DVB Logo
Home
မြန်မာသတင်း
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ စည်းလွတ်ဘောင်လွတ်ပြောဆိုခဲ့ဟု ကြံ့ခိုင်ရေးပါတီဝေဖန်
DVB
·
January 10, 2021
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ စည်းလွတ်ဘောင်လွတ်ပြောဆိုခဲ့ဟု ကြံ့ခိုင်ရေးပါတီဝေဖန်
Donate to DVB

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးအနေနဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်ပြီး စည်းလွတ်ဘောင်လွတ်ပြောဆိုခဲ့တယ်လို့ ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။


ဇန်နဝါရီ ၈ ရက်က ပြုလုပ်ခဲ့တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရွေးကောက်ပွဲရလဒ်အပေါ် လက်သင့်မခံနိုင်ဘဲ ဝေဖန်နေကြသူတွေဟာ ကိုယ့်နိုင်ငံရေး ကိုယ်ကြိုးကွင်းစွပ်သူတွေ ဖြစ်တယ်လို့ ပြောကြားခဲ့သလို သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အနေနဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်တယ်လို့ ပြောကြားခဲ့မှုအပေါ် ကြံ့ခိုင်ရေးပါတီဘက်က ပြန်လည်ဝေဖန်လိုက်တာပါ။ 


ဦးဇော်ဌေးအနေနဲ့ ကိုယ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ဝင်ရောက်ပြောဆိုနေသလို ဥပဒေနဲ့အညီဆောင်ရွက်နေသူတွေကို ဖိနှိပ်ဆက်ဆံသလို ဖြစ်နေတယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ဇန်နဝါရီ ၁၀ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။


“ဒီကိစ္စတွေဟာ လက်ရှိ ကိုဇော်ဌေးအနေနဲ့ ပြောရမယ့်ကိစ္စတွေမဟုတ်ပါဘူး။ သူ့အလုပ်လည်း မဟုတ်ပါဘူး။ ခုဏ တရားရုံးက တရားသူကြီးက ဆုံးဖြတ်ခြင်းမပြုခင်၊ အမိန့်တစုံတရာ ဥပဒေနဲ့ညီတယ်မညီ၊ ဆုံးဖြတ်ခြင်း မပြုခင်မှာ ဥပဒေနဲ့ညီပါတယ်လို့လည်း ဝင်ရောက်ပြောဆိုစရာ အကြောင်းတရားမရှိဘူး။ ဒါတရားရုံးရဲ့ အလုပ်ဖြစ်ပါတယ်။ ဒါတွေကိုလည်း စည်းလွတ်ဘောင်လွတ်၊ စည်းကျော်ဘောင်ကျော်ပြောတာ တွေ့ရသလို ဥပဒေနဲ့အညီ ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုလည်း ဒီနေရာမှာ ဖိနှိပ်ပြောဆိုဆက်ဆံတာမျိုးကို တွေ့ရတယ်။”


ဒါ့အပြင် ကြံ့ခိုင်ရေးပါတီအနေနဲ့ အာဏာကို ငမ်းငမ်းတက်လိုချင်နေတာကြောင့် ရွေးကောက်ပွဲရလဒ်အပေါ် လက်သင့်မခံဘဲ ဝေဖန်ပြစ်တင်နေတာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။ 


သမ္မတရုံးပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားမှုဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောကြားပိုင်ခွင့်ကိုလည်း ထိခိုက်စေတယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။


“ကျနော်တို့အဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာ၊ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာပြောဆိုဝေဖန်ခွင့် လူတစ်ဦးချင်းစီသော်လည်းကောင်း၊ အဖွဲ့အစည်းချင်းသော်လည်းကောင်း သူတို့ရဲ့လွတ်လပ်စွာဝေဖန်ခွင့်ကို ကန့်သတ်ပိတ်ပင်ရာရောက်တယ်။ ဝေဖန်ရာရောက်တယ်။” 


ကြံ့ခိုင်ရေးပါတီအနေနဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်အပေါ် လက်ရှိအချိန်ထိ လက်ခံခြင်းမရှိသေးဘဲ သတင်းစာရှင်းလင်းပွဲတွေ၊ တောင်းဆိုမှုတွေကို အကြိမ်ကြိမ်ပြုလုပ်နေတာဖြစ်ပါတယ်။ 


ဒုတိယအကြိမ်လွှတ်တော် အထူးအစည်းအဝေးတစ်ရပ်ကိုလည်း ခေါ်ယူပေးဖို့ နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်စာပေးပို့ထားသလို၊ တပ်မတော်၊ တိုင်းရင်းသားပါတီအချို့က ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းကာ ပြည်ထောင်စုလွှတ်တော်နာယကထံ လက်မှတ်ထိုးတောင်းဆိုသွားဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။ 


အာဏာရပါတီဘက်ကတော့ တတိယအကြိမ်လွှတ်တော်သက်တမ်းအသစ်ကို လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ဖို့ ပြင်ဆင်နေပြီး အဲ့ဒီအစည်းအဝေးကို ကြံ့ခိုင်ရေးပါတီတွေ တက်ရောက်ဖို့ရှိမရှိကို ဆုံးဖြတ်ရခြင်းမရှိသေးဘူးလို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013