DVB Logo
Home
မြန်မာသတင်း
သမီးသေလို့ အကူညီတောင်းသူ အပြစ်ရှိတယ်လို့ တရားရုံးဆုံးဖြတ်
DVB
·
September 13, 2013
Donate to DVB

သမီးငယ် ကျည်ဆံထိမှန်သေဆုံးတဲ့ကိစ္စကို စုံစမ်းဖော်ထုတ်ပေးဖို့ အကူညီတောင်းတဲ့ ကချင်ပြည်နယ် ဖားကန့် ဒေသခံ ဦးဘရန်ရှောင်ကို ဖားကန့်တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

ဦးဘရန်ရှောင်ရဲ့ ကိုးတန်းကျောင်းသူ သမီးငယ် မဂျာဆိုင်းအိမ်ဟာ မနှစ် စက်တင်ဘာ ၁၃ ရက်နေ့က ဖားကန့်မြို့နယ်အတွင်း ပစ်ခတ်မှုတခုမှာ ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တာ ဒီကနေ့ဆို တနှစ်တင်းတင်းပြည့်ပါပြီ။

သမီးသေဆုံးခဲ့ရပြီးနောက် ဒီဖြစ်စဉ်အမှန်ကို ဖော်ထုတ်ပေးဖို့ ဦးဘရန်ရှောင်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အပါအ၀င် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒီမေတ္တာရပ်ခံစာမှာပါရှိတဲ့ ဦးဘရန်ရှောင်ရဲ့ ဖော်ပြရေးသားချက်ဟာ မမှန်မကန်အချက်အလက်တွေပါရှိတယ်ဆိုပြီး ဖားကန့်အခြေစိုက် တပ်မတော် စစ်ဗျူဟာက တရားစွဲဆိုထားတာပါ၊

အဲဒီအမှုကို ဒီလ (၉) ရက်နေ့က ဖားကန့်မြို့နယ်တရားရုံးက စွဲချက်တင်လိုက်တာကြောင့် ဦးဘရန်ရှောင်ဟာ အပြစ်မရှိကြောင်း ခုခံကာကွယ်ရတော့မှာဖြစ်တယ်လို့ ဦးဘရန်ရှောင်ရဲံ့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပြပါတယ်။

ဒေါ်ရွက်နုအောင်က“ ဦးဘရန်ရှောင်အမှုနဲ့ပ့တ်သက်ပြီးတော့ တရားရုံးက ကိုးရက် ကိုးလ ၂၀၁၃ နေ့က သူက စွဲချက်တင်လိုက်တယ်ပေါ့။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၁၁ ပထမပိုင်းနဲ့ ဖြေရှင်းပါဆိုပြီး အဲလို အမိန့်ချလိုက်တယ်။ စွဲချက်တင်လိုက်ပြီဆိုတော့ ဒါက အပြစ်ရှိတယ်လို့ ရုံးတော်က သတ်မှတ်တဲ့သဘောပေါ့။ ပြစ်ဒဏ်တော့ မပေးသေးဘူး။ သို့သော် အပြစ်ရှိတယ်လို့ သတ်မှတ်တဲ့သဘောဖြစ်သွားတယ်” လို့ ပြောပါတယ်။

ဦးဘရန်ရှောင်ဟာ ကျန်ရှိတဲ့ကလေးနှစ်ယောက်နဲ့ အမှုရုံးချိန်းတွေကို ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ အထက်မြန်မာပြည် ရှေ့နေကွန်ယက်က အခကြေးငွေ မယူဘဲ လိုက်ပါဆောင်ရွက်ပေမယ့် ရှေ့နေက ဖားကန့်ထိ လာရတဲ့စရိတ်စက ရုံးစရိတ်တွေကျခံရတာတွေရှိပါတယ်။ ရုံးချိန်းတကြိမ်ကို သိန်းဆယ်ဂဏန်းထိ ကုန်ကျတဲ့အပေါ် အလှူရှင်တွေက ကူညီထည့်ဝင်ပေမယ့် ဦးဘရန်ရှောင်ဟာ အလုပ်အကိုင်ပျက်သလို စိတ်ဓာတ်ပါကျဆင်းနေပြီး တပူပေါ်နှစ်ပူဆင့် ဖြစ်နေတယ်လို့ ဖားကန့်လူမှုကူညီရေးအဖွဲ့က ကိုခင်မောင်ဝင်းက ပြောပါတယ်။

ဦးဘရန်ရှောင်ရဲ့အမှုကို လာမယ့် 23 ရက်နေ့ကို ရုံးချိန်းထားပါတယ်။ ဒါပေမယ့် ဦးဘရန်ရှောင်ဘက်က ဒီတရားရုံးအမိန့်နဲ့ပတ်သက်လို့ ပြင်ဆင်မှုတက်မယ်လို့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013