DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းအဟောင်းများ မီးရှို့ဖျက်ဆီး
DVB
·
January 6, 2021
၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းအဟောင်းများ မီးရှို့ဖျက်ဆီး
1 / 5
Donate to DVB

၂၀၁၅ အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းတွေ၊ ဆန္ဒမဲလက်မှတ်တွေနဲ့  အသုံးပြုမရတော့တဲ့ မဲရုံသုံးပစ္စည်းအဟောင်းတွေကို  မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့နယ်တချို့မှာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူတွေက  ဇန်နဝါရီ ၆ ရက် ဒီနေ့မနက်က စတင် မီးရှို့ဖျက်ဆီး လိုက်ပါတယ်။ 

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှာ  သိမ်းဆည်းထားတဲ့ ဆန္ဒမဲ လက်မှတ်တွေအဟောင်းတွေကို ဝမ်းတွင်း စည်ပင်အမှိုက်ကျင်းမှာ  မီးရှို့ဖျက်ဆီးလိုက်တယ်လို့  မြို့နယ်ကော်မရှင်အတွင်းရေးမှူး  ဦးစီးအရာရှိဒေါ်အိအိမိုးက ပြောပါတယ်။

"၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက အသုံးပြုထားတဲ့ စာရွက်စာတမ်းတွေ ဆန္ဒမဲ လက်မှတ်တွေ မဲရုံသုံးပစ္စည်းတွေထဲက အသုံးပြုမရတော့တဲ့ဟာတွေကို မီးရှို့ဖျက်ဆီးတာပါ။ ၂၀၁၅ မဲ စာရင်းချုပ်ကတော့ ရှိနေပါတယ်"လို့  ဒီဗွီဘီကို ပြောပါတယ်။

မီးရှိုဖျက်ဆီးတဲ့အရာတွေကို စည်ပင်အမှိုက်သိမ်းကား ၂ စီးနဲ့  သယ်ဆောင်ခဲ့ရတာလို့ လည်း သိရပါတယ်။

ဝမ်းတွင်းမြို့နယ်အနေနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၁၆၀,၀၀၀  နီးပါး ရှိခဲ့ပြီး ဆန္ဒမဲလာပေးသူ ၇၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်။ 

အလားတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာလည်း ၂၀၁၅ ရွေးကောက်ပွဲတုန်းက အသုံးပြုခဲ့တဲ့ မဲလက်မှတ်နဲ့ စာရွက်စာတမ်းအဟောင်းတွေကို မြို့နယ်ကော်မရှင်အဖွဲ့က ဒီကနေ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒီမဲလက်မှတ်မီးရှို့မှုဟာ ကော်မရှင်အနေနဲ့ နိုင်ငံရေး ပါတီတွေ၊ စောင့်ကြည့်လေ့လာသူတွေနဲ့ မီဒီယာတွေကို ကြိုတင်အကြောင်းကြားအသိပေးခြင်းမရှိခဲ့ပါဘူး။ 

မဲမသမာမှုအငြင်းပွားမှုဖြစ်နေတဲ့အချိန်မှာ မီးမရှို့သင့်သေးဘူးလို့ မီးရှို့မှုကို လာရောက်ကြည့်ရှုတဲ့ တောင်ကြီးဒေသခံ ကိုဇော်ဝင်းထူးက ပြောပါတယ်။ 

ခုလိုမီးရှို့ဖျက်ဆီးရာမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲလက်မှတ်တွေ ပါမှာစိုးရိမ်တယ်လို့ တောင်ကြီး ဒေသခံ တစ်ဦးကလည်းပြောပါတယ်။ 

တောင်ကြီးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ  ဦးတင်စိုးကတော့ မဲလက်မှတ်နဲ့ စာရွက်စာတမ်း အဟောင်းတွေကို မြို့နယ်အလိုက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားချက်နဲ့ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

မဲလက်မှတ်နဲ့ စာရွက်စာတမ်း၊ ပညာပေးဗီနိုင်းပိုစတာ၊ မဲလက်မှတ်ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တဲ့စာရွက်စာတမ်း အဟောင်းတွေကို  နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးသွားမယ်လို့ သိရပါတယ်။

မီးရှို့ဖျက်ဆီးမှုကို ရှမ်းပြည်နယ် တစ်ခုလုံးမှာ  မြို့နယ် အလိုက်ပြုလုပ်သွားမှာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ မဲလက်မှတ်၊ စာရွက်စာတမ်း အဟောင်းတွေလည်း အကုန် မီးရှို့ဖျက်ဆီး သွားမှာဖြစ်ပါတယ်။ 

အလားတူ မွန်ပြည်နယ် ပေါင်မြို့နယ်မှာလည်း ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း အသုံးပြုခဲ့တဲ့ မဲလက်မှတ်နဲ့ စာရင်းဇယားတွေကို ကာလစည်းကမ်းသတ်မှတ်ချက် ‌ကျော်လွန်နေပြီဖြစ်တဲ့အတွက် ပြည်ထောင်စုအဆင့်ညွှန်ကြားချက်နဲ့ အညီ ပေါင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက ဒီကနေ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ပေါင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သီရိဖြိုးက “၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲကာလအတွင်း အသုံးပြုခဲ့တဲ့ မဲလက်မှတ်အဟောင်းနဲ့ မဲစာရင်းတွေကို သတ်မှတ်ထားတဲ့ လွှတ်တော်နည်းဥပဒေ ၈၆(ခ)အရ ကာလစည်းကမ်းသတ်မှတ်ချက် ကျော်လွန်ပြီဖြစ်လို့ မီးရှို့ဖျက်ဆီးရတာပါ။ ဒါကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့အညီလုပ်ဆောင်ရတာပါ” လို့ ပြောပါတယ်။

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းမှာ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲအပြီး ချောင်းဆုံမြို့နယ်မှာ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည်ကျင်းပခဲ့ကြောင်းနဲ့ ပေါင်မြို့နယ်ထဲက ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း အသုံးပြုခဲ့တဲ့ မဲရုံပေါင်း ၉၅ရုံက မဲလက်မှတ်တွေနဲ့စာ ရင်းဇယားတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။

ပေါင်မြို့နယ်ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) တာဝန်ခံ ဦးမင်းစိုးရီက “ အခုလို မီးရှို့ဖျက်ဆီးတယ်ဆိုတာကလည်း ၂၀၁၅ ခုနှစ်တည်းကဆိုတော့ ဖျက်ဆီးသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်တာကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်လို့ ပွင့်လင်းမြင်သာစွာနဲ့ပူးပေါင်း လုပ်ဆောင်နိုင်မယ်ဆိုရင်ပိုပြီးကောင်းတာပေါ့။ ဒါမှလည်း ပေါင်မြို့နယ်ထဲမှာရှိတဲ့ ပြည်သူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကရော မြို့နယ်ကော်မရှင်အပေါ် ယုံကြည်မှုတွေရှိလာမယ်။” လို့ ပြောပါတယ်။

ပေါင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲက မဲရုံပေါင်း ၉၄ ရုံ၊ ဆန္ဒမဲပေးသူ ၁၇၀,၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မဲရုံပေါင်း ၉၈ ရုံ၊ ဆန္ဒမဲပေးနိုင်သူ ၂၁၀,၀၀၀ ကျော်ရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတုန်းက အသုံးပြုခဲ့တဲ့  စာရွက်စာတမ်းတွေ ဆန္ဒမဲ လက်မှတ်တွေနဲ့  အသုံးပြုမရတဲ့  မဲရုံသုံးပစ္စည်းတွေကိုလည်း  ၂၀၁၄ ခုနှစ် လောက်မှာ မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

သတင်း- မောင်မောင်လင်း/ ခွန်ရာဇာ/ ယူမင်းစိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013