
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ ချန့်ဖိုတ်ရပ်ကွက်ရှိ ကာရာအိုကေနဲ့ အရက်ဘားတဆိုင်မှာ ဥပဒေနဲ့မညီ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ ယောက် ဖမ်းဆီးအရေးယူခံရတယ်လို့ ချင်းမိုင်နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ချန့်ဖိုတ်ရပ်ကွက်ထဲက ကာရာအိုကေနဲ့ အရက်ဆိုင်တဆိုင်မှာ မြန်မာတွေ စုဝေးပြီး ဆူညံအသံပြုကာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပြုနေကြောင်း တိုင်ကြားချက်ရတာကြောင့် အမှတ် ၂ ကမ္ဘာလှည့် ခရီးသွားရဲတပ်ဖွဲ့နဲ့ ချန့်ဖိုတ်ရဲစခန်းမှ တာဝန်ရှိသူတွေ ပူးပေါင်းပြီး မေ ၂၃ ရက်က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ အဆိုပါဆိုင်မှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဖွင့်ထားတဲ့အပြင် မြန်မာနိုင်ငံသားနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေသာ လာရောက်အားပေးတဲ့ဆိုင် ဖြစ်တယ်၊ ကာရာအိုကေသီချင်းတွေလည်း မြန်မာသီချင်းတွေသာ သီဆိုတယ်၊ အဲဒီဆိုင်က တီးဝိုင်းသမားနဲ့ ဝန်ဆောင်မှုပေးတဲ့ မြန်မာအလုပ်သမား စုစုပေါင်း ၁၂ ယောက်မှာ အလုပ်သမား ကတ်ရှိပေမဲ့ အလုပ်ရှင်နဲ့ အလုပ်အမျိုးအစား တည်နေရာ ကွဲလွဲနေတာ စစ်ဆေးတွေ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူတို့ ၁၂ ယောက်ကို အလုပ်ရှင်နဲ့ အလုပ်ပြောင်းတာကို ၁၅ ရက်အတွင်း အလုပ်သမားရုံးသို့ သတင်းပို့ဖို့ ပျက်ကွက်မှုနဲ့ အရေးယူသွားမှာဖြစ်လို ဆိုင်တာဝန်ခံဖြစ်သူ ထိုင်းလူမျိုးနဲ့ ဆိုင်ဖွင့်နိုင်ရေး နောက်က ပံ့ပိုးကူညီသူ၊ အရင်းအနှီးထုတ်ပေးသူကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မေ ၂၃ ရက် တနေ့တည်းမှာပဲ ဘန်ကောက် လုမ္ပဏီနယ်မြေ လုမ္ပဏီလမ်းမကြီးဘေးရှိ ဘားဆိုင်တဆိုင်မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ ဗီယက်နမ်နိုင်ငံသူ အမျိုးသမီး ၁၀ ယောက်လည်း ဖမ်းဆီးအရေးယူခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: Chiangmai News / Khaosod / CH7 HD News










