The World Wide KTV မန်နေဂျာအပါအဝင် ၈ ဦးကို စတင်တရားစွဲဆို

ကိုဗစ်-၁၉ ကာလအတွင်း ဖွင့်လှစ်ခဲ့တဲ့ World Wide KTV မန်နေဂျာအပါအဝင် ၈ ဦးကို ဗဟန်းမြို့နယ်တရားရုံးမှ ဇန်နဝါရီလ ၈ ရက်နေ့က စတင်တရားစွဲဆိုလိုက်ပါတယ်။
World Wide KTV မှာ လာရောက်စားသောက် ပျော်ပါးခဲ့သူ ၇ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ၃၀ (က) နဲ့ တရားစွဲဆိုလိုက်တာပါ။
World Wide KTV ဆိုင်မန်နေဂျာကိုတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့ကာ တရားလိုပြသက်သေ အယောက် ၂၀ တင်ပြထားတယ်လို့ ဗဟန်းမြို့နယ်တရားရုံးက သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့ ရုံးချိန်း ပြန်လည်ချိန်းဆိုထားပြီး တရားလိုကို စတင်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ဗဟန်းမြို့နယ်ရှိ World Wide KTV ကို ကိုဗစ်ကာလအတွင်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ခဲ့တာကြောင့် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၇ ရက်နေ့က မန်နေဂျာအပါအဝင် ၈ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ဗဟန်းမြို့မရဲစခန်း (ပ) ၁၁၅၇/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၃၀ (က) နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
Photo - Ye Myo Khant / MPA











