DVB Logo
Home
မြန်မာသတင်း
ရခိုင်နှင့်ရှမ်းပြည်နယ်တွင်  ရွေးကောက်ပွဲအမြန်ဆုံးကျင်းပရန်  တပ်မတော် ထပ်မံတိုက်တွန်း
DVB
·
January 8, 2021
ရခိုင်နှင့်ရှမ်းပြည်နယ်တွင်  ရွေးကောက်ပွဲအမြန်ဆုံးကျင်းပရန်  တပ်မတော် ထပ်မံတိုက်တွန်း
Donate to DVB

ရွေးကောက်ပွဲ ကျင်းပဖို့ ကျန်ရှိနေတဲ့ ရခိုင်ပြည်နယ်က ၉  မြို့နယ်နဲ့  ရှမ်းပြည်နယ်က ၁ မြို့နယ်မှာ  ရွေးကောက်ပွဲအမြန်ဆုံး ကျင်းပရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တပ်မတော်က ထပ်မံတိုက်တွန်းလိုက်ပါတယ်။ 

 ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ လုံခြုံရေးအကြောင်းပြချက်ကြောင့် ရခိုင်ပြည်နယ် မြို့နယ်တချို့နဲ့ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်တွေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ မကျင်းပခဲ့တာ ဖြစ်ပါတယ်။

  ဇန်နဝါရီ ၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ တပ်မတော်အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပ နိုင်စေရေးအတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းပေးထားကြောင်း ဖော်ပြထားပါတယ်။

နောက်ပြီး ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲတွေ မကျင်းပနိုင်တဲ့ နယ်မြေတွေ မှာ ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပနိုင်ဖို့ ULA/AA အဖွဲ့က နိုဝင်ဘာ ၁၂ ရက် ရက်စွဲနဲ့ မေတ္တာရပ်ခံတိုက်တွန်းချက်ကို တပ်မတော်အနေနဲ့ ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်းသာမက ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့မှာလည်း ရွေးကောက်ပွဲအမြန်ပြန်လည်ကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။

ရလဒ်အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုမရှိအောင် နှစ်ဘက်စလုံးက ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းထားတဲ့ ကာလအတွင်း ရွေးကောက်ပွဲတွေ အမြန်ဆုံးကျင်းပဖို့ အဓိကထားပြီး တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီအနေဖြင့် အေအေ အဖွဲ့နဲ့ဆွေးနွေးခဲ့တယ်လို့လည်း ဆိုတယ်။

ပါတီ စုံဒီမိုကရေစီစနစ်မှာ လွတ်လပ်ပြီးတရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပ နိုင်တာ၊ မိမိဒေသနဲ့ ဒေသခံလူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ရွေးကောက်ပွဲမှတဆင့် ရွေးချယ်နိုင်တာဟာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးပဲဖြစ်ကြောင်း တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ် ပါတီ စုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ စုစုပေါင်း ၈၇ ပါတီတို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) က နိုဝင်ဘာ ၁၃ ရက် နေ့မှာ အတည်ပြု ကြေညာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြန်လည်စိစစ်ဖို့ တပ်မတော်က တောင်းဆိုခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ ဥပဒေနဲ့ ညီညွတ်စေရေးနဲ့ ဖြောင့်မတ်မှန်ကန်ပြီး တရားမျှတမှုရှိ စေရေးအတွက် နိုင်ငံတော်သမ္မတအနေနဲ့ လိုအပ်သလို ကြပ်မတ်ထိန်းကျောင်းပေးသင့် တယ်လို့လည်း နိုဝင်ဘာ ၃၀ ရက်နေ့မှာ သဘောထား ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တပ်မတော်အနေနဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ဆန္ဒမဲပေး ခဲ့တဲ့ မြို့နယ် ၂၁၈ မြို့နယ်မှ ရွေးကောက်ပွဲဖြစ်စဉ်တွေအပေါ် ဥပဒေနဲ့အညီ နည်းလမ်း တကျ ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိကို ပြန်လည်စိစစ်သုံးသပ်နေပြီး လိုအပ်ပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့လည်း တပ်မတော်က ဆိုပါတယ်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ကော်မရှင်မှာ အားနည်းချက်တချို့ ရှိခဲ့တာမှန်ပေမယ့် နေရာတိုင်းမှာ မသမာမှုဖြစ်ခဲ့တာ မျိုးတော့ မဟုတ်ဘူးလို့ သုံးသပ်ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013