DVB Logo
Home
Lead Story
ကဗျာစာဆို ရိုးဒီဆိုတာ
DVB
·
January 8, 2021
ကဗျာစာဆို ရိုးဒီဆိုတာ
1 / 3
Donate to DVB

အို…မြန်မာမေ

အသင်လိုချင်တာတွေလည်းအသင်ရပါစေ

ကဗျာဆရာတွေလိုချင်တာလဲ

ကဗျာဆရာတွေရပါစေ

ကောင်းသောနေ့ပါ မြန်မာမေ ။ 

(ရိုးဒီ၏ ဒေါ်အောင်ဆန်းစုကြည်ဂုဏ်ပြုကဗျာမှ) 

ရိုးဒီဆိုတာ . . .

ဇန်နဝါရီ၊ ၈ ရက်ဆီမှာ

ထောင့်ကိုးရာလွန်၊ 

ခွန်နှစ်ဆယ့်ခွန်ကမွေးခဲ့သူ။ 

(မောင်တူး)   

၂၀၂၁ ဇန်နဝါရီ ၈ ရက် ရိုးဒီ ၄၄ နှစ် သတိတရ။

ရိုးဒီဆိုတာ ကဗျာဆရာပါ။ သူကို ကဗျာစာဆို ရိုးဒီလို့ ဆိုချင်တယ်။ ဘာကြောင့်လဲ။ သူဟာ ကဗျာရေးကျွမ်းကျင်ပိုင်နိုင်တဲ့ ကဗျာ ဆရာ တယောက် ဖြစ်ယုံမက ဝမ်းတွင်ပါ စာဆိုဉာဏ်နဲ့ ဖွဲ့ရေးနိုင်သူမို့ ဖြစ်ပါတယ်။ 

သူဟာ ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက် မန္တလေးမှာ ကွယ်လွန်သွားခဲ့ပါပြီ။ “မြန်မာမေ”၊ “စစ်”၊ “သူမ” ၊ “သေတမ်းစာ”၊  “မိကဗျာ”၊ “ကဗျာပတ်လည်ရက် ၈၀”၊ “ငါ့နားထင်ကို တေ့ထားတဲ့သီချင်း”၊ “အသံ မစုံတဲ့ တေး”၊ “ကဗျာဆရာရေးတဲ့ပန်းချီ” စတဲ့ စတဲ့ များလှစွာပါ၊ ကဗျာပွင့်သီး၊ တလှေကြီး ရေးခဲ့သူပေါ့။ ကဗျာစာအုပ်တွေလည်း စုပေါင်း ကဗျာစာအုပ်တွေထဲ ဝင်ရေးခဲ့တဲ့အပြင် “ရိုးဒီ+ရိုးဒီ”၊ “ရိုးဒီ+ ၃၈ ၃၈+ ကဗျာ”  ၊ “ကန္တာရပန်းကလေး သို့” ၊ “ရိုးဒီ= ၄၀ ၄၀= ကဗျာ” စုစုပေါင်း ၄ အုပ်ထုတ်ခဲ့ပါတယ်။ 

ဒါအပြင် သစ်ပင်စိုက် သလိုမျိုး ကဗျာတွေကို စိုက်ပျိုးခဲ့တာမှာ Poetry House ကဗျာစာအုပ် သက်သက် အရောင်းဆိုင်ကလေးနဲ့ ကဗျာစာအုပ်တွေ ထုတ်ဝေခဲ့တဲ့အထိ ကဗျာအပေါ် အကျိုးပြုခဲ့သူ ဖြစ်ပါတယ်။ သူ့ကို ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ၈ ရက်က မွေးခဲ့တာမို့ သူ သက်ရှိ ထင်ရှား ရှိနေမယ်ဆိုရင် အခု ၂၀၂၁ ဇန်နဝါရီ ၈ ရက်ဟာ ကဗျာစာဆို ရိုးဒီရဲ့ အသက် ၄၄ နှစ်ပြည့်ပေါ့။  သူ့ကို သာမန် ကဗျာဆရာလို့ မပြောပဲ “ကဗျာစာဆို” လို့ ပြောရတာက ဝမ်းတွင်းပါ စာဆိုဉာဏ်နဲ့ ဖွဲ့ရေးနိုင်သူမို့ ဖြစ်ပါတယ်။

ကဗျာဆရာနှင့် စာဆို ခြားချင်တိုင်း ခြားလေစွ။

စာတတ်သူ ကဗျာစပ်နည်း တတ်သူတိုင်း ကဗျာဆရာ ဖြစ်နိုင်သည်။

သို့ရာတွင် ပင်ကိုယ် စာဆိုဉာဏ်ပါအောင် ဖွဲ့ဆိုနိုင်သူမှသာ စာဆို ဖြစ်နိုင်သည်။ 

စာကို သင်ယူလျှင်တတ်သည်။ 

ကဗျာစပ်နည်းကို သင်ယူလျှင်တတ်သည်။

ဝမ်းတွင်းပါ စာဆိုဉာဏ်ကား သင်ယူ၍ တတ်ဖို့ ဝေးလေစွ။ 

(ဇော်ဂျီ)

ရိုးဒီကို မန္တလေးမြို့မှာ အဖဦးအေးမောင် အမိ ဒေါ်တင်တင်မာ တို့က ၁၉၇၇၊ ဇန်နဝါရီ ၈ ရက်နေ့ မွေးဖွားခဲ့တယ်။ အမည်ရင်း ထွန်းထွန်းစိုးဖြစ်ပြီး ကဗျာလောကကို “အသံမစုံတဲ့တေး” ကဗျာနဲ့ ၂၀၀၃ ခုနှစ်က မြားနတ်မောင်မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခံရပြီး ဝင်ရောက်ခဲ့တယ်။ ဒဏ်ရာရသူများစာရင်း၊ ဆိုပါစို့၊ Made in Mandalay၊ ငါ့နားထင်ကို တေ့ထားတဲ့ သီချင်း၊ ဈာပနကဗျာတို့ မှာ လူသိများခဲ့ပါတယ်။

 ရိုးဒီဟာ ၂၀၀၃ ခုနှစ်မှာ မန္တလေး ရတနာပုံတက္ကသိုလ်က ရုက္ခဗေဒ အဓိကနဲ့ ဘွဲ့ရခဲ့တယ်။ မောင်နှမ ၃ ယောက်ရှိပြီး သူ့အကို ကိုမျိုးမင်းစိုးဟာ နာမည်ကြီး ဒီဇိုင်နာတဦးပါ။ ကဗျာစာအုပ် “ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” (ထွဏ်းသွေးအိမ်၊ ကိုအိမ့် တို့နဲ့ပူးတွဲ ထုတ်ခဲ့တယ်။)၊ “တကိုယ်တော် သုံးယောက်ကဗျာများ” (မိုးရင့်ကြယ်၊ လင်းဝေဟင်မိုးတို့ နဲ့ ပူးတွဲထုတ်တယ်။ “၁၂ ယောက် ၁၂ ပုဒ် ဂီတ ကဗျာ” (နေမျိုး၊ ကိုထက်(ရေဦး)၊ မောင်နီဦး၊ ထွန်းလွင်သွယ်(ဆူးဖြူရိပ်)၊ စံညိမ်းဦး၊ မောင်နိုင်လင်း (ကောလင်း)၊ ထွဏ်းသွေး အိမ်၊ မိုးရင့်ကြယ်၊ မျိုးနေနွယ်၊ မင်းနဒီခတို့နဲ့) ရိုးဒီ ပါဝင်ရေးသားခဲ့တယ်။ 

“အသံ မစုံတဲ့ တေး”

စက်ချုပ်သံ တဂျုပ်ဂျုပ်မှာ

တို့ တတွေ ကို မမောတမ်း တင်ဆောင်ခဲ့တဲ့

အလံမဲ့ ရထားလေးဟာ မေမေဆိုလို့ရှိရင်

ပျော်ရွှင်မှုကို အိမ်ပြင်ထွက်ရှာတတ်တဲ့

အသိုက်မေ့ ငှက်တစ်ကောင်ဟာ ဖေဖေ ပေါ့။

ကံကြမ္မာရဲ့ လက်မြန်ခြေမြန်နိူင်မှုထဲ

ပလပ်တစ်ပေါက်လွတ်

တို့ မိသားစု ဖန်သားပြင်လေး

အခုထိ

ရုပ်မြင်အသံ မကြားသေး။ ။ (ရိုးဒီ) မြားနတ်မောင်မဂ္ဂဇင်း ၂၀၀၃

ဒီကဗျာဟာ ရိုးဒီ တက္ကသိုလ် ဘွဲ့ရတဲ့နှစ်မှာ ရေးတဲ့ကဗျာပေါ့။ သူဟာ ကဗျာတွေ ရေးနေခဲ့ပါတယ်။ သူ့မှာ ဖေ့စ်ဘွတ် အကောင့် ၂ ခုရှိတယ်။ သူရေးခဲ့တဲ့ ကဗျာတွေဟာ သူ့ဖေ့စ်ဘွတ်ခ် စာမျက်နှာ ၂ ခုအတွင်း ဖောခြင်းသောခြင်း ဖြစ်နေတာမှ ပလူပျံလို့ နေပါတယ်။  

ရိုးဒီဆိုတာ . . .

ဉာဏ်ပါပါနဲ့၊ ကဗျာပွင့်သီး

တလှေကြီးရေးခဲ့သူ။ လို့ ဆိုရင် မမှားဘူးလေ။ ရိုးဒီရဲ့ ရေးဖော် ကဗျာဆရာ မင်းနဒီခကတော့ 

“ရိုးဒီဟာ လူငယ်ဆိုတော့ နည်းနည်း အရိုင်းဆန်ကောင်းဆန်မယ်။ ဆံပင်အရှည်နဲ့၊ ဂျင်းဘောင်းဘီဒူးအပြဲနဲ့ လက်ရှည်ကို ကြယ်သီးဖြုတ်ဝတ်ပြီး အရိုးခေါင်းပါတဲ့ ဆွဲကြိုးကို ဆွဲတယ်။ လမ်းထိပ်အုတ်ခုံမှာ ဂစ်တာတီးချင် တီးမယ်။ အရက်ဆိုင်မှာ မိုးလင်းပေါက်ထိုင်ပြီး ကဗျာရေးချင်ရေးမယ်။ မတရားတာ မလုပ်ဘူး။ မတရားမှုကို လက်မခံဘူး။ ငွေထက် ကဗျာ အနုပညာနောက်ကို လိုက်တယ်။ ငွေနောက်လိုက်ရင် ငွေရမှာ သိပေမယ့် ကဗျာရချင်လို့သက်သက် ကဗျာ နောက်ကို လိုက်ခဲ့တာ။” လို့ “ရိုးဒီ = ၄၀ မှ ၅၀ ...၆၀ . . .+ ကဗျာ သို့ ဆုတောင်းခဲ့ပေမယ့်လည်း အခုတော့” ဆိုတဲ့ ဆောင်းပါးမှာ ၃၁- ၁ -၂၀၁၆ က ရေးခဲ့ပါတယ်။

“မိကဗျာ (၂)”

ကဗျာနဲ့ကဗျာပေါင်း ကဗျာရ

ကဗျာထဲက  ကဗျာနှုတ် ကဗျာကျန်

ကဗျာနဲ့ကဗျာမြှောက် ကဗျာပွား

ကဗျာကိုကဗျာနဲ့စား ကဗျာကြွင်း

ဘာလိုသေးလဲပေါ့ မိကဗျာ…    

(ရိုးဒီ)

ရိုးဒီဆိုတာ . . .

ကိုထွန်းထွန်းစိုး၊ ဇယ်တောက်ထိုးရာ

(ရယ်) ရီကာထိုးလေ့၊ ရီထိုး တတ်သူ

ရိုးဒီ ဟူပင်၊ နာမည်တွင်ခဲ့သူ။

ရိုးဒီဆိုတဲ့ ကဗျာဆရာ ကဗျာစာဆို နာမည်ဟာ ဘယ်ကရလာသလဲ။ မန္တလေးက ကိုထွန်းထွန်းစိုးဟာ သူငယ်ချင်းတွေနဲ့ ဇယ်တောက် ကစားလေ့ရှိသတဲ့။ ဇယ်ခုံဘောင်ထဲမှာ ဇယ်ဒိုးပြား အဝိုင်းကလေးတွေကို ကျင်းထဲဝင်အောင် တောက် ထိုးတိုင်း သူက ရယ်နေတတ်သတဲ့။ ဒါကြောင့် ရယ်(ရီ)ထိုး ကနေ ရိုးဒီ ဖြစ်သွားတယ်လို့ ကဗျာဆရာ ကိုငြိမ်းချမ်း (တံတားဦး) က ရေးပါတယ်။ 

စိတ်ကြိုက်ထိုးခွင့်ရထားတဲ့ ဇယ်သီးလေးကို ရီသလို

ထောင့်ကျွင်းလေးထဲ ဇယ်သီးကျသွားသံကိုနားစွင့်ရင်းရီပါ

ဒီဘဝ ဒီကမ္ဘာကြီးမှာ

ဒီအလှ ဒီကဗျာတွေနဲ့

ပျော်ရွှင်သာယာခဲ့ပုံတွေ ပြန်တွေးရင်းရီပါ ...

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ

ကဗျာတွေနဲ့ ပြန်လာဖို့

သံသရာကို အခါခါအလဲထိုး

တိုး တိုးပြီးရီ

ရီရီ ထိုးထိုး

ရီထိုးလိုက်ပါဦး ရိုးဒီ ...  ။    

ကိုငြိမ်းချမ်း ( တံတားဦး )၏ “ရီထိုးပါ ရိုးဒီ” ကဗျာမှ    (ရီ = ရယ်)

၂၀၁၁ မှာ “ရိုးဒီ+ရိုးဒီ” ဆိုပြီး တစ်ကိုယ်တော်ကဗျာစာအုပ်ထွက်တယ်။ ၂၀၁၄ မှာ “ရိုးဒီ+ ၃၈ ၃၈+ ကဗျာ” ဆိုပြီး ဒုတိယ မြောက် တစ်ကိုယ်တော် ကဗျာစာအုပ် ဆရာဇော်ထွန်းရဲ့ အင်္ဂလိပ်ဘာသာပြန်နဲ့အတူ ထုတ်ဝေခဲ့တယ်။ ဒီစာအုပ်မှာ သူ့ အသက် ၃၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာ ၃၈ ပုဒ် ထည့်သွင်းခဲ့ပြီး ဆရာအောင့်ချိမ့်က အမှာစာရေးပေးထားတယ်။  သူ့ရဲ့ အောင်မြင်ခဲ့တဲ့ ကဗျာတွေဖြစ်တဲ့ “အသံမစုံတဲ့တေး၊ အမေ့အတွက် သီချင်း၊ မိုးသားတွေအကြောင်း(သို့) အဘွား၊ ဒဏ်ရာ ရသူများစာရင်း၊ ဆေးရုံ၊ သီချင်းတစ်ပုဒ် ပြီးဆုံးချိန်” စတာတွေကိုလည်း ဒီကဗျာစာအုပ်မှာ ပြန်လည် ထည့်သွင်း ဖော်ပြတယ်။ 

“အမေ့အတွက်သီချင်း” (ရိုးဒီ)

“ကျွန်တော်မဖွဲ့ချင်ဘူး

ကျွန်တော်မဖွဲ့တတ်ဘူး

ဒီတော့ . . .

ဂစ်တာတစ်လက်ကိုကောက်ကိုင်

အမြင့်ဆုံးကီးနဲ့ 

မြင့်မိုရ်တောင်ကြီး တုန်ဟီးသွားအောင်

အော်ဟစ်ပစ်လိုက်တယ် 

အမေ လို့ . . .။ ။ ”  

ရိုးဒီဆိုတာ မလုပ်ရဲတာ ဘာမှ မရှိခဲ့ပါ။ ကဗျာတွေ ရေးစပ်တယ်။ ကဗျာတွေကို တယောထိုးသံနဲ့အတူ ရွတ်ဆိုပွဲတွေ လုပ် တယ်။ သူကိုယ်တိုင် ရုပ်နဲ့ အသံနဲ့ ကဗျာတွေရွတ်ဆိုပြီး စီဒီတွေထုတ်တယ်။ သူ့သူငယ်ချင်း ကဗျာဆရာတွေကိုလဲ သူ့လို လုပ်စေတယ်။ ပြီးတော့ ဒီအနုပညာတွေကို ယူကျုမှာ တင်တယ်။ ဖေ့စ်ဘုတ်လည်း တင်တယ်။ ဒီအချိန်မှာ မြန်မာ့မြေပေါ်မှာ ရော ကမ္ဘာကြီးမှာပါ စစ်ပွဲတွေဖြစ်နေခဲ့တယ်။ ဒီအခါမှာ ရိုးဒီဆိုတာ စစ်ပွဲရပ်ရေး၊ ငြိမ်းချမ်းတေး ကဗျာတွေဖွဲ့ဖို့ လက်မတွန့် လက်မရွံ့ခဲ့ပြန်ပါဘူးဗျာ။ တယောဆရာလေး ရဲဝင်းရဲ့ တယော ထိုးသံနဲ့ သူ့ရဲ့ “စစ်”ဆိုတဲ့ ကဗျာရွတ်ဆိုခဲ့တယ်။ 

"စစ်"

ဒင်္ဂါးတခုရဲ့ 

ခေါင်းနဲ့ပန်းလို

လူနဲ့စစ်

အချစ်နဲ့အမုန်း

အပြိုင် တွန်းကန်ကြတဲ့ပွဲမှာ

ဖိတ်လျှံ ကျလာတဲ့ ဘေးထွက်ဆိုးကျိုး

ကောင်းကင်နဲ့မြေကြီးကြား

စိုက်ဝင်နေတဲ့ အရိုးတစ်ချောင်းလို

ဘယ် နတ်ဘုရားကမှ

နှုတ်ပယ် ပေးတော် မမူခဲ့သော

စစ်…

မြေကမ္ဘာ အတွက်

ထာဝရ သေဒဏ် ။       ။     ရိုးဒီ  

ရိုးဒီဆိုတာ ငြိမ်းချမ်းပါလို စစ်ကိုမလိုတဲ့အကြောင်း ကဗျာတွေ ရေးခဲ့သူတယောက်ပေါ့လို့လဲ ပြောနိုင်ပါရဲ့။ ဒါပေမဲ့ စစ်ဟာ လက်ရှိအချိန်အထိအောင် မရပ်တန့်သေးဘူးပေါ့။ တခြား စစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းတေး ကဗျာရေးကြသူတွေရဲ့ ကဗျာ တွေလိုပဲ ရိုးဒီကလဲ နောက်ထပ်ပေါ့။ စစ်ရပ်တေး ငြိမ်းချမ်းရေးကဗျာ တပုဒ်ရေးခဲ့ပါသေးတယ်။ သူ့ရဲ့ ဝမ်းတွင်းပါ စာဆိုဉာဏ် ကလေးနဲ့ပေါ့။  

“ငြိမ်းချမ်းရေး Remix”

ကမ္ဘာမြေ…ငြိမ်းချမ်းပါစေ

ကျေးငှက်တွေတေးဆိုနေ

ကမ္ဘာမြေ…ငြိမ်းချမ်းပါစေ

ပန်းပွင့်တွေ ဆုတောင်းနေ

                           (ထူးအိမ်သင်)

သွေးချင်းညီအစ်ကိုများ

စည်းလုံးခြင်းသည် အင်အား

သီချင်းလေးအတိုင်းစီးဆင်းသွားမယ်

                                 (ဇော်ဝင်းထွဋ်)

ကောင်းကင်ထက်မှာ ဂျိုးဖြူငှက်များ

ဝဲပျံသွား တွေ့လား

ချစ်ခင်ကြဟေ့…စစ် မဖြစ် ရဘူး

                                (ကျော်ဟိန်း)

မြေပြင် ရေပြင် ထက်အောက် ဝေဟင်

ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်

ပါဝင် တစ်ယောက်ဆို တစ်အားပင်

                                   (မြို့မငြိမ်း)

ဟုတ်ကဲ့ ဒါဟာ ကျွန်တော်တို့ရဲ့

မျိုးချစ် FM အစစ်ပါ  ။     (ရိုးဒီ)

 “ရိုးဒီဆိုတာ ကဗျာသီးတွေအတွက် ကဗျာသစ်ပင်လေးတွေ စိုက်ပျိုးခဲ့တယ်။ ၂၀၁၅ ဇွန်လမှာ Poetry House ကဗျာ စာအုပ်သီးသန့်အရောင်းဆိုင်လေးကို စတင်ဖွင့်ခဲ့ပြီး ကဗျာစာအုပ်တွေကို နေရာမပေးတဲ့ စာအုပ်အရောင်းဆိုင်ကြီး တွေကို တော်လှန်ခဲ့တယ်။ ကဗျာစာအုပ်ဆိုတာ ဆရာမောင်ချောနွယ်ရဲ့ “လူကြိုက်နည်းတဲ့ကောင်” ကဗျာထဲက ရေချိုငါးသလောက် ကြီးတွေပါပဲ။ လူကြိုက်နည်းလွန်းလှပါတယ်။ ဒီလို လူကြိုက်နည်းတဲ့ ကဗျာစာအုပ်တွေချည်း အရောင်းဆိုင်ဖွင့်ပြီးရောင်းတော့ တစ်လ ဆိုင်ခန်းငှားခတောင် သူပြန်မရနိုင်မှာလည်း အသေအချာ။ ကဗျာအတွက် သူ စွန့်ခဲ့ပါတယ်။ 

ညီငယ်ကိုချစ်တဲ့ အစ်ကိုအရင်း နာမည်ကြီးဒီဇိုင်းနာ ကိုမျိုးမင်းစိုးကလည်း ညီငယ်ရဲ့ဆန္ဒကို ပါရမီ ဖြည့်ခဲ့ပါတယ်။ သူစိုက်ခဲ့တဲ့ သစ်ပင်နာမည်က Poetry House တဲ့။  နောက်ထပ်စိုက်တဲ့ သစ်ပင်လေးတွေ က ၂၀၁၅ နိုဝင်ဘာမှာ Poetry House ကနေ စီစဉ်ထုတ်ဝေတဲ့ ဆရာနေမျိုးနဲ့ ဆရာကိုထက် နှစ်ယောက်တွဲ နှစ်လမ်းသွား စာအုပ်၊ ဆရာအောင်ချိမ့်ရဲ့  ဂန္ထဝင်မမ(ပဉ္စမအကြိမ်)ကို ၂၁၀၅ ခုနှစ် Poetry House တစ်နှစ်တာ အကြိုက်ဆုံး ကဗျာစာအုပ်ဆုအဖြစ် ပေးအပ်ခြင်း၊ ၂၀၁၆ မတ်လမှာ ရာမျိုးနဲ့ သားဦး နှစ်ယောက်တွဲပေးပြီး ထုတ်ဝေခဲ့တဲ့ နှစ်ရောင်စပ်ကဗျာစာအုပ်၊ ဆက်လက်ပြီးတော့လည်း ခင်ဇော်မြင့်နဲ့ စံညိမ်းဦးအတွဲ။ နောက်ထပ် ၂၀၁၆၊ မေမှာ ထူးထူးခြားခြားအနေနဲ့ ကဗျာဆရာ ၁၂ ယောက်ပါဝင်တဲ့ကဗျာစီဒီတစ်ချပ်ကိုပါ Misty Moon Studio မှာ အသံသွင်းပြီး ၂၀၁၆ သြဂုတ်လမှာ ဖြန့်ချိခဲ့ပါတယ် ဒါဟာ သူယုံကြည်ရာ သူစိုက်နေတဲ့ သစ်ပင်လေးတွေပဲ ဖြစ်ပါတယ်။” လို့ ကဗျာဆရာ မင်းနဒီခက “ရိုးဒီ = ၄၀ မှ ၅၀ ...၆၀ . . .+ ကဗျာ သို့ ဆုတောင်းခဲ့ပေမယ့်လည်း အခုတော့” ဆိုတဲ့ ဆောင်းပါးမှာ ၃၁- ၁ -၂၀၁၆ က ရေးခဲ့ပါတယ်။

ရိုးဒီဆိုတာ

ကဗျာအပင်၊ ချစ်ခင်စိုက်ပျိုး

သီးပွင့်ဖြိုး‌ဝေ၊ တင့်တယ်စေသူ။ 

ရိုးဒီဟာ ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက် အသက် ၄၁ နှစ်မှာ ကွယ်လွန်ပါတယ်။ သူကွယ်လွန်ခဲ့ပေမဲ့ သူ့ကဗျာတွေ၊ သူ့စာတွေက တော့ ဖတ်ရှု့နေကြရဆဲပါ။ သူ့ ကဗျာရွတ်သံကလေးကတော့ ကြားနေရဆဲပါ။ သူထွက်သွားပေမဲ့ သူထားခဲ့တာတွေကတော့ များလှသောင်းသောင်းပါ။ ၂၀၂၁ ဇန်နဝါရီလ ၈ ရက်ကတော့ ကဗျာစာဆို ရိုးဒီကို မွေးဖွားခဲ့တဲ့ ၄၄ နှစ်ပြည့်ပေါ့။ သူ့ကို သတိရရင် သူ့ရဲ့ ရင်ထဲက ရေးခဲ့တဲ့ ကဗျာကလေးနဲ့ အဆုံးသတ်ပေးလိုက်ပါတယ်ဗျာ။  

“သူမ"

သူမဟာ အာဏာရှင်မဟုတ်

ခေါင်းဆောင်

သူမဟာ ငွေကို ကိုးစားသူမဟုတ်

ပြည်သူကို ကိုးစားသူ

သူမဟာ အခွင့်အရေး ယူချင်သူမဟုတ်

သူမဟာ အခွင့်အရေး ပေးချင်သူ

မိသားစုအရေးထက်

တိုင်းပြည်အရေး ကို ပူပန်သူ

ပူမှုရယ် ဆယ်ကုဋေ သူမမှု့သူ

၁၉၉၀ ကတည်းက ကျနော်တို့

ပေးထားတဲ့အမည်

ရာဇဝင်များရဲ့သတို့သမီး

ကျွန်ုပ်တို့အတွက် သူမ ရှိနေခြင်းဟာ

သူမအတွက် ကျွန်ုပ်တို့ ရှိနေခြင်း

ကျွန်ုပ်တို့အတွက် သူမ ရှိနေခြင်းဟာ

ကျွန်ုပ်တို့အတွက် အမှန်တရား ရှိနေခြင်း

အနာဂတ် ရှိနေခြင်း

ကြက်မှာအရိုး လူမှာအမျိုး ဆိုတဲ့စကား

ကျနော် ယုံလိုက်ပြီ   ။ ။ 

ရိုးဒီ 4-2-14 (Treasure Land megazine)

မောင်တူး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013