DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုမြို့နယ်၌ ဘိလပ်မြေစက်ရုံစီမံကိန်း ပြန်စမှာကို ဒေသခံများ စိုးရိမ်
DVB
·
January 6, 2021
ဒီးမော့ဆိုမြို့နယ်၌ ဘိလပ်မြေစက်ရုံစီမံကိန်း ပြန်စမှာကို ဒေသခံများ စိုးရိမ်
1 / 5
Donate to DVB

ကယားပြည်နယ်၊ ဒီးမော့ဆိုမြိုနယ်ရှိ  ရပ်နားထားတဲ့ ဘိလပ်မြေစက်ရုံ စီမံကိန်းကို သက်ဆိုင်ရာက ကွင်းဆင်းနေတဲ့အတွက် စက်ရုံစီမံကိန် ဆက်လုပ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ  တစ်နေ့တန် ၅၀၀၀ ထွက်မယ့်  ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA က ဒီဇင်ဘာ ၂၆ ရက်နေ့က ကွင်းဆင်းပြီးသွားရောက်လေ့လာခဲ့တာပါ။

ဘိလပ်မြေစက်ရုံတည်ဆောက်မယ့်နေရာနဲ့ ၂ မိုင်လောက်သာ ဝေးတဲ့ လားလဲကျေးရွာနေ ဦးဗျာရယ်က တောင်ယာတွေလယ်ယာတွေ ပျက်စီးမှာစိုးရိမ်လို့ ဒီဘိလပ်မြေစက်ရုံကို ကန့်ကွက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ပြည်သူတွေက ဒီလောက် ကန့်ကွက်လာရတဲ့အကြောင်းအရင်းက ကျနော်တို့က ဌာနေ တိုင်းရင်းသားတွေဖြစ်တဲ့အတွက်ကြောင့် ဒီလိုပဲ ကျနော်တို့ ဒီလိုပဲ လုပ်ကိုင်စားသောက် လာတဲ့ အခါကျတော့ ဒီလိုမျိုးကြီးကြီးမားမားဖြစ်တဲ့ ဘိလပ်မြေစက်ရုံမျိုးကျတော့ ကျနော်တို့နဲ့လုံးဝ သင့်တော်မှုမရှိသေးဘူး။ နောက်ပြီးတော့ ကျနော်တို့ဒီဒေသ တကျောမှာ ပြန်ကြည့်လို့ရှိရင် ကျနော်တို့က ထိခိုက်မယ့်ဧရိယာ ထဲမှာကျတော့ ဒီမှာ ရွာပေါင်း ၂၀ လောက်ရှိတဲ့အခါကျတော့ သူတို့အလုပ်ပေးမယ့်ကုမ္ပဏီ လုပ်သားဘယ် လောက်လဲ၊ ကျနော်တို့ဒီရွာသားတွေက လူဦးရေ ထောင်နဲ့သောင်းနဲ့ရှိတဲ့ဟာကို ဘယ်လောက်ပေးနိုင်မလဲ။ နောက်ပြီးတော့ ကျနော်တို့ ဒီအခု လုပ်စားနေတဲ့ တောင်ယာတွေ၊ လယ်ယာတွေ၊ ပျက်စီးကုန်တဲ့အခါကျလို့ရှိရင် ကျနော်တို့အတွက် ရေရှည်မှာ ဘယ်လိုမျိုး ရပ်တည်မလဲဆိုတဲ့ ရည်ရွယ်ချက်မှာကျတော့ ကျနော်တို့က အများကြီးစိုးရိမ်ရတယ်။”

အလားတူ  လားလဲကျေးရွာနေ နော်ကလိုစေးက  “ကျမတို့နေတဲ့ဒီရွာမှာဆိုရင် တိရိစ္ဆာန်ကို ကျောင်းတယ်လေ။ အခိုးငွေ့တွေ အဲဒီမြက်ပေါ်ကျရင် သူတို့စားမိမယ်ဆိုရင် မကောင်းဘူးပေါ့။ နောက်က လေးတွေအတွက်ဆိုရင် ကျမတို့ရှူရတဲ့ အခိုးအငွေ့ ဆိုရင်ကျတို့အတွက်မကောင်းဘူးလို့ ကျမမြင်တယ်။ ” လို့ ပြောပါတယ်။

ဘိလပ်မြေတည်ဆောက်မယ့်နေရာနဲ့ ၃ ဖာလုံခန့်သာဝေးတဲ့ ဝါသောခိုရွာသစ်နေ ဦးစောအယ်စေးက “ကျနော်တို့ ကန့်ကွက်တဲ့အကြောင်းအရင်းက နံပတ် ၁ ရာသီဥတို ဖောက်ပြန်မယ်။ သဘာဝတောတောင်တွေ ပျက်စီးမှာပေါ့။ သဘာဝတောတောင်က ကျနော်တို့ တန်ဖိုးဖြတ်လို့မရဘူးလေ။ နောက်တချက် ကျနော်တို့ သားသမီး လေထုညစ်ညမ်းမှု ကာဗွန်ထုတ်လုပ်မှုက ကျနော်တို့ အတွက်အများကြီးရင်ဆိုင်ရတာပေါ့။ ”

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA က ဒီဇင်ဘာ ၂၆ ရက်နေ့က  ဘိလပ်မြေစက်ရုံ ကွင်းဆင်းတည်ဆောက်မယ့် နေရာကို သွားရောက်လေ့လာခဲ့ကြောင်း  DICA တရားဝင် စာမျက်နှာမှာဖော်ပြခဲ့ပါတယ်။

ဒီလိုကွင်းဆင်းလေ့လာရာမှာ ဒေသခံတွေကို အသိမပေးဘဲ သွားရောက်ခဲ့သလို ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ်ကို  လာရောက်တိုင်ပင်ခြင်း မရှိခဲ့ဘူးလို့လည်းသိရပါတယ်။

 ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက “လောလောဆယ် ဒီကျနော် တာဝန်ယူစဉ်ကာလ အတွင်းမှာတော့ လာရောက် တိုင်ပင်တာတော့ မရှိသေးဘူးပေါ့။ ဒါလည်း ကျနော် မသိရသေးပါဘူး။”လို့ ဇင်ဘာ ၂၈ ရက်နေ့က သတင်းထောက်တွေမေးမြန်းစဉ် ဖြေဆိုခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှစတင်ပြီး ဒီးမော့ဆိုမြို့နယ် ဝါသောခိုရွာသစ် ကျေးရွာအုပ်စုအတွင်း ဘိလပ်မြေ စက်ရုံ တည်ဆောက်ဖို့ လေးပွင့်ကြယ်ကုမ္ပဏီနဲ့ ကျောက်မီးသွေးထုတ်လုပ်ဖို့ စတင် လုပ်ဆောင်ခဲ့ ပါတယ်။ ဒေါသခံတွေ ကန့်ကွက်မှုကြောင့် လေးပွင့်ကြယ်ကုမ္ပဏီက နောက်ဆုတ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဟိန်းမြန်မာကုမ္ပဏီဆိုပြီး ကုမ္ပဏီနာမည်ပြောင်းပြန်ဝင်လာခဲ့ရာ ဒေသခံတွေ ဆက်လက်ကန့်ကွက်မှုကြောင့် ရပ်တန့်ခဲ့ပါတယ်။ 

၂၀၁၆ ခုနှစ်မှာတော့ ရွှေကန္တရဝတီ ဟိုးဒင်း ကုမ္ပဏီဆိုပြီး ထပ်မံဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကစပြီး လူထုလှုပ်ရှားမှုတွေ လုပ်ဆောင်လာခဲ့ပြီး ကရင်နီပြည်မာတာအဖွဲ့ကနေပြီး ကန့်ကွက်လက်မှတ်ကိုစုကာ ပြည်နယ်အစိုးရကို တင်ခဲ့တဲ့ အတွက် ငြိမ်သက်သွားခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၇ နှစ်ကုန်ခါနီးမှာတော့ Square Power Group Co.,Ltd ဆိုတဲ့ တရုတ်ကုမ္ပဏီနဲ့ ထပ်မံဝင်ရောက်ပြီး ဒေသခံ ရွာ ၂၀ ကျော်ရဲ့ကန့်ကွက်မှုနဲ့ ရပ်နားခဲ့ပေမယ့် တဖန် ပြန်လည်ကွင်းဆင်းလာတာဖြစ်ပါတယ်။

ကရင်နီပြည် MATA အဖွဲ့က ဘိလပ်မြေစက်ရုံနဲ့ ပတ်သက်ပြီး စစ်တမ်းတွေ ကောက်ခံခဲ့ရာ EIA အဆင်သင့် မရှိသေးတဲ့အပြင် ကျေးရွာလူထုကို ပွင့်လင်းမြင်သာစွာ ချပြခြင်း မရှိခဲ့ကြောင်း၊ ကျေးရွာလူထုတွေရဲ့  ကန့်ကွက်လက်မှတ်တွေနဲ့အတူ  ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရအထိ တိုင်ကြားခဲ့သလို ပြည်နယ်အတွင်း ကန့်ကွက်လှုပ်ရှားတွေလည်းပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013