DVB Logo
Home
Lead Story
ကမ္ဘာကြီးကိုကယ်တင်ဖို့ အမှိုက်တွေ မီးမရှို့ ကြပါနဲ့  
DVB
·
January 8, 2021
ကမ္ဘာကြီးကိုကယ်တင်ဖို့ အမှိုက်တွေ မီးမရှို့ ကြပါနဲ့  
Donate to DVB

ဆောင်းဦးလေလေး ရောက်လာရင် ခပ်စိမ့်စိမ့် အေးတဲ့အရသာကို ခံစားလာရမှာဖြစ်ပါတယ်။ မြို့ပြနဲ့ အဝေးတနေရာက နေရာတစ်ခုမှာဆို ဆောင်းဦးလေရဲ့အရသာကို ထိထိမိမိခံစားမိမှာဖြစ်ပါတယ်။ တကယ်တော့ ဆောင်းလေရဲ့ဒဏ်ကြောင့် ရွက်ဝါတွေလည်း မြေခကြရပါတယ်။

ရွာတစ်ရွာရဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ ကြက်တွန်သံ၊ အုန်းမောင်းသံ၊ တံမျက်စည်းလှည်းသံတွေနဲ့အတူ လုပ်ငန်းခွင်၀င်ရေး ပြင်ဆင်ချက်ပြုတ် အိုးခွက်သံတွေက မပါမဖြစ်အသံတွေပဲဖြစ်ပါတယ်။ ရွက်ခြောက်တွေကို စုပုံလှည်းကျင်းပြီး နေမထွက်ခင် မီးပုံရှို့ကြတဲ့ ဓလေ့တွေက ယနေ့အချိန်ထိကို ဟိုတစ သည်တစ ရှိကြပါသေးတယ်။

ကမ္ဘာကြီးက ဖျားနာနေတာ လူတွေသတိမူမိကြဖို့ အချိန်ရောက်နေပါပြီ။ ကပ်ရောဂါက တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်သတ်ဖြတ်သွားတာ လက်တွေ့ပဲမဟုတ်လား။ မြေဆီမြေနှစ်တွေ ခမ်းခြောက်လာပြီး လုပ်စားကိုင်စားလို့ မဖြစ်တာတွေ သတိမူသင့်ပါပြီ။ သစ်ရွက်နဲ့ သစ်ကိုင်းခြောက်‌တွေက ကမ္ဘာ့မြေဆီမြေနှစ်တွေကို ဟန်ချက်ညီညီအသက်ဆက်ပေးကြတဲ့ အရာတွေမှန်း သိချိန်တန်ပါပြီ။ ဒီအရာတွေက မြေဆွေးအဖြစ်ကနေ ကောင်းမွန်တဲ့ မြေဆီလွှာဖြစ်လာတယ်ဆိုတာကို သတိပြုပေးကြဖို့ဖြစ်ပါတယ်။

လေထုညစ်ညမ်းနေတဲ့ အခြေအနေတစ်ခုကို တောရောမြို့ပါ ခံစားနေကြရပါတယ်။ မြို့ပြကြီးကို ယန္တရားကြီးတွေနဲ့ လည်ပတ်အားကောင်းကောင်း လည်ပတ်နေတာဆိုတော့ လေထုအရည်အသွေးတိုင်းရင် တောရွာထက်မြို့ပြကြီးက ပိုပြီးမွန်းကြပ်စရာဖြစ်နေမှာ လက်ခတ်မလွဲဖြစ်ပါတယ်။

Green Youth Team က အွန်လိုင်းပေါ်က အခုလို ပညာပေးသုံးသပ် ‌ပြောဆိုထားပါတယ်။ သူတို့အဖွဲ့က လတ်တလော ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြတဲ့ အမှိုက်တွေ မီးမရှို့ဖို့ ပြောဆို ငြင်းခုံနေတဲ့အပေါ် လုထုပညာပေး အစီစဉ်ကို ဆောင်ရွက်နေကြတာပါ။

"ကျနော်တို့ မြန်မာနိုင်ငံမှာ လေထုညစ်ညမ်းမှုတွေ များစွာဖြစ်ပေါ်နေပါတယ်။ လေထုညစ်ညမ်းခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ချက်က အမှိုက်တွေကို မီးရှို့ခြင်းပဲဖြစ်ပါတယ်။ သစ်ရွက်ခြောက်၊ ပလတ်စတစ် ၊ စက္ကူစတဲ့ အမှိုက်တွေကို မီးရှို့လိုက်တဲ့အခါ လူသားတွေနဲ့ ပတ်၀န်းကျင်ကို ဆိုးကျိုးများစွာ ဖြစ်ပေါ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်စတဲ့ ဓာတုဓာတ်ငွေ့တွေနဲ့ မီးခိုးငွေ့တွေ ထွက်လာစေပါတယ်။ အဲဒီ ဓာတ်ငွေ့တွေနဲ မီးခိုးငွေ့တွေကို ရှူလိုက်မိပြီဆို အသက်ရှူလမ်းကြောင်း ယားယံတာတွေ၊ အဆုတ်ရောင်ရမ်းတာတွေအပြင် နှလုံးရောဂါ၊ ကင်ဆာရောဂါတွေအထိ ဖြစ်ပေါ်စေနိုင်ပါတယ်။

ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေ အတွက် ပိုလို့တောင် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အမှိုက်မီးရှို့ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေက မီးရှို့လိုက်တဲ့သူ တစ်ဦးတစ်ယောက်တည်း ခံစားရတာမဟုတ်ပါဘူး။ အနီးအနား ရှိတဲ့သူတွေနဲ့ ပတ်၀န်းကျင်ကိုပါ ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ 

ဆောင်းတွင်းဆိုတာ အားကစားလုပ်ရတဲ့ကာလပါ။ အမှိုက်တွေ မီးရှို့ရတဲ့ကာလ မဟုတ်ပါဘူး။ ဘယ်သူတစ်ဦးတစ်ယောက်မှ အကျိုးမရှိစေတဲ့ မီးရှို့ခြင်းကို ရပ်တန့်လိုက်ပါ။ ကျနော်တို့ ဆွေးမြေ့လွယ်တဲ့ သစ်ရွက်ခြောက်တွေ၊ သစ်ကိုင်းခြောက်တွေကို မီးမရှို့ကြပါနဲ့၊ မြေဆွေးပြုလုပ်ပါ။ ဒါမှမဟုတ် သစ်ပင်၊ ပန်းပင်အောက်ခြေမှာ စုပုံထားခြင်းဖြင့် အစိုဓာတ်ကို ကြာရှည်ခံ‌အောင် ထိန်းသိမ်းထားနိုင်ပါတယ်။ မလိုအပ်ဘဲ အမှိုက်တွေကို ဖျက်ဆီးမိရာကနေ ရှောင်ကျဉ်ပါ။ ပြန်သုံးလို့ရတာများကို ပြန်သုံးပါ။ ပလပ်စတစ်သုံးစွဲမှုကို လျှော့ချပါ။ နေ့စဉ်အမှိုက်များကို မြို့တော်စည်ပင်သာယာထံသို့ စနစ်တကျ ပုံမှန် စွန့်ပစ်ပါ။ ဒါဆိုရင် ကျနော်တို့ သန့်ရှင်းတဲ့လေ ရှူရှိုက်ရင်း ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်ကို ဖန်တီးနိုင်မှာ အသေအချာပါပဲ။"

အမှိုက်‌တွေ မီးရှို့တာကြောင့် ပတ်၀န်းကျင်မှာ ဘယ်လိုတွေဖြစ်လာလဲ‌ဆိုတော့ ပထမဦးစွာ pollution အကြောင်း အနည်းငယ်ပြောပြပေးချင်ပါတယ်။ pollution မှာဆိုရင် soil pollution၊ water pollution၊ air pollution၊ radioactive pollution နဲ့  noise pollution ဆိုပြီးတော့ ၅ မျိုး ရှိပါတယ်။

အခု ကျနော်တို့ air pollution လေထုညစ်ညစ်ခြင်း အကြောင်း ပြောပြပေးလိုပါတယ်။ ပလတ်စတစ်နဲ့ အမှိုက်တွေမီးရှို့ခြင်းက air pollution ကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းအရာများထဲက တစ်ခုဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့် အန္တရာယ်အမျိုးမျိုးနဲ့ ကြုံတွေ့နေရပါတယ်။ဒါဆို ကျနော်တို့ ဘယ်လိုကာကွယ်မလဲ။

လွယ်ပါတယ် ကျနော်တို့ 3R လမ်းစဉ်အတိုင်း လိုက်လုပ်ရင် ဖြစ်ပါတယ်။ 3R ဆိုတာဘာလဲ။ 3R ဆိုတာ Reduce( လျှော့ချ)၊ Reuse(ပြန်သုံး)၊ Recycle(ပြန်ပြင်သုံး) ကို ခေါ်ပါတယ်။ ပလတ်စတစ်လိုအရာတွေကို လျှော့ချနိုင်သမျှ လျှော့ချပြီး အသုံးပြုတဲ့အလေ့အကျင့်ရှိဖို့ပါ။ တစ်ခါတစ်ရံ အမှိုက်ထဲကနေ ပြန်သုံးလို့ရနိုင်တာတွေလည်းရှိပါတယ်။ တချို့အမှိုက်တွေက ပြန်ပြီး အသစ်အဆန်းလုပ် ပြန်သုံးလို့ရတာတွေ ဘေးပတ်၀န်းကျင်မှာ အများအပြားတွေ့ရမှာဖြစ်ပါတယ်။

ကမ္ဘာကြီးကို ကယ်တင်ပါ။ အမှိုက်တွေ မီးမရှို့ပါနဲ့။ အမှိုက်တွေမီးမရှို့တာဟာ ကမ္ဘာကြီးကို ကယ်တင်ခြင်းပါ။ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီး တစ်စတစ်စနဲ့ ဖျားနာလာနေတာကို ကယ်တင်ပေးပါ။ ကမ္ဘာကြီးကို ကယ်တင်ခြင်းက ကိုယ့်အသက်ကို ကိုယ်ကယ်တင်ရာလည်း ရောက်ပါတယ်။ ။

စသူရကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013