွေ့လူနာ (၁၃,၇၂၅) ဦးရှိပြီး ဒုတိယ အများဆုံးဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် မြို့နယ်ပေါင်း ၃၀၀ မှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေပြီး မြို့နယ်အားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ကူးစက်ဖြစ်ပွားနေတာပါ။ ရန်ကုန်၊ စစ်ကိုင်း၊ ရှမ်း၊ ကချင်၊ ကယား စတဲ့ပြည်နယ်/ တိုင်းကလွဲပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အားလုံးမှာ ကူးစက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးမှာ ပိုးတွေ့လူနာ ၁,၀၀၀ အထက်ရှိတဲ့ မြိုန့ယ်ပေါင်း ၃၆ ခုရှိပြီး ရန်ကုန်တိုင်းမှ၂၉ မြို့နယ်၊ မန္တလေးတိုင်းမှ ၅ မြို့နယ်၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ ၁ မြို့နယ်စီဖြစ်ပါတယ်။ ပိုးတွေ့လူနာ အများဆုံး မြို့နယ်ကတော့ မင်္ဂလာဒုံမြို့နယ်ဖြစ်ပါတယ်။


နိုဝင်ဘာလ ၃၀ ရက်နေ့ကစပြီး ပိုးတွေ့နှုန်းဟာ ၁၀ ရာခိုင်နှုန်းအောက်ကို ကျဆင်းလာခဲ့ပြီး ဒီဇင်ဘာလ နောက်ဆုံးပတ်မှာတော့ ပိုးတွေ့ရာခိုင်နှုန်းဟာ ၄ ရာခိုင်နှုန်းအောက်ကို ကျဆင်းလာခဲ့ပါတယ်။ ထို့ပြင် ပိုးတွေ့လူနာ (၁,၀၀၀) အောက်ကို ရောက်ရှိလာခဲ့ပါတယ်။ သို့သော်လည်း သေဆုံးသူအရေအတွက်မှာ သိသိသာသာ ကျဆင်းလာခဲ့ခြင်းမရှိဘဲ နေ့စဉ် ၂၀ ဝန်းကျင်ရှိနေခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၀ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စာရင်းအရ မြန်မာနိင်ငံဟာ တစ်ကမ္ဘာလုံးမှာ ရောဂါဖြစ်ပွားမှု အဆင့် (၇၀) မှာ ရှိနေခဲ့ပြီး ဒေသတွင်း အာဆီယံနိုင်ငံများအနက် ကိုဗစ်ကူးစက်ဖြစ်ပွားမှု အဆင့်နံပါတ် (၃) နေရာမှာ ရှိနေပြီး မြန်မာရဲ့အထက်မှာ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ရှိနေတာ ဖြစ်ပါတယ်။

၂၀၂၀၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ (၁၂၄,၆၃၀) တွေ့ရှိခဲ့ပါတယ်။ (၁၀၇,၀၆၉) ဦး ရောဂါပျောက်ကင်းခဲ့ပြီး ပိုးတွေ့လူနာထဲက (၂,၆၈၂) ဦးဟာ သေဆုံးခဲ့ ကြပါတယ်။ ရာခိုင်နှုန်းအားဖြင့် ဆေးရုံဆင်းလူနာ (၈၆) ရာခိုင်နှုန်းရှိပြီး သေဆုံးသူ (၂.၂) ရာခိုင်နှုန်းရှိပါတယ်။ ကုသဆဲ လူနာဦးရေကတော့ တစ်နိုင်ငံလုံးမှာ (၁၄,၈၇၉) ကျန်ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013