DVB Logo
Home
မြန်မာသတင်း
အစိုးရနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ တွေ့ဆုံဆွေးနွေးမှု သဘောတူညီမှုမရ
DVB
·
September 9, 2013
အစိုးရနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ တွေ့ဆုံဆွေးနွေးမှု သဘောတူညီမှုမရ
1 / 2
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ)နဲ့  အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရာမှာ သဘောတူညီချက် တစုံတရာ မရရှိဘဲ အဆုံးသတ်ခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့  ဒီနေ့  ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ အကြို ညှိနှိုင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

[caption id="attachment_43287" align="alignright" width="225" caption="ဦးခိုင်စိုးနိုင်အောင် "][/caption]

အခု တကြိမ် တွေ့ဆုံမှုဟာ ၄ ကြိမ်မြောက်တွေ့ဆုံတာ ဖြစ်ပေမယ့် ဒီတွေ့ဆုံမှုမှာ လည်း  သဘောတူညီမှု တစုံတရာ မရရှိခဲ့ဘူးလို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က ပြောပါတယ်။

“ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ တွေ့တာ ၄ ကြိမ်ရှိပြီး အခုလည်း ဘာပြောလဲဆိုရင် နေပြည်တော်မှာ အောက်တိုဘာလမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့တဲ့ အဲဒီအခါမှ တဖွဲ့ ၂ ယောက်ဆီတွေ့မယ်။ အဲဒီကိုလာပြီး အဲဒီအခါမှ ဆွေးနွေးကြမယ်လို့ ပြောတယ်။ ကျနော်တို့က ပထမနဲ့ ဒုတိယအကြိမ်တွေ ဆွေးနွေးပြီးပြီး အခုထိ မရသေးဘူး။ အဓိကက ဘဂါင်္လီ - ရခိုင်ပဋိပက္ခကိစ္စကို အကြောင်းပြ တယ်။ ကျနော်တို့ကတော့ တခြားအဖွဲ့တွေလိုပဲ ဆက်ဆံရေးဖွင့်တာတို့၊ တပ်နေရာ ချထားတာ တို့၊ စီးပွားရေးလုပ်ငန်းတို့စသည်အားဖြင့် တောင်းထားတာလေ။ ဒါကို တခြားအဖွဲ့တွေကရတယ်။ ကျနော်တို့ကျတော့ ကုလား - ရခိုင်ပဋိပက္ခမှာ အေအယ်လ်ပီလည်းပါတယ်။ အဲဒါကြောင့် ရခိုင်ပြည် တည်ငြိမ်အေးချမ်းတဲ့အထိစောင့်ပါဆိုပြီး အခုလည်း ဒီလိုပဲ ပြောတယ်။”

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ  ဒုဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လ၀က၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီစသူတို့ပါဝင်ပြီး  ရခိုင်ပါတီဘက်က ဦးခိုင်စိုးနိုင်အောင်၊ ဒေါ်စောမြရာဇာလင်းနဲ့ အဖွဲ့တို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ ပြီးခဲ့တဲ့နှစ် ဧပြီလ ၅ ရက် နေ့ က  ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၅ ချက်ကို လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ပါတယ် ။

ဒီသဘောတူညီချက်တွေထဲမှာ နှစ်ဖက်တပ်တွေ ၂၀၁၂ ခုနှစ် ဧပြီလ ၆ ရက်နေ့က စပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရပ်စဲထားရန်၊ ပလက်ဝနဲ့ ကျောက်တော်မြို့နယ်တွေမှာ အေအယ်လ်ပီ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်၊  သတ်မှတ်နေရာမှာ  နှစ်ဖက်တပ်တွေ လက်နက်ကိုင်ဆောင် သွားလာမှုကို နှစ်ဘက်တိုင်ပင် ပြုလုပ်ရန်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေနဲ့ မြန်မာ တပြည်လုံးကို လွတ်လပ်စွာခရီးသွားလာခွင့်ပြုရန်နဲ့  ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေးကို နှစ်ဦးနှစ်ဖက် တိုင်ပင်ဆွေးနွေးပြုလုပ်ရန်စတာတွေ ပါဝင်ပါတယ်။

ယခု ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ နှစ်ဖက်ကိုယ်စားလှယ်တွေ အကြို ညှိနှိုင်းကြရာမှာ သဘောတူညီမှုမရသေးဘဲ ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013