
မြန်မာဘက်ခြမ်းကနေ တာ့ခ်ခရိုင် မဲဆောက်ဘက်ကို တရားမဝင် ဝင်ရောက်လာတဲ့ ထိုင်း ၂ ဦး နဲ့ နိုင်ငံခြားသား ၂ ဦးတို့ကို တာဝန်ရှိသူတွေက ဒီနေ့မနက် စောင့်ကြပ်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရတ်တီဗွီသတင်းမှာ ဖော်ပြပါတယ်။
မဲဆောက်မြို့နယ် အမျိုးသားလုံခြုံရေးတပ်ဖွဲ့၊ စစ်တပ်၊ နယ်မြေခံရဲ နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မဲဆောက်မြို့နယ် မဟာဝမ်းအုပ်စု မဲ့ကုန်းကင်းမိုင်ကျေးရွာရှိ တောအုပ် ဘက်မှာ လုံခြုံရေးယူပြီး အဝေးကြည့်မှန်ပြောင်းတွေနဲ့ပါကြည့်ရှုစဉ် မြန်မာနယ်စပ်ဘက်ကနေ ဝင်လာတဲ့ ကားမီးရောင်ကို လှမ်းမြင်ရကြောင်း၊ အဆိုပါကားဟာ ပြောင်းခင်းထဲကို အမြန်မောင်းနှင် ဝင်ရောက်လာစဉ် တာဝန်ရှိသူတွေက လူယောင်ထွက်ပြကာ ရပ်တံ့စစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူ က ပြောပါတယ်။
အဆိုပါကားဟာ တံခါး ၄ ခုပါ တိုယိုတာဟိုင်းလပ်စ် အမျိုးအစားဖြစ်ပြီး ကားနောက်ခြမ်းမှာ အထုပ်အပိုးတွေ တင်ဆောင်လာကြောင်း၊ အစက အသက် ၅၀ နှစ်ရွယ်ရှိ နိုင်းဘူရင်း ဆိုသူ ထိုင်းလူမျိုးယာဉ်မောင်းတစ်ဦးတည်းသာတွေ့ရပေမယ့် ကားထဲမှာ ပုန်းပြီးလိုက်လာတဲ့ နောက်ထပ် အမျိုးသား ၂ ယောက် နဲ့ အမျိုးသမီး ၁ ယောက်တို့ကိုပါ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ အမျိုးသား ၂ ယောက်မှာ မလေးရှားနိုင်ငံသားနဲ့ စင်ကာပူနိုင်ငံသား တို့ဖြစ်ပြီး အမျိုးသမီးမှာ ထိုင်းနိုင်ငံသားဖြစ်ကြောင်း ၊ သူတို့တတွေဟာ အစက မြန်မာဘက်ခြမ်းမှာ တရုတ်နိုင်ငံသားတွေဖွင့်လှစ်ထားတဲ့ စီးပွါးရေးဇုန် တစ်ခုထဲ သွားရောက်အလုပ်လုပ်ဖို့ဖြစ်ပေမယ့် မြန်မာဘက်ခြမ်းမှာလည်း ကိုဗစ်-၁၉ ကူးစက်မှုတွေရှိနေလို့ အာဏာပိုင်တွေက နယ်မြေထဲ အဝင်မခံတာနဲ့ ထိုင်းကို ပြန်လှည့်လာခဲ့ကြောင်း၊ ထိုင်းကားသမားက သူတို့ကို သွားကြိုလာတဲ့အခါ ခုလိုဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ကိုအဖျားတိုင်းရာမှာ အားလုံးပုံမှန်အခြေအနေရှိပေမယ့် ကွာရန်တင်း စင်တာမှာ ၁၄ ရက် အသွားအလာကန့်သတ်ထားပြီး လဝက ဥပဒေနဲ့ရော ကိုဗစ် ၁၉ ကာကွယ်ရေး အရေးပေါ်ဥပဒေတွေနဲ့ပါ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ကိုးကား- Matichon










