DVB Logo
Home
ကျန်းမာရေး
သတင်းကြီးနေတဲ့ ကိုဗစ် ကုသဆေး Favipiravirက တကယ်စွမ်းရဲ့လား
DVB
·
January 4, 2021
သတင်းကြီးနေတဲ့ ကိုဗစ် ကုသဆေး Favipiravirက တကယ်စွမ်းရဲ့လား
Donate to DVB

တစ်နှစ်သား ကိုဗစ်ကို သည်းခံနိုင်စွမ်းကုန်ဆုံးလာတာနဲ့အမျှ တတ်နိုင်သမျှ ကာကွယ်ဆေးတွေ ကုသဆေးတွေကို စမ်းသပ်ထုတ်လုပ်လာကြပါတယ်။ အစဉ်အလာအရဆိုရင် ဆေးတစ်ခုတီထွင်တာပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေးတစ်ခု စမ်းသပ်တာပဲ ဖြစ်ဖြစ် ဆယ်စုနှစ် တစ်ခုစာလောက်ကြာအောင် လေ့လာရတာ မှန်ပေမယ့် ကိုဗစ်ကတော့ ခြွင်းချက် တော်ရုံဘေးကင်းတယ်၊ သုံးလို့ရတယ်ဆိုရင် အရေးပေါ်အသုံးပြုခွင့်တွေ ပေးနေရပါတယ်။ ကပ်ရောဂါပေကိုး။

ဒါကြောင့် ကိုဗစ်နဲ့ ပတ်သက်လာရင် ဘယ်နိုင်ငံက ဘာကာကွယ်ဆေးတွေ ထွင်နေပြီ၊ ဘာဆေးတွေ ဖော်နေပြီဆိုတာ နေ့စဉ်နဲ့အမျှ ကြားနေရမှာပါ။ တစ်ခုပဲ သတိထားရမှာက ဒီဆေးတွေက ဘယ်လောက်ထိ စမ်းသပ်ထားပြီး ဘယ်လောက်ထိ အန္တရာယ်ကင်းသလဲဆိုတာပါပဲ။ ငကန်းကြားက ငစွေကို ရွေးထုတ်နေရသလိုပါပဲ။

ခုလည်း ကိုဗစ်ကုသဆေးကို မြန်မာနိုင်ငံမှာထုတ်နိုင်တယ်ဆိုတာ ဘာကို ပြောတာလဲ။ ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား ဝေခွဲမရဖြစ်နေသူများအတွက် ရှင်းရှင်းလင်းလင်း သိရအောင် Favipiravirဆိုတဲ့ ဆေးအကြောင်းကို ပြောပြပေးချင်ပါတယ်။

Favipiravir ဆိုတာ


Favipiravirဆိုတာ ဗိုင်းရပ်စ်ဆေးပါ။ သောက်ဆေးအမျိုးအစား ဖြစ်ပြီး ၂၀၁၄လောက်တုန်းက FUJIFILM Toyama Chemicalက တုပ်ကွေးရောဂါတွေ ကုသဖို့ရယ်ဆိုပြီး စပြီး ထုတ်လုပ်ခဲ့တာပါ။ Aviganနာမည်နဲ့ပေါ့။ ဆေးဝါးလောက ထုံးစံအရ စထွင်တဲ့ ကုမ္ပဏီကို ၅နှစ်အပိုင်စား ပေးထားရပါတယ်။ ၅နှစ်ကျော်ရင်တော့ တခြားကုမ္ပဏီတွေက ဖော်မြူလာကို အတုယူပြီး လိုက်ထုတ်လို့ရပါပြီ။ ဒါကြောင့် Favipiravirက နာမည်အမျိုးမျိုးနဲ့ စျေးကွက်ထဲမှာ ရှိနှင့်ပြီးသားပါ။ ခုဆိုရင်တော့ မြန်မာနိုင်ငံမှာလည်း ကိုယ်ပိုင်စက်ရုံကနေ ထုတ်လို့ရနေပါပြီ။



Favipiravirကို ဘယ်ရောဂါတွေအတွက် သုံးနိုင်သလဲ။


Favipiravirကို တုပ်ကွေးအတွက် ထုတ်ထားတယ်ဆိုပေမယ့် လေ့လာချက်တွေအရ

-တုပ်ကွေးဗိုင်းရပ်စ်ပေါင်း ၅၃မျိုးလောက်မှာ သုံးလို့ရနိုင်တယ်လို့ ပြောထားပါတယ်။ ဒါ့ပြင်

-အီဘိုလာ ဖြစ်တုန်းကလည်း သူ့ကို သုံးဖို့ ရည်ရွယ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

-တိရိစ္ဆာန်တွေနဲ့ ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်ချက်အရ တခြား RNAဗိုင်းရပ်စ်တွေကို ကုသတဲ့နေရာမှာ အစွမ်းထက်တာကိုလည်း တွေ့ရပါတယ်။ လူမှာကတော့ တိကျတဲ့ အဖြေမရသေးပါဘူး။

Favipiravirက ကိုဗစ်ကုသဆေးလား။


Favipiravirကို ကိုဗစ်ကုသတဲ့ နေရာမှာ သုံးဖို့ WHOက တရားဝင် ကြေညာထားခြင်း မရှိပါဘူး။ နိုင်ငံအလိုက် စမ်းသပ်ပြီး သုံးစွဲနေတာမျိုး၊ အရေးပေါ်အသုံးပြုခွင့် ပေးထားတာမျိုးလောက်ပဲ ရှိပါတယ်။ တရုတ်၊ ဂျပန်၊ ရုရှား၊ အမေရိကန်၊ အိန္ဒိယ၊ ဆော်ဒီ စတဲ့ နိုင်ငံတွေနဲ့ တခြားနိုင်ငံလေးတွေမှာ စမ်းသပ်သုံးစွဲဆဲအဆင့်ပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာတော့ အလားတူ Remdesivir ထိုးဆေးကို သုံးပါတယ်။

WHOကတော့ Chloroquineအုပ်စု၊ Remdesivir၊ Favipiravir အပါအဝင် ဗိုင်းရပ်စ်ဆေး အုပ်စု၊ ခုခံအားထိန်းညှိပေးတဲ့ ဆေးတွေ၊ သွေးရည်ကြည်ကုထုံး စတာတွေကို ကိုဗစ်ကုသ၊ ကာကွယ်ရေးမှာ သုံးဖို့ တိုက်တွန်းထားခြင်း မရှိပါဘူး။ နိုင်ငံအလိုက် ကောင်းနိုးရာရာ ကုထုံးတွေကိုသာ စမ်းသပ်ကုသပေးနေတာ ဖြစ်ပါတယ်။ သက်သာသွားတဲ့သူတွေလည်း ရှိပါတယ်။ ဆေးပညာအရ ကျယ်ကျယ်ပြန့်ပြန့် မစမ်းသပ်နိုင်လို့ တိတိကျကျသက်သေပြလို့ မရတာမျိုးပါပဲ။

Favipiravirနဲ့ ကောင်းကျိုး ဆိုးကျိုး


လက်ရှိမှာတော့ စမ်းသပ်ဆဲ နိုင်ငံတွေက Favipiravirကို မပြင်းထန်နဲ့ အတန်အသင့်ပြင်းထန် ကိုဗစ်မှာ သုံးတာ တွေ့ရပါတယ်။ Favipiravirက ဗိုင်းရပ်စ်ပွားတာကို တားမြစ်ပေးတာပဲ ဖြစ်ပြီး ဗိုင်းရပ်စ်ကို သေစေတာတော့ မဟုတ်ပါဘူး။ ပိုးစစဝင်ခြင်းမှာ ပေးမယ်ဆိုရင် ဗိုင်းရပ်စ်မပွားအောင် တားနိုင်လို့ ရောဂါမပြင်းထန်အောင်၊ မြန်မြန်သက်သာလာအောင် လုပ်ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဗိုင်းရပ်စ်ကောင်ရေ နည်းသွားတဲ့အတွက် သူများကို ကူးနိုင်တာလည်း နည်းသွားနိုင်ပါတယ်။

ကုသဆေးအနေနဲ့ပဲ သုံးပြီး ကာကွယ်ဆေးအနေနဲ့တော့ မသုံးကြပါဘူး။  သောက်ဆေးဖြစ်တဲ့အတွက် မပြင်းထန်တဲ့ လူနာတွေကို အိမ်မှာပဲထားတဲ့ နိုင်ငံတွေမှာဆိုရင် လူနာကို ကုသရတာ ပိုအဆင်ပြေပါတယ်။ အခြေအနေဆိုးတဲ့ လူနာတွေမျာလည်း မသုံးကြပါဘူး။

ဆိုးကျိုးအနေနဲ့ကတော့ လူနာတွေမှာ သွေးတွင်းယူရစ်အက်စစ်ဓာတ်ကို တက်စေပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ သုံးလို့မရပါဘူး။ နှလုံးလည်း ထိနိုင်ပါတယ်။ တချို့ဆေးတွေနဲ့လည်း ဓာတ်ပြုနိုင်ပါတယ်။

သောက်ဆေးဆိုပေမယ့် သောက်ရတဲ့ ပမာဏက များပါတယ်။ လက်ရှိမှာဆိုရင် ပထမရက်မှာ ၁၈၀၀ မီလီဂရမ် ၂ကြိမ်၊ ဒုတိယရက်ကစပြီး ၁၄ရက်ပြည့်တဲ့အထိ ၈၀၀ မီလီဂရမ် ၂ကြိမ်တိုက်ကြပါတယ်။ နိုင်ငံပေါ်လိုက်ပြီး အပြောင်းအလဲတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီနှုန်းအတိုင်းဆိုရင် ၂၀၀မီလီဂရမ်ဆေးပဲ ရှိနေသေးတာကြောင့် ပထမတစ်ရက်မှာတင် ၁၈လုံး၊ နောက်ရက်တွေမှာ ၈လုံး သောက်ရမှာပါ။

Favipiravirနဲ့ ပတ်သက်ပြီး ပျော်ရမှာလား။


လက်ရှိအချိန်ထိတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး တိကျတဲ့ ကုသဆေးရယ်လို့ မရှိသေးပါဘူး။ အားလုံးက ကောင်းနိုးရာရာလေးတွေ မရှိသုံးလေး သုံးနေကြရတာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီဆေးတွေက သမားကိုင်ဆေးတွေပါ။ ဆေးဆိုင်မှာဝယ်ရင်တောင် ဆရာဝန်လက်မှတ်ပါမှ ဝယ်လို့ရမယ့် ဆေးပါ။

မတော်တဆများ ဝယ်လို့ရခဲ့ရင်တောင် ကိုယ့်သဘောနဲ့ကိုယ်မသောက်ပါနဲ့။ ကိုဗစ်လို့ ကိုယ့်ကိုယ်ကို သံသယရှိရင်တောင် ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။ ကြိုသောက်ထားလို့လည်း ရောဂါကို မကာကွယ်နိုင်ပါဘူး။ ကောင်းကျိုး၊ ဆိုးကျိုး၊ ရောဂါအခံ၊ သောက်လက်စဆေး စတာတွေ ချိန်ဆပြီးမှ သောက်ရမယ့် ဆေးဖြစ်လို့ပါ။ ဆရာဝန် ညွှန်ကြားချက်နဲ့မှ သောက်ဖို့ အကြံပြုလိုပါတယ်။

 




ရေးသားသူ - Dr. Htet Htet Zaw Win



ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013