DVB Logo
Home
ကျန်းမာရေး
မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။
DVB
·
January 9, 2021
မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။
Donate to DVB

ကိုဗစ်နဲ့ ပတ်သက်ပြီး လတ်တလောမှာ တစ်ကမ္ဘာလုံး စိတ်ပူနေကြတာကတော့ တတိယလှိုင်; ပါပဲ။ စကတည်းက ပညာရှင်တွေက ကိုဗစ်က လှိုင်းနဲ့ လာတတ်တယ်။ မျိုးဗီဇတွေပြောင်းတတ်တယ်လို့ သတိပေးထားပေမယ့်လည်း တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ ကြုံတဲ့အခါ အလဲလဲ အကွဲကွဲပါပဲ။ ဒါတောင် တိုးတက်ပါတယ်ဆိုတဲ့ အနောက်နိုင်ငံကြီးတွေပါ။ မြန်မာနိုင်ငံအနေနဲ့ရော ကိုဗစ်တတိယလှိုင်းရန်က လွတ်ပါ့မလား။ ဘာတွေကြိုပြင်ထားသင့်သလဲ။

ကိုဗစ်နဲ့ မျိုးဗီဇပြောင်းလဲမှု

သတိသာ မထားမိကြတာ ကိုဗစ်က မျိုးဗီဇပြောင်းလဲတာ မကြာခဏ ဖြစ်ပါတယ်။ ဒုတိယလှိုင်းတုန်းကလည်း ပြောင်းခဲ့သေးတာပဲ။ ခုလည်း ထပ်ပြောင်းပြန်ပါပြီ။ ဒီထဲမှာမှ လတ်တလော နာမည်ကြီးနေတာက ယူကေက ဗီဇပြောင်းပိုးနဲ့ တောင်အာဖရိကက ဗီဇပြောင်းပိုးပါပဲ။

ယူကေက ဗီဇပြောင်းကိုဗစ်ပိုး

ဒီဇင်ဘာ ၁၄ရက်နေ့လောက်က ယူကေက အာဏာပိုင်တွေက ဗီဇပြောင်းပိုးတွေ့တယ်လို့ WHOကို အသိပေးခဲ့ပါတယ်။ ဘာမှန်း ရေရေရာရာ မသိသေးတာကြောင့် SARS-CoV-2 VUI 202012/01 (Variant Under Investigation, year 2020, month 12, variant 01) လို့ခေါ်ခဲ့ပါတယ်။ မျိုးဗီဇနွယ် (Lineage)ကတော့ B.1.1.7 ပါ။ ဒါကြောင့် သူ့ကို အလွယ် B117လို့ပဲ ခေါ်ကြပါတယ်။

ထူးခြားချက်က အရင်ပိုးတွေထက် ၇၀ရာခိုင်နှုန်း ပိုပြီး ကူးစက်တာပါပဲ။ ဆိုလိုတာက အရင်က အယောက် ၁၀၀ ကူးရင် ခု ၁၇၀လောက် ကူးပါတယ်။ ပိုပြီး ပြင်းထန်လားဆိုတာကတော့ တိတိကျကျ မသိသေးပါဘူး။ ကလေးတွေမှာ ပိုဖြစ်နိုင်တယ်လို့ ပြောကြပေမယ့် လက်ရှိအခြေအနေအရ အသက်အရွယ်မရွေး ဖြစ်ပွားတာကို တွေ့ရပါတယ်။

အမေရိကန်၊ အီတလီ၊ သြစတေးလျ၊ ဒိန်းမတ်၊ နယ်သာလန် စတဲ့ အနောက်နိုင်ငံတော်တော်များများအပြင် အာရှမှာဆိုရင် အိန္ဒိယ၊ စင်ကာပူနဲ့ ထိုင်းမှာ တွေ့နေရပြီလို့ ဆိုပါတယ်။ လက်ရှိမှာတော့ နိုင်ငံပေါင်း ၄၀လောက် ယူကေကလူတွေကို ပြည်ဝင်ခွင့် ပိတ်ထားပါတယ်။

တောင်အာဖရိကက ဗီဇပြောင်းကိုဗစ်ပိုး

တောင်အာဖရိကက ဗီဇပြောင်းကိုဗစ်ပိုးကိုတော့ 501.V2. လို့ ခေါ်ကြပါတယ်။ ယူကေက ပိုးနဲ့ မတူပါဘူး။ နှစ်ခုလုံးက အရင်က ပိုကူးနိုင်တယ်လို့ ယူဆထားကြပေမယ့် ဘယ်လောက်ထိပြင်းထန်မလဲဆိုတာကတော့ မသိရသေးပါဘူး။

သြစတေးလျ၊ နော်ဝေနဲ့ ဂျပန်မှာ ဗီဇပြောင်းပိုးကို စတွေ့နေရပြီလို့ ဆိုပါတယ်။ ယူကေမှာလည်း ၂ယောက်တွေ့ထားပေမယ့် ၂ယောက်လုံးက တောင်အာဖရိကကို သွားခဲ့တဲ့ သူတွေနဲ့ ထိတွေ့ခဲ့သူတွေပါ။

မြန်မာက ဗီဇပြောင်း ကိုဗစ်ပိုး

မြန်မာနိုင်ငံမှာလည်း ဒီဇင်ဘာ ၃၀ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အရင်ဒုတိယလှိုင်းတုန်းက တွေ့ခဲ့တဲ့ GH strain အမျိုးအစားမှာ (D614G+Q57H) ဗီဇပြောင်းလဲမှုရှိပြီး မျိုးဗီဇနွယ် (Lineage)ကတော့ B.1.36 ပါ။ လတ်တလော ကမ္ဘာ့နိုင်ငံတွေမှာ ပျံ့နေတဲ့ မျိုးဗီဇမဟုတ်ပါဘူး။ စိုးရိမ်စရာကောင်းတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ သတင်းထုတ်ပြန်ချက်တွေကို ပုံမှန်နားစွင့်နေရုံပါပဲ။

မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။

လတ်တလောအခြေအနေအရ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာတွေလည်း နည်းလာပြီ။ တခြားနိုင်ငံမှာ တွေ့နေရတဲ့ ဗီဇပြောင်းပိုးတွေလည်း ရှာမတွေ့သေးဘူးဆိုတော့ စိတ်သက်သာရာတော့ ရပါတယ်။ ဒါပေမယ့် ကိုယ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ စင်ကာပူနဲ့ ထိုင်းမှာ ပိုးတွေ့နေရပြီဆိုတော့ ကိုယ်တွေဆီကို ရောက်မလာဘူးလို့ အာမမခံနိုင်ပါဘူး။ ဒါကြောင့် ပိုးတွေ့လူနာနည်းနေပေမယ့် သတိကြီးကြီးထားကြဖို့ လိုပါတယ်။

တတိယလှိုင်းအတွက် ဘာတွေပြင်ဆင်ထားပြီလဲ။

အစိုးရအနေနဲ့ကတော့ ဒီဇင်ဘာ၃၁ရက်နေ့ကစပြီး ဂရိတ်ဗြိတိန်နဲ့ နယ်သာလန်တောင်ပိုင်းက လာမယ့်သူတွေ ဒါမှမဟုတ် ဒီနိုင်ငံတွေကို လွန်ခဲ့တဲ့ ၁၄ရက်အတွင်းက အလည်အပတ်သွားထားတဲ့သူတွေကို လက်မခံတော့ပါဘူး။ ဒါ့ပြင် တခြားပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာမယ့်သူတွေကိုလည်း ကွာရန်တင်းရက်တိုးထားပါတယ်။ ဟိုတယ်ကွာရန်တင်း ၁၄ရက်၊ အိမ်မှာ ၇ရက် စုစုပေါင်း ၂၁ရက် နေရမှာပါ။ ဆေး၂ခါ စစ်ရပါမယ်။

ရန်ကုန်တိုင်း အစိုးရနဲ့ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနကလည်း တတိယလှိုင်းအတွက် စပြင်နေပြီလို့ ပြောသွားခဲ့ပါတယ်။

ကာကွယ်ဆေး အခြေအနေ

ကာကွယ်ဆေးတွေ ဝယ်ဖို့ အလှူငွေတွေတောင် ကောက်နေပြီ။ အစိုးရကလည်း ဝယ်ဖို့ ပြင်ဆင်နေပြီ။ ပိုးက ဗီဇပြောင်းနေတော့ ဆေးတိုးပါ့မလားလို့ စိုးရိမ်နေကြတဲ့သူတွေ ရှိပါတယ်။

လက်ရှိကာကွယ်ဆေးတွေက ဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်းတော်တော်များများကို မှတ်မိအောင် တီထွင်ထားတာကြောင့် တစ်နေရာလောက် ပြောင်းရုံနဲ့တော့ ကာကွယ်နိုင်စွမ်း မထိခိုက်ဘူးလို့ ပညာရှင်များက ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ ဒါက ကြီးမားတဲ့ ပြဿနာ မဟုတ်သေးပါဘူး။

ဒါပေမယ့် ဒီလိုသာ ခဏခဏပြောင်းနေရင်တော့ တစ်ချက်လောက် လွတ်သွားတာနဲ့ ကာကွယ်ဆေး ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ဗိုင်းရပ်စ်တွေဖြစ်လာမလား။ ကာကွယ်ဆေးတွေကို ပုံမှန်အဆင့်မြင့်ပြီး တုပ်ကွေးကာကွယ်ဆေးတွေလို နှစ်တိုင်းအသစ်ထိုးဖို့ လိုမလားဆိုတာကလည်း မေးခွန်းထုတ်စရာပါပဲ။

ပြည်သူတွေကရော ဘာတွေ ပြင်ဆင်ထားကြမလဲ။

အစိုးရကလည်း သူ့အလုပ်သူလုပ်၊ ပြည်သူကလည်း ကိုယ့်တစ်ကိုယ်ရည်စာ ရောဂါမကူး အောင် ဂရုစိုက်ရပါမယ်။ ပိုးတွေ့လူနာတွေ ကျလာတယ်ဆိုပေမယ့် အရင်လို နည်းလမ်းဟောင်းတွေကို မမေ့လိုက်ပါနဲ့။ ကာကွယ်ဆေးကလည်း ဝယ်ဖို့ ပြင်တုန်းမို့လို့ မထိုးရသေးမချင်း စိတ်ချလို့ မရသေးပါဘူး။

ခုချိန်မှာ ပိုးတွေ့လူနာနည်းလာတာတွေ၊ ကာကွယ်ဆေးမျှော်လင့်ချက်တွေနဲ့ ပေါ့ပေါ့ဆဆနေကြမှာကို စိုးရိမ်ပါတယ်။ မတော်တဆများ ဖြစ်လာခဲ့ရင် ကူးတာမြန်တဲ့အတွက် လူနာတွေ အချိန်တိုအတွင်းမှာ များလာနိုင်ပါတယ်။

တစ်နှစ်ကျော်လာပြီဆိုတော့ ကိုဗစ်ကို ခံတိုက်ဖို့ အင်အားနည်းလာပါပြီ။ ခုလိုမျိုး လူနာနည်းနေတာပဲ ကောင်းပါတယ်။ နောက်တစ်ကျော့သာ ပြန်လာခဲ့ရင် အစိုးရရော ပြည်သူရော ခံနိုင်ရည်မရှိမှာ စိုးတာကြောင့် အရင်လိုပဲ လက်ဆေး၊ နှာခေါင်းစည်းတပ်ပြီး ခပ်ခွာခွာနေကြဖို့ အကြံပြုလိုပါတယ်။ ဒါက အရိုးရှင်းဆုံး ကာကွယ်ဆေးပါပဲ။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ 

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013