DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ဆေးဝယ်ရန် အလှူငွေ ကျပ်သန်း ၁၄၀၀ ခန့်နှင့် ကန်ဒေါ်လာ ၂ ဒသ မ ၅၅ သန်းရရှိထား
DVB
·
January 9, 2021
ကိုဗစ်ဆေးဝယ်ရန် အလှူငွေ ကျပ်သန်း ၁၄၀၀ ခန့်နှင့် ကန်ဒေါ်လာ ၂ ဒသ မ ၅၅ သန်းရရှိထား
Donate to DVB

ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ သန်း ၃၀ ဝယ်ယူဖို့ စာချုပ်ချုပ်ထားပြီး အလှူငွေ ကျပ်သန်းပေါင်း ၁၄၀၀ လောက်နဲ့ အမေရိကန်ဒေါ်လာ ၂ ဒသ မ ၅၅ သန်းရနေပြီလို့ ဦးဇော်ဌေးက ပြောပါတယ်။


ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်ကနေ ၂၄ ရက်နေ့ထိ သွားရောက်ခဲ့ပြီး Serum Institute of India Co,Ltd ကထုတ်တဲ့ ကာကွယ်ဆေးဝယ်ယူဖို့ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။


ဇန်နဝါရီလ ၈ ရက်နေ့ကပြုလုပ်တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောတာဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်နေ့က ကုန်အမှာစာ ပို့လိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။


“ကျနော်တို့ အစောဆုံးရအောင်မှာထားတယ်။ မှာထားတော့ ပထမဦးဆုံး ဒုတိယ အသုတ် ပိုက်ဆံလွှဲရမယ့် ၁၀ သန်း ပေါ့။ ၁၀ သန်း ဘယ်အချိန်ရမလဲဆို ကျနော်တို့မှန်းတာတော့ အမြန်ဆုံးတော့ လုပ်နေတယ်။ လုပ်နေတဲ့အပိုင်းမှာ အခု တဝက် ၇၅ သန်းကို ၁၄ ရက်နေ့ နောက်ဆုံးထားပြီး လွှဲပြီးသွားပြီ။ ဟိုဘက်က ဆေးတွေ တင်ပို့ဖို့လုပ်ရမယ်။ လုပ်တဲ့ဟာကိုလည်း မြန်အောင်လို့ ညှိနှိုင်းနေတယ်။ ဖေဖော်ဝါရီလထဲ ရနိုင်မလားလို့ ဦးတည်ပြီး လုပ်တယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ ရ ရမယ်လို့ ပြောတာမဟုတ်ဘူး။ ဒါ ကျနော်တို့ တနိုင်ငံထဲတင် ပြောလို့မရဘူး။ အိန္ဒိယဘက်ကလည်း အမြန်ဆုံး ပို့ပေးဖို့ ညှိနေပါတယ်။ မျှော်မှန်းတာကတော့ ဖေဖော်ဝါရီ ရမလားပေါ့” လို့ ဦးဇော်ဌေးက ပြောပါတယ်။


မှာထားတဲ့ ကိုဗစ်ကာကွယ်ဆေးသန်း ၃၀ ဟာ လူတယောက်ကို ၂ ကြိမ်ထိုးရမှာဖြစ်တဲ့အတွက် လူဦးရေ ၁၅ သန်းအတွက်ဖြစ်ပြီး သန်း ၃၀ စာအတွက် အမေရိကန်ဒေါ်လာသန်း ၁၅၀ ကုန်ကျမှာဖြစ်ပါတယ်။ 


ဒီသန်း ၁၅၀ ကို ၃ ရစ် ၂ ကြိမ်ခွဲပေးရမှာ ဖြစ်လို့ တဝက်ဖြစ်တဲ့ ၇၅ သန်းကို MFDB ဘဏ်ကနေ ငွေလွှဲဖို့ ဆောင်ရွက်နေပြီး ဇန်နဝါရီ ၁၄ ရက်နေ့ နောက်ဆုံးထား လွှဲရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကျန်တဲ့ တဝက် ၇၅ သန်းကိုတော့ မြန်မာနိုင်ငံကို ကာကွယ်ဆေး ၁၀ သန်းရောက် လာရင် လွှဲပေးရမှာဖြစ်ပါတယ်။


ဇန်နဝါရီလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ထိ ၂ ရက်ပေါင်း ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ လှူဒါန်းမှုဟာ မြန်မာကျပ်ငွေအနေနဲ့ လူပုဂ္ဂိုလ် ၁၁၇ ဦးက လှူဒါန်းတာ သန်းပေါင်း ၁၄၀၀ နီးပါးရရှိပြီး လူပုဂ္ဂိုလ် ၅ ဦးက လှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ ၂ ဒသ မ ၅၅ သန်းရရှိနေပြီဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။


Covid Shield လို့အမည်ရတဲ့ ဆေးကို ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးပေးမှာဖြစ်ပြီး တနိုင်ငံလုံးမှာ ကျန်းမာရေးဝန်ထမ်း ၁၁၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ကိုဗစ်ကာကွယ်ဆေးရရှိဖို့အတွက် တရုတ်နိုင်ငံနဲ့လည်း ညှိနှိုင်းထားသလို ဖွံ့ဖြိုးဆဲနိုင်ငံတွေရမယ့် WHO ရဲ့ ကာကွယ်ဆေးရရှိရေးလုပ်ငန်းစဉ်မှာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။


Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီအနေနဲ့ Covid 19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေထူထားပြီး နိုင်ငံတော်က နိုင်ငံခြားငွေစာရင်းမှာ မတည်ရန်ပုံငွေကျပ် ၃၃၈ ဘီလီယံခန့်နဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာသန်း ၂၅၀ ကို စတင်ထည့်ပေးထားမှာဖြစ်သလို မြန်မာကျပ်ငွေစာရင်းမှာ မတည်ရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ကို စတင် ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013