DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းဘဏ်တိုးနှုန်း ဗဟိုဘဏ် ပြောင်းလဲပြင်ဆင်မည်
DVB
·
September 10, 2013
ပြည်တွင်းဘဏ်တိုးနှုန်း ဗဟိုဘဏ် ပြောင်းလဲပြင်ဆင်မည်
Donate to DVB

မြန်မာနိုင်ငံရဲ့လက်ရှိဘဏ်တိုးနှုန်းဟာ အာဆီယံနိုင်ငံတွေရဲ့ဘဏ်တိုးနှုန်းနဲ့ယှဉ်ရင် သိသာစွာဘဲ များနေတာကြောင့်  ဗဟိုဘဏ်အနေနဲ့ မြန်မာနိုင်ငံရဲ့ဘဏ်တိုးနှုန်းကို ပြင်ဆင်ဖို့ စီစဉ်နေတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ဘဏ်တိုးနှုန်းက ချေးငွေအပေါ် အတိုးနှုန်းက ၁ နှစ်ကို ၁၃ ရာခိုင်နှုန်းရှိပြီး အပ်ငွေအပေါ် အတိုးနှုန်းက ၁ နှစ်ကို ၈ ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာတော့ ကာလရှည်အတွက် ချေးငွေအတိုးနှုန်းက ၂ ဒဿမ ၅ ရာခိုင်နှုန်းရှိပြီး ကာလတိုအတွက် ချေးငွေအတိုးနှုန်းက ၃ ရာခိုင်နှုန်းဘဲရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ဘဏ်တိုးနှုန်းကို အနာဂတ်မှာ နိုင်ငံတကာ ဈေးကွက် ဈေးနှုန်းအတိုင်းဖော်ဆောင်သွားမှာ ဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌ  ဦးဆက်အောင်က ပြောပါတယ်။

“ဘဏ်တိုးနှုန်းက အာဆီယံနိုင်ငံတွေနဲ့ ယှဉ်ရင် ကျနော်တို့နိုင်ငံက များနေပါတယ်။ ဒါပေမယ့် ဘဏ်တိုးနှုန်း များနေတာကို ပြင်ဆင်ဖို့အတွက်ဆိုရင် ကျနော်တို့ တခြားကဏ္ဍတွေပါ အများကြီး ကြည့်ရအုံးမှာပါ။ ဥပမာ - ဘဏ်တိုးနှုန်းကို ကျနော်တို့ ချက်ချင်းလျော့လိုက်မယ်ဆိုရင် ဘဏ်မှာ အပ်ထားတဲ့အရင်းအနှီးတွေ ချက်ချင်း ထွက်သွားမယ်။ ပြီးတော့ ဘဏ် လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ ကုန်ကြမ်းဖြစ်တဲ့ဝင်ငွေတွေ လျော့သွားမယ့်ကိစ္စတွေအပြင် ငွေကြေးပိုင်းဆိုင်ရာကိစ္စတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေပါ အကုန်လုံး ထည့်သွင်းစဉ်း စားရမှာ ဖြစ်ပါတယ်။”

ဒါပေမယ့်  မြန်မာနိုင်ငံရဲ့ဘဏ်တိုးနှုန်းတွေကို  ပြင်ဆင်ရေးအပေါ် လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်ဖို့အတွက်တော့ စိန်ခေါ်မှုတွေက အများအပြား ရှိနေတာလည်း ဖြစ်ပါတယ်။

“ဘဏ်တိုးနှုန်းက ဈေးကွက်မှာရှိတဲ့ ဈေးနှုန်းအတိုင်း ကျနော်တို့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဒါက နိုင်ငံတကာမှာလည်း ဒီအတိုင်းပါဘဲ။ ဒါပေမယ့် ဒီလိုလုပ်ဖို့အတွက် ကျနော်တို့မှာ လိုအပ်တဲ့အချက်တွေ အများကြီးရှိသေးတယ်။ ဘာလို့လဲဆိုတော့ ငွေကြေးဈေးကွက်မှာ တခုလေးမှားသွားတာနဲ့ ငွေကြေးဈေးကွက်ကြီးတခုလုံးအပေါ် ဆက်စပ်ပြီးတော့ သက်ရောက်မှုတွေ ရှိစေလို့ပါ။ ဒါကြောင့် ကျနော်တို့က တခုခုလုပ်တော့မယ်ဆိုရင် မျက်စိမှိတ်ပြီး တော့ လုပ်လို့မရတော့တဲ့အချက်တွေ ရှိပါတယ်။”လို့ ဦးဆက်အောင်က ဆိုပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ဒုဥက္ကဋ္ဌ ဦးသန်းလွင်ကတော့ ပြည်တွင်းမှာ ဘဏ်တိုးနှုန်း ပြုပြင်ပြောင်းလဲ တဲ့နေရာမှာတော့ ကိုယ့်နိုင်ငံရဲ့အခြေအနေအပေါ် ကြည့်ပြီး လုပ်ဆောင်ရမှာဖြစ်တယ်လို့  ပြောပါတယ်။

“အနောက်နိုင်ငံမှာ စီးပွားရေးကျလို့ သူတို့က ဘဏ်တိုးနှုန်းကို လျော့တယ်။ လျော့တဲ့နေရာမှာ သူတို့က အတိုးနှုန်းလျော့ဖို့အတွက် ငွေကြေးဖောင်းပွမှုနှုန်းကိုလဲ ကျအောင် လုပ်ထားလို့ ကုန်ဈေးနှုန်းက မတက်ဘူး။ ဒီတော့အတိုးနှုန်းကို လျော့နိုင်တယ်။ ဒီမှာက ကုန်ဈေးနှုန်းက တက်နေတော့ ဘယ်လိုသွားလျော့မလဲ။ ဒါလဲ တဖက်ကနေ ပြန်ကြည့်ရမယ်။ စီးပွားရေးပေါ်လစီလုပ်တဲ့နေရာမှာ အတိုးနှုန်းလျော့နိုင်အောင် တခြားဘာတွေ လုပ်ထားတာ ရှိသလဲ။ ကုန်ဈေးနှုန်းကျအောင် လုပ်ထားတာရှိသလား။ သူများနိုင်ငံက အတိုးနှုန်းက ၁ ရာခိုင်နှုန်းဘဲရှိလို့ ၁ ရာခိုင်နှုန်းလဲဖြစ်ရမယ်လို့တော့ မရဘူး။ ကိုယ့်နိုင်ငံရဲ့အခြေအနေကို ကြည့်ရအုံးမယ်။”

ပြည်တွင်းဘဏ်အတိုးနှုန်းတွေ ပြင်ဆင်ဖို့ကိစ္စကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်စတဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌကပြောပေမယ့် ဘယ်အချိန်မှာ စတင် အကောင် အထည်ဖော်လုပ်ဆောင်မယ်ဆိုတာတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013