DVB Logo
Home
မြန်မာသတင်း
မြေယာတန်ဖိုးကြီးမြင့်မှုကို အစိုးရက ကိုင်တွယ်ဖြေရှင်းသွားမယ်
DVB
·
September 12, 2013
မြေယာတန်ဖိုးကြီးမြင့်မှုကို အစိုးရက ကိုင်တွယ်ဖြေရှင်းသွားမယ်
Donate to DVB

မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ ၂ ရက် အကြာပြုလုပ်ခဲ့တဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုဖိုရမ်မှာ ပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံရဲ့ မြေယာတန်ဖိုး ကြီးမြင့်နေတဲ့အပေါ် အလေးထား ပြောဆို ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

နေပြည်တော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်မှ ၁၁ ရက်အထိ ၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ရင်းနှီး မြုပ်နှံမှုဖိုရမ်မှာ မြေယာတန်ဖိုးကြီးမြင့်မှုအပေါ် ပြည်ပ ရင်းနှီးမြုပ်နှံသူတွေက အလေးထားပြောဆိုခဲ့တာပါ။ ဒါကြောင့် မြေယာတန်ဖိုးကြီးမြင့်မှုက နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုအပေါ် အတိုင်းအတာ တစ်ခုအထိ အဟန့်အတား သဖွယ် ဖြစ်တယ်လို့ အဆိုပါဖိုရမ်သို့ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ရင်းနှီးမြုပ်နှံမှုနှင့်ကုမဏီများ ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက အခုလို ပြောပါတယ်။

“မြေယာတန်ဖိုးကြီးမြင့်နေတာက တိုင်းပြည်ထဲကို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ၀င်လာဖို့အတွက် ဒါက အဟန့်အတားအဆီးသဖွယ် ဖြစ်တယ်ပေါ့နော်။ ဒါနဲ့ပတ်သတ်လို့ သူတို့ အလေးထားပြီး ထောက်ပြပြောဆိုကြတယ်။ မြေယာတန်ဖိုး ကြီးမြင့်တာက ဘာကြောင့်ဖြစ်တာလဲဆိုပြီးတော့ အမျိုးစုံ တင်ပြ ဆွေးနွေးကြတယ်။ တချို့ကလည်း ၀ယ်လိုအားနဲ့ရောင်းလိုအားကြောင့်ဖြစ်တယ်။ တချို့လည်း မြေယာ ကန့်သတ်မှုကြောင့်ဖြစ်တယ် အမျိုးမျိုးပေါ့နော်။ အဓိကကတော့ မြေယာတန်ဖိုးကြီးမြင့်တာက ရင်းနှီးမြုပ်နှံမှုဖိတ်ခေါ်တဲ့အပေါ်မှာတော့ အဟန့် အတားတစ်ခုပါ”

မြန်မာနိုင်ငံနည်းတူ အခြားနိုင်ငံတွေမှာလည်း မြေယာတန်ဖိုးကြီးမြင့်မှု ပြသနာက ရှိနေဆဲပါ။ ဒါကြောင့် မြေယာတန်ဖိုးကြီးမြင့်မှုကို အခြားနိုင်ငံတွေက ကိုင်တွယ် ဖြေရှင်းခဲ့တဲ့ နည်းလမ်းတွေရှိတာဖြစ်လို့ ဒီအပေါ် အလေးထား ကိုင်တွယ်ဖို့ လိုပါတယ်လို့ စီးပွားရေးသုတေသနပညာရှင် တဦးလည်း ဖြစ်ပြီး လက်ရှိ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံ တခုတည်း ဖြစ်ခဲ့တာမဟုတ်ဘူးခင်ဗျ။ အခြားနိုင်ငံတွေမှာလဲ ဒီလိုဘဲ ဖြစ်ခဲ့တာပဲ။ အိန္ဒိယ မှာဆိုရင်လဲ အခုချိန်ထိဖြစ်နေတာပဲ။ ကိုရီးယားမှာ ဒါကို ဘယ်လို ကိုင်တွယ်ခဲ့သလဲ။ ပြီးတော့ စင်္ကာပူမှာလည်း မြေယာကဏ္ဍမှာ ကန့်သတ်မှုက ရှိနေတာပဲ။ ဒီတော့ တခြားနိုင်ငံတွေမှာ ဘယ်လို ကိုင်တွယ်ခဲ့လဲ။ ဥပမာ- ဗီယက်နမ်မှာဆိုရင် သူ့နေရာနဲ့သူ ကန့်သတ်ပြီးတော့ မြေဈေးကို သက်မှတ်ထားတာရှိတယ်။ ဒီတော့ ကျွန် တော်တို့မြေဈေးက အကန့်အသတ်နဲ့ ရှိတဲ့ မြေဈေးဖြစ်မယ် ပြီးတော့ သင့်တင့်မျှတတဲ့ ဈေးနှုန်းဖြစ်ဖို့ လိုတာပေါ့နော်။ ပြီးတော့ အတော်များများနိုင်ငံတွေမှာ စီးပွားရေးစဖွင့်ပြီဆိုတာနဲ့ အဓိက အရင်ဦးဆုံး စလှုပ်တာကတော့ မြေဈေးပဲ။ ဒါကြောင့် အဲ့ဒါကို သေသေချာချာ စီမံခန့်ခွဲဖို့တော့ လိုပါတယ်”

မြန်မာနိုင်ငံမှာ မြေယာတန်ဖိုးကြီးမြင့်မှု အပါအ၀င် အခြား လိုအပ်ချက်တွေ ဖြစ်တဲ့ လျှပ်စစ်မီး မလုံလောက်မှု၊ ပြသနာတွေကအစ ရှိတာဖြစ်လို့ ဒါက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအပေါ် စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဒီဖိုရမ်မှာ ပြောဆို ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် ဒီပြဿနာတွေက မြန်မာ တစ်နိုင်ငံတည်းမှာ ရှိတာ မဟုတ်ပါဘူး။ အခြားနိုင်ငံတွေမှာလည်း အလားတူ ဖြစ်စဉ်မျိုးတွေ ၇ှိခဲ့တာပါ။ ဒါကြောင့် ဗီယက်နမ်နိုင်ငံမှာ ဆိုရင်  စီးပွားရေးစတင်ပြောင်းလဲ ဆောင်ရွက်ခဲ့တဲ့ ၁၉၈၆ ခုနှစ်က စလို့ အခုအချိန်ထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သတ်လို့ စိန်ခေါ်မှုက ရှိနေတုံးပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ စိန်ခေါ်မှုက အခြားနိုင်ငံတွေမှာ၇ှိတဲ့ စိန်ခေါ်မှုနဲ့ အတူတူပါပဲလို့ ဦးဆက်ဆောင်က သုံးသပ်ပြောပါတယ်။
ဒီဖိုရမ်ကို နိုင်ငံပေါင်း ၃၅ နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ အပါအ၀င် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဦးရေ ၈၅၀ ခန့် တက်ရောက်ခဲ့တာပါ။
ဒီတော့ ဖိုရမ်ကနေ မြန်မာနိုင်ငံအတွက် ဘယ်လိုအခွင့်အလန်း ရရှိနိုင်မယ်လို့ မျှော်လင့်ပါသလဲဆိုတာနဲ့ ပတ်သတ်ပြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမဏီများညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက အခုလို ပြောပါတယ်။

“ဒီဖိုရမ်ကိုလာတဲ့သူ ရာခိုင်နှုန်းအများစုက ရင်းနှီးမြုပ်နှပ်သူတွေ များပါတယ်။ ပြီးတော့ ကျွန်တော့်အမြင်တော့ အရမ်းကောင်းပါတယ်။ဘာလို့လဲဆိုတော့ ဥရောပငွေကြေး ကွန်ဖရင့်က တကမ္ဘာလုံး အနှံ့ စီးပွားရေးပွဲတွေ လိုက်လုပ်ပေးနေတာပါ။ သူတို့လုပ်တဲ့ဟာတွေကလဲ အောင်မြင်တယ်လေ။ ပြီးတော့ ဒီနှစ်တက်တဲ့ သူကလဲ မနှစ်ကတက်တဲ့သူထက် လူဦးရေ ပိုများတယ်။ နောက်တချက်က ဆွေးနွေးတဲ့ ခေါင်းစဉ်တွေက လက်ရှိကျွန်တော် ပြုပြင်ပြောင်းလဲနေတဲ့ အခြေအနေတွေ အပေါ် ဆွေးနွေးကြတာဖြစ်လို့ ဒီအချက်အလက်တွေကို လာတဲ့သူတွေ အားလုံးကို ပေးလိုက်နိုင်တယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တိုးမြင့်ရေး အစီအစဉ်ကို အများကြီး အထောက်အကူ ပြုမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”

သမ္မတဦးသိန်းစိန်က တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီဖိုရမ်ကနေ ပူးပေါင်းပါဝင်ဆောင်ရွက် သွားမယ်လို့ ပြောဆိုခဲ့တာပါ။ ဒါ့အပြင် ယခုအချိန်က မြန်မာနိုင်ငံအတွက် ရွှေရောင်လွမ်းတဲ့ အခွင့်အလန်းတခု ဖြစ်လို့ ဒါကပြောင်းလဲမှုရဲ့ ပြယုဂ်ပါလို့ မြန်မာ့ရင်းနှီးမြုပ်နှံမှုဖိုရမ်မှာ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013