
ကယားပြည်နယ်ရဲ့ အထင်ကရနေရာတခုဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်အတွင်း ကန်ခုနစ်ဆင့်ကို ကိုဗစ်ကန့်သတ်ချက်နဲ့ တားမြစ်ထားပေမယ့် လာရောက်လည်ပတ်သူတွေ များပြားနေပြီး အမှိုက်သရိုက်တွေကိုလည်း စည်းကမ်းမဲ့ စွန့်ပစ်နေကြတယ်လို့ သိရပါတယ်။
ဒါကြောင့် ကန်ခုနစ်ဆင့်ကို ထိန်းသိန်းဖို့ တနီးလာလဲ ကျေးရွာသူကျေးရွာသားတွေက ဇန်နဝါရီလ ၄ ရက်နေ့မှာ စုပေါင်းအမှိုက်ကောက်ခဲ့ကြတာပါ။
လာရောက်လည်ပတ်သူတွေ ထပ်မရောက်လာအောင်လည်း ခြံစည်းရိုးကာထားပေမယ့် ဖျက်ပြီးဝင်ရောက်တာကြောင့် အခုထပ်ပြီး ခြံစည်းရိုးကာနေရတယ်လို့ တနီးလာလဲ ကျေးရွာသားလည်းဖြစ်၊ ကန်ခုနစ်ဆင့် ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး ၂ ဖြစ်တဲ့ ဦးတီရယ်က ပြောပါတယ်။
“အခု ကိုဗစ် ကပ်ရောဂါဖြစ်တဲ့အချိန်မှာလည်း လူအများကြီး လာကြတာပေါ့နော်။ ခရီးသွားလုပ်ငန်းတွေလာပြီးတော့ အပန်းဖြေကြတဲ့နေရာမှာ ကျနော်တို့လည်း တားမြစ်ပါတယ်။ ကျနော်တို့လည်း ခြံကာထားတယ်။ နောက်တံခါးတွေလာဖွင့်ပြီး ဝင်လာလာတည်းကြတယ်၊ အပန်းဖြေကြတယ်။ အဲဒါ ရွာကနေပြီးတော့ ကျနော်တို့ ကာကွယ်ထိန်းသိန်းရေးအဖွဲ့တွေ လိုက်ပြောနေတဲ့အချိန်မှာ ကိုယ်ကလည်း မနိုင်တော့ဘူးပေါ့နော်။ လူလည်း ထပ်တိုးလာတဲ့အချိန်ကျတော့ သူတို့တွေက မြို့ကနေ လူစုလူဝေးလာပြီး လာတည်း လာအပန်းဖြေ နောက်ပြီးတော့ အမှိုက်တွေလည်း လာပစ်ကြ၊ ကျနော်တို့ ပြန်ကြည့်တဲ့အချိန်မှာ ရောဂါထိန်းချုပ်တဲ့နေရာမှာ ရောဂါကို သယ်လာပြီးတော့ ဒီဘက်ကို ပြန်လာချပေးတဲ့သဘောဖြစ်နေတယ်။ အမှိုက်ကိုလည်း ပြန်မသယ်ဘဲ ရောဂါကိုလာ ချပေးတဲ့ ပုံဖြစ်နေတယ်ဆိုပြီး ကျနော်တို့ လူငယ်အဖွဲ့အစည်းတွေကိုခေါ်ပြီးတော့ အမှိုက်ကောက်ရခြင်းဖြစ်ပါတယ်။”
ကယားပြည်နယ်အတွင်း လူစုလူဝေး ဖြစ်ပေါ်နိုင်တဲ့ လူထု အပန်းဖြေနေရာတွေ၊ အထင်ကရ နေရာတွေ၊ ပွဲလမ်းသဘင်တွေ၊ လူမှုရေး လုပ်ငန်းတွေကို ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ဇန်နဝါရီ ၃၁ ရက်နေ့အထိ ခေတ္တယာယီပိတ်သိမ်းထားဖို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။
ဒီလိုတားမြစ်ထားတဲ့ကြားက လာရောက်လည်ပတ်နေကြတဲ့အတွက် ကျေးရွာသားတွေက လူတွေထပ်မလာအောင် ကာရံထားတာလို့ ဦးတီရယ်က ပြောပါတယ်။
ကန်ခုနစ်ဆင့်ကို ဒေသခံ ကျေးရွာသားတွေက အထွဋ်အမြတ်ထားကြသလို ရေကန်အနီး မဖွယ်မရာပြုလုပ်တာ၊ မစင်စွန့်တာတွေ ပြုလုပ်မိပါက ထိခိုက်တာ၊ စိတ်မနှံ့တာတွေ ဖြစ်တတ်တယ်လို့ ယုံကြည်ကြတဲ့အတွက် အဲဒီနေရာကို အလေးထားဖို့လည်း ဦးတီရယ်က ပြောပါတယ်။
“တခုခု သူက မစင်စွန့်တာတို့၊ မဖွယ်မရာလုပ်တာပဲဖြစ်ဖြစ် လုပ်ခဲ့သည်ရှိသော် ပြန်ဖို့နေရာဆို သူမသိတော့ဘူးပေါ့နော်၊ မျက်စိလည်တဲ့ပုံစံဖြစ်တယ်။ နောက်ပြီး စိတ်မနှံ့တဲ့ပုံစံလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် ဒါလေး မဖြစ်သင့်ဘူးလို့ ကျနော်တို့ ပြောတာပါ။ ”
ဒါ့အပြင် တနီးလာလဲ၊ ဒေါတမီး၊ ဒေါပေါ်ကလဲ အစရှိတဲ့ အနီးအနား ကျေးရွာတွေဟာ ကန်ခုနစ်ဆင့်ကို အမှီပြုပြီး သောက်သုံးရေ၊ စိုက်ပျိုးရေအဖြစ် အသုံးပြုကြပြီး ထိန်သိမ်းမှုတွေ မပြုလုပ်ပါက ကန်ခန်းခြောက်သွားနိုင်တာကြောင့် ဒေသခံအနေနဲ့ ကန်ထိန်းသိမ်းရေးကော်မတီဖွဲ့ပြီး ထိန်းသိမ်းကြတာလို့ ဆိုပါတယ်။
တနီးလာလဲ ကျေးရွာကနေ အမှိုက်လာကောက်သူ အမျိုးသမီး ဦးမြာက ကန်ခုနစ်ဆင့်ကို လာရောက်လည်ပတ်သူတွေအနေနဲ့ စနစ်တကျ အမှိုက်စွန့်ပစ်စေချင်တယ်လို့ ပြောပါတယ်။
“အခုလောလောဆယ် အမှိုက်လာဖွတဲ့အတွက် စိတ်ထဲမှာလည်း မကောင်းဘူး။ အထက်ကလူကြီးတွေလည်း ပြောလာတဲ့အခါကျတော့ တာဝန်တွေကြီးရတာပေါ့။ တချို့လူတွေ အပျော်သက်သက်လာတယ်။ တချိုတွေကလည်း သိချင်လို့ စူးစမ်းလေ့လာချင်လို့ အဲလိုလာတဲ့အခါကျတော့ လာလို့ရတယ်။ ဒါပေမယ့် အမှိုက်တွေဘာတွေ ပြန်သိမ်းပေးပေါ့။ အမှိုက်ပုံးထဲမှ သေသေချာချာပြန်သိမ်းပေးဖို့၊ မဖွဖို့ပေါ့။ ”
ကန်ခုနစ်ဆင့် ရှိတဲ့ထဲက ကန် နံပါတ် ၆ ဟာ ကန်ပြင်ကျယ်ပြီး အနားယူဖို့ နေရာများတာကြောင့် ခရီးသွားအများစု အလာများတယ်လို့ သိပါတယ်။ ဒေသခံတွေကတေ့ ကန်ခုနစ်ဆင့်ကို နတ်သမီး ရေကန်လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။











