ဒေးဒရဲမြို့က ကျောင်းဆရာအမှု ၆၁ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး
DVB
·
January 6, 2021
ကျောင်းမြေ လန ၃၉ လိမ်လည်လျှောက်ထားတယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ဧရာ၀တီတိုင်း၊ ဒေးဒရဲမြို့နယ်၊ လေးကျေးရွာက ကျောင်းဆရာအမှုကို ဇန်နဝါရီ ၅ ရက်နေ့က ၆၁ ကြိမ်မြောက်ရုံးချိန်းအဖြစ် ပြန်လည်စစ်ဆေးခဲ့ပါတယ်။
ရုံးချိန်းမှာ အစည်းဝေးမှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုးတာတဲ့ ကျောင်းဆရာလက်မှတ်ကို သက်သေအဖြစ်တင်သင့် မတင်သင့် တရားရုံးက ဆုံးဖြတ်ချက်ချခဲ့တယ်လို့ တရားစွဲခံရတဲ့ ကျောင်းဆရာရဲ့ရှေ့နေ ဦးခင်မောင်ဝင်းက ပြောပါတယ်။
"ပထမကျောင်းကော်မတီမှာ အစည်းအဝေးလုပ်ခဲ့တဲ့ ဆရာကြီးရဲ့လက်မှတ်ကိုပြပြီး ဟိုဘက် ကတင်တဲ့ စာအုပ်ကိုလက်ခံလိုက်တယ်၊ ဒီစာအုပ်က အစောကြီးထဲက သက်သေအဖြစ် တင်ရမှာ ဖြစ်တယ် ခုမတင်တာကိုတော့ ရိုးသားမှုမရှိဘူးမြင်မိတယ်"လို့ ပြောပါတယ်။
အမှုနဲ့ပတ်သတ်ပြီး အစည်းမှတ်တမ်းစာအုပ်ကို ၆၁ ကြိမ်မြောက်ရုံးချိန်မှ တင်ခဲ့တဲ့အတွက် ပြန်လည် စစ်ဆေးမေးမြန်းရမယ့် အခွင့်အရေးတွေ ဆုံးရှုံးရတယ်လို့ ဆိုပါတယ်။
လာမယ့် ၆၂ ကြိမ်မြောက်ရုံးချိန်းကို ဇန်နဝါရီ ၂၀ ရက်နေ့ကို ပြန်လည်ချိန်းဆိုးထားပြီး အဲ့ရုံးချိန်မှာ စွပ်စွဲခံထားရသူ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးခင်စိန်ကို စစ်ဆေးမေးမြန်းမယ်လို့ သိရပါတယ်။
အမှုကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့က ပုဒ်မ ၄၀၂၊ ၄၆၈ စတဲ့ ပုဒ်မတွေနဲ့ လေးကျေးရွာ ကျောင်းဆရာနဲ့ ကျောင်းအကျိုးတော်ဆောင်တို့ကို စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ၄၆ ကြိမ် မြောက်ရုံးချိန်းဖြစ်တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှာ ဒေးဒရဲမြို့နယ်တရားရုံးက စွဲချက်တင် ဖို့အတွက် အမိန့်ချမှတ်ခဲ့တာပါ။
လေးကျေးရွာ ကျောင်းဆရာနဲ့ အကျိုးတော်ဆောင်ကော်မတီ၀င် တရားစွဲခံရတာနဲ့ ပတ်သက်ပြီး မတရား တရားစွဲဆိုခံရတာလို့ဆိုပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ပညာရေး၀န်ထမ်းတွေ၊ ဒေသခံပြည်သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒေးဒရဲမြို့ရဲ့ လူစည်ကားတဲ့ နေရာတွေမှာ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
သတင်း - မင်းထက်မုန်း