DVB Logo
Home
Lead Story
တတိယအကြိမ်လွှတ်တော်အားကြိုဆိုခြင်း
DVB
·
January 7, 2021
တတိယအကြိမ်လွှတ်တော်အားကြိုဆိုခြင်း
Donate to DVB

ယခုလာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်စည်းဝေးပွဲကို ကျင်းပရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ  ပြဋ္ဌာန်းချက်အတိုင်း ဇန်နဝါရီ ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ထို့အတူ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်စည်းဝေးပွဲကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျင်းပရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ထုတ်ပြန်ကြေညာထားသည်။  

ယင်းသို့ ထုတ်ပြန်ကြေညာရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်နှင့်အညီ ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်ကလည်း  ပြည်သူတို့၏ ဆန္ဒအတိုင်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှ  ခိုင်လုံမဲဖြင့် ရွေးကောက်တင်မြှောက်ခံရသည့်  လွှတ်တော်ကိုယ်စားလှယ် ၁၁၁၇ ဦး၏ အမည်စာရင်းကိုလည်း ထုတ်ပြန်ကြေညာ၍ ပြီးလေပြီ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၄၀၂ အရ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်ရပ်များတွင်လည်း “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်နှင့် ဆောင်ရွက်ချက်များသည်အပြီးအပြတ် အတည်ဖြစ် စေရမည်” ဆိုသောဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ  တတိယအကြိမ် ပြည်သူ့လွှတ်တော်ကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု မှတ်ယူရပေမည်။ အခြေခံဥပဒေ ပုဒ်မ ၁၂၃ အရလည်း “ပထမအကြိမ်ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပသည်မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည်” ဟုဆိုထားသည့်အတွက် ရက်ပေါင်း ၉၀ မပြည့်မီ အတွင်း ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

တတိယအကြိမ်လွှတ်တော်သည် ပထမအကြိမ်၊ ဒုတိယအကြိမ်လွှတ်တော်တို့ထက်ပိုသော စိန်ခေါ်မှုမြောက်များစွာကို ရင်ဆိုင်ရနိုင်ခြေ ရှိနေသည်ကို အထူးသတိပြုရန်လိုပေမည်။

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်သစ်များအနေဖြင့် မိမိကို ဆန္ဒမဲပေးခဲ့ကြသည့် ပြည်သူတို့၏ အကျိုးအတွက်စတင်တာဝန်ထမ်းဆောင်ခွင့်ရကြပေတော့မည်။ ပြည်သူတို့အတွက် အကျိုးရှိမည့် ဥပဒေများကို ပြဋ္ဌာန်းနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သလို ပြည်သူတို့အတွက် အကျိုးမရှိသည့် မတရားသည့် ဥပဒေများကို ပြင်ဆင်ပယ်ဖျက်ရန် ကြိုးပမ်းကြရပေမည်။

ထို့အပြင် ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဘက်ပေါင်းစုံမှ ထိခိုက်နစ်နာမှုများနှင့်  ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံတော်ကို ပြန်လည် နလန်ထူလာစေရေး၊  ပြည်သူတို့၏ လူမှုစီးပွားဘဝများ တိုးတက်ရေး၊  ပညာရေး၊ ကျန်းမာရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊  ပြည်တွင်းစစ်ရပ်စဲရေးစသည့် ကိစ္စများတွင် အစိုးရ၏ ဆောင်ရွက်ချက်များပေါ် ထိန်းကျောင်းသည့် တာဝန်များကိုလည်း ဆောင်ရွက်ရပေဦးမည်။ 

အပေးအယူဖြင့် ညှိနှိုင်းလုပ်ဆောင်ခြင်းတို့သည် ‘အကျိုးအမြတ်ပေါ် အခြေပြုထားတတ်သည်’ကိုလည်း မမေ့မလျော့ နှလုံးသွင်းထားကြရပေမည်။ အကျိုးအမြတ်ဟု ဆိုရာတွင် တဦးတဖွဲ့တပါတီချင်း အကျိုးအမြတ်ထက် တနိုင်ငံလုံးအတွက် အကျိုးအမြတ်ကိုသာ နှလုံးသွင်းကြဖို့ လိုမည်ဟု ထင်မြင်မိပါသည်။

လွှတ်တော်သက်တမ်းသုံးကြိမ်ရှိခဲ့ပြီ။ ယခုတတိယအကြိမ်လွှတ်တော်အထိ လူထုရွေးကောက်တင်မြှောက်ခြင်းကင်းမဲ့သည့် တနည်း ပြည်သူလူထုမှ တာဝန်ပေးအပ်ခြင်း မခံရသောသူများ ဝင်ရောက်နေရာယူခြင်းအပေါ်တွင် ပြည်သူတို့နှလုံးမသာယာနိုင်ရှိခဲ့ရသည်ကို သတိမူ၍ ဟီရိဩတ္တပ္ပအပြည့်ဖြင့် နှလုံးသွင်းဆင်ခြင်၊ ဆုတ်ခွာပြင်ဆင်နိုင်ကြလိမ့်မည်ဟုလည်း မျှော်လင့်ရပေသည်။ ဤသည်မှာ ပြည်သူလူ၏ ရင်မှ ပေါက်ဖွားလာသည့် စစ်မှန်သောဆန္ဒအမှန်ပင်။

မည်သို့ပင်ဆိုစေကာမူ မကြာမတင်မီကာလအတွင်း တတိယအကြိမ် ပြည်သူ့လွှတ်တော် ကျင်းပတော့မည်ဖြစ်သဖြင့် အတိတ်က မပြေလည်နိုင်ခဲ့ကြသော တင်းမာမှုအပေါင်းလျော့ပါး၍ အောင်မြင်စွာကျင်းပနိုင်ရေး  ဆုတောင်းပတ္ထနာပြု ကြိုဆိုလိုက်ရပါကြောင်း။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013