DVB Logo
Home
မြန်မာသတင်း
ထိုင်းစစ်တပ်နှင့် မူးယစ်ဂိုဏ်း ပစ်ခတ်မှုဖြစ်၊ ၂ ဦး သေဆုံး
DVB
·
September 16, 2013
ထိုင်းစစ်တပ်နှင့် မူးယစ်ဂိုဏ်း ပစ်ခတ်မှုဖြစ်၊ ၂ ဦး သေဆုံး
Donate to DVB

မြန်မာနယ်စပ် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်က မယ်ဖာ့လုန်မြို့နယ်ထဲမှာ ထိုင်းစစ်တပ်နဲ့ မူးယစ်ကုန်သည်တွေ ပစ်ခတ်မှု ဖြစ်ပွားပြီး  ၂ ဦး သေဆုံးကာ ရာဘဆေးပြား အလုံးရေ ၄ သောင်း ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ  ဖော်ပြထားပါတယ်။

[caption id="attachment_43389" align="alignright" width="300" caption="ဓာတ္ပုံ - thairath"][/caption]

မယ်ဖာ့လုန်မြို့နယ် ဘန့်ဟွေ့နမ့်ခွန် ကျေးရွာအုပ်စုထဲမှာ မူးယစ်ဆေးဝါး သယ်ဆောင်မှု ရှိကြောင်း ကြိုသတင်းရရှိထားချက်အရ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ပြောက်ကျားတပ်ဖွဲ့  အမှတ် ၃၁ က တပ်ဖွဲ့ဝင်တွေဟာ  မူးယစ်ဂိုဏ်းဝင်လာနိုင်ဖွယ်ရှိတဲ့ တောလမ်းကနေ စောင့်ဖမ်းရာက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းရတ် အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပစ်ခတ်မှုတွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ မနက် ၂ နာရီလောက်က ဘန့်ဟွေ့နမ့်ခွန် ကျေးရွာအုပ်စု တောအုပ်ထဲမှာ ၁၀ မိနစ်ကြာ  ဖြစ်ပွားခဲ့တာဖြစ်ပြီး တဘက် မူးယစ်ဂိုဏ်းက ၃၊ ၄ ဦးဟာ ပစ်ခတ်ရင်း မြန်မာနယ်စပ်ကို ဦးတည်တဲ့ တောအုပ်ဘက် ၀င်သွားကြောင်း၊ လက်ပစ်ဗုံးနဲ့လည်း ပစ်ခတ်ခဲ့ပြီး ထိုင်းစစ်တပ်ရှိရာနေရာနဲ့ မီတာ ၁၀၀ အကွာမှာ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဂိုဏ်းတွေ ထွက်ခွာသွားပြီး နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ပစ်ခတ်မှုဖြစ်ပွားရာ နေရာနဲ့ မီတာ ၃၀၀ အကွာမှာ အခါတိုင်းရင်းသားဝတ်စုံနဲ့ အသက် ၄၀ အရွယ် လူတယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ရှိရပြီး အနီးက အိတ်ထဲမှာ ရာဘဆေးပြား ၂ ထောင်ပါရှိတဲ့ အထုတ်ပေါင်း ၂၀ နဲ့ လက်ကိုင်ဖုန်း ၁ လုံး သိမ်းဆည်းရမိတယ်လို့ တွေ့ရှိကြောင်း  တပ်ခွဲမှူး ဗိုလ်မှူး နိုင်းဆူရဖုန်း ထိပဟတ်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီသတင်းနဲ့ ဆက်စပ်ပြီး ဒေးလီးနယူးစ်သတင်းမှာတော့ မူးယစ်ဂိုဏ်းအဖွဲ့ဝင်လို့  ယူဆရသူ အသက် ၃၅ နှစ်အရွယ် လူတဦးကို ဘန့်ဟွေ့နမ့်ခွန်ကျေးရွာအုပ်စု ဘန့်ဟွေ့လိုက်ရွာနားက ၀ါးတဲအိမ်တခုဘေးမှာ စက်တင်ဘာ ၁၅ ရက်နေ့က သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လူသေအလောင်းတွေ့ရှိကြောင်း ဒေသခံရွာသားတွေရဲ့  သတင်းပေးပို့ချက်အရ မယ်ဖလုံမြို့နယ် အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ဝင်၊ အမှတ် ၃၁ ပြောက်ကျားတပ်ဖွဲ့ဝင်၊   မှုခင်းဆရာဝန်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေဟာ  အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးရာမှာ ကျောဘက်ကနေ အချက်ပေါင်းများစွာ ဖောက်ဝင်သွားတဲ့ သေနတ် ဒဏ်ရာနဲ့ သေဆုံးနေတာကိုသာတွေ့ရတယ်လို့ ဆိုပါတယ်။

မှုခင်းဆရာဝန်ရဲ့ ခန့်မှန်းချက်အရ လွန်ခဲ့တဲ့ ၃၊ ၄ ရက်က သေဆုံးခဲ့ကြောင်း၊  အလောင်းဘေးက ကျောပိုးအိတ်ထဲမှာတော့  ရေဘူး၊ လက်နှိပ်ဓာတ်မီးနဲ့ ခေါက်ဆွဲခြောက်ထုပ်တွေသာ တွေ့ရပြီး မူးယစ်ဆေးဝါးတွေတော့ မတွေ့ရကြောင်း ထိုင်းသတင်းမှာ  ဖော်ပြသွားပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေမှာ ဘာသက်သေအထောက်အထားမှ မရှိတဲ့အတွက် တဘက်နိုင်ငံက တိုင်းရင်းသားတွေလို့ ယူဆရကြောင်း၊  လွတ်မြောက်သွားသူတွေမှာ  နောက်ထပ် မူးယစ်ဆေးဝါးတွေ အများအပြားပါသွားနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် မူးယစ်ကုန်သည်တွေ ဖမ်းဆီးရမိဖို့ ဆက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့  မယ်ဖလုံ ရဲစခန်းက အထူးစုံစမ်းစစ်ဆေးရေးရဲမှူး ဆာခွန်းခတ္တိယပုတ်က ထိုင်းသတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013