DVB Logo
Home
မြန်မာသတင်း
တိုင်း​ရင်း​သား​ရုပ်သံချန်နယ် ပထမဆုံး​အကြိမ် စမ်း​သပ်ထုတ်လွှင့်
DVB
·
September 9, 2013
တိုင်း​ရင်း​သား​ရုပ်သံချန်နယ် ပထမဆုံး​အကြိမ် စမ်း​သပ်ထုတ်လွှင့်
Donate to DVB

တိုင်း​ရင်း​သား​လူမျိုး​များ​ရုပ်သံလိုင်း​ (National Races Channel)ကို ပြန်ကြား​ရေး​ဝန်ကြီး​ဌာနလက်​အောက်ရှိ မြန်မာ့​အသံနဲ့​ ရုပ်မြင်သံကြား​ဌာနက​နေ ပထမဆုံး​ အကြိမ် စတင် စမ်း​သပ်ထုတ်လွှင့်​နေပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၈ ရက်​နေ့​ကစပြီး​ တိုင်း​ရင်း​သား​ဘာသာ ၁၁ မျိုး​နဲ့​ မနက် ၆ နာရီက​နေ စမ်း​သပ်ထုတ်လွှင့်​နေတဲ့​အ​ကြောင်း​ မြန်မာ့​အသံနဲ့​ ရုပ်မြင်သံကြား​ဌာန တိုင်း​ရင်း​သား​ရုပ်သံလိုင်း​ လက်​ထောက်ညွှန်ကြား​ရေး​မှူး​ ​ဒေါ်ခင်စန္ဒာ​အောင်က ​ပြောပါတယ်။

“ပရိုဂရမ်နဲ့​ အခုတက်​နေပါတယ်ရှင်။ ဒီ​နေ့​လည်း​ ပရိုဂရမ်တက်တယ်၊​ မနက်ဖြန်လည်း​ ပရိုဂရမ်တက်မယ်၊​ အဲဒါက​တော့​ အင်တာဗျူး​တွေ​ပေါ့​။ အင်တာဗျူး​က ဒီ​နေ့​ ၁၂ နာရီဆိုပြီး​ပြီ၊​ ည​နေ ၆ နာရီ ပြန်တက်မယ်။ ​အောက်တိုဘာ ၁၅ ရက်​နေ့​ကစပြီး​ အတည်ထုတ်လွှင့်​ဖို့​ပါ။ စက်တင်ဘာ ၁၅ ရက်​နေ့​မှာ​တော့​ ပြည်နယ်နဲ့​ တိုင်း​အနှံ့​စပြီး​ စမ်း​သပ်ထုတ်လွှင့်​ပါမယ်။ အခုက ရန်ကုန်၊​ မန္တ​လေး​နဲ့​ ​နေပြည်​တော်ထိဘဲ လွှင့်​တယ်။”

လာမယ့်​အောက်တိုဘာလ​လောက်မှာ အတည်ထုတ်လွှင့်​တဲ့​အခါ အစီအစဉ်ထဲမှာ သတင်း​၊​ ပြည်နယ်အမှတ်တံဆိပ်၊​ သီချင်း​၊​ ဇာတ်လမ်း​နဲ့​ ပညာ​ပေး​အစီအစဉ်စသဖြင့်​ စုံစုံလင်လင် တင်ဆက်သွား​မယ်လို့​ သူက ဆက်​ပြောပါတယ်။

တိုင်း​ရင်း​သား​ရုပ်သံ အကြိုစမ်း​သပ်ထုတ်လွှင့်​ခြင်း​အခမ်း​အနား​ကို ​နေပြည်​တော်တပ်ကုန်း​ မှာရှိတဲ့​ မြန်မာ့​အသံနဲ့​ ရုပ်မြင်သံကြား​ဌာနမှာ ပြီး​ခဲ့​တဲ့​ စက်တင်ဘာ ၇ ရက်​နေ့​က ကျင်း​ပခဲ့​ပြီး​ အစီအစဉ်တချို့​ကို နမူနာအ​နေနဲ့​ ပြသခဲ့​ပါတယ်။

ဒီအခမ်း​အနား​မှာ ပြည်နယ်ဝန်ကြီး​၊​ တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​တွေ တက်​ရောက်ခဲ့​ပြီး​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာန ပြည်​ထောင်စုဝန်ကြီး​ဦး​အောင်ကြည်က ဒီအစီအစဉ်ကို တိုင်း​ရင်း​သား​ လူမျိုး​များ​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့​ အသိပညာ​ပေး​ရေး​နဲ့​ သတင်း​အချက်အလက်​တွေ ​ရောက်ရှိ​ရေး​ အတွက် ရည်ရွယ်ထုတ်လွှင့်​တာဖြစ်ပြီး​ တိုင်း​ရင်း​သား​မီဒီယာ​တွေရဲ့​ အကူအညီလိုအပ်တယ် လို့​ ​ပြောကြား​သွား​ပါတယ်။

တိုင်း​ရင်း​သား​အစီအစဉ်ရုပ်သံလိုင်း​ဟာ လက်ရှိ မြန်မာ့​ရုပ်မြင်သံကြား​လိုင်း​နဲ့​ မ​ရောတဲ့​ သီး​သန့်​လိုင်း​ဖြစ်ပြီး​ ကချင်၊​ ကယား​၊​ စ​ကော့​ကရင်၊​ အ​ရှေ့​ပိုး​ကရင်၊​ အ​နောက်ပိုး​ကရင်၊​ လိုင်ဇိုး​ချင်း​၊​ အရှိုး​ချင်း​၊​ မွန်၊​ ရခိုင်၊​ ရှမ်း​နဲ့​ ၀ စတဲ့​ တိုင်း​ရင်း​သား​ဘာသာစကား​ ၁၁ မျိုး​နဲ့​ မနက် ၆ နာရီကစပြီး​ အက္ခရာစဉ်အလိုက် ထုတ်လွှင့်​ပေး​သွား​မှာ ဖြစ်ပါတယ်။

ထုတ်လွှင့်​ချိန်က​တော့​ ကချင်၊​ ကယား​၊​ မွန်၊​ ရခိုင်နဲ့​ ရှမ်း​ဘာသာစကား​တွေက ၆၀ မိနစ် ဖြစ်ပြီး​ ကရင် ၃ မျိုး​၊​ ချင်း​ ၂ မျိုး​နဲ့​ ၀ ဘာသာစကား​တွေက မိနစ် ၃၀ စီ ကြာမြင့်​မယ်လို့​လည်း​ သိရပါတယ်။

တိုင်း​ရင်း​သား​ရုပ်သံလိုင်း​မှာ ဝန်ထမ်း​ပေါင်း​ ၁၅၈ ဦး​ရှိပြီး​ တိုင်း​ရင်း​သား​ ၁ ဘာသာစီကို အများ​ဆုံး​ ၁၃ ဦး​က​နေ အနည်း​ဆုံး​ ၈ ဦး​စီ ခန့်​ထား​တယ်လို့​ ​ဒေါ်ခင်စန္ဒာ​အောင်က ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုင်း​ရင်း​သား​ဘာသာ​တွေနဲ့​ ​ရေဒီယိုအစီအစဉ်​တွေကို အစိုး​ရက​ရော ပြည်ပအ​ခြေစိုက် ​ရေဒီယိုအသံလွှင့်​ဌာန​တွေကပါ ယခင်ကတည်း​က ထုတ်လွှင့်​မှု​တွေ ရှိ​နေ​ပေ မယ့်​ ခုလို တိုင်း​ရင်း​သား​ဘာသာစကား​ရုပ်သံထုတ်လွှင့်​မှုက​တော့​ ပထမဆုံး​အကြိမ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013