DVB Logo
Home
မြန်မာသတင်း
ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းက သိန်း ၄၆၀ ကျော်တန်ဖိုးရှိ ဆေးဝါးခိုးယူရောင်းချသူများ ဖမ်းမိ
DVB
·
January 4, 2021
ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းက သိန်း ၄၆၀ ကျော်တန်ဖိုးရှိ ဆေးဝါးခိုးယူရောင်းချသူများ ဖမ်းမိ
Donate to DVB

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ ဗဟိုကာကွယ်ဆေး သိုလှောင်ရေးအအေးခန်းကနေ ဆေးဝါးတွေ ခိုးယူသူနဲ့ ရောင်းချပေးသူတွေ ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၊ မင်းဓမ္မလမ်း၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၊ ဗဟိုကာကွယ်ဆေး သိုလှောင်ရေးအအေးခန်းအတွင်း ထားရှိတဲ့ ရေခဲသေတ္တာအမှတ် BC 2 အတွင်းမှ တိုင်းနဲ့ပြည်နယ်တွေကို မဖြန့်ဖြူးပေးရသေးတဲ့ စုစုပေါင်းတန်ဖိုး ၄၆,၀၈၁,၇၆၈ ကျပ်ရှိ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးပုလင်း ၅,၈၁၀၊ အသည်းရောင် အသားဝါ B ကာကွယ်ဆေး အလုံး ၄၈၀၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးအလုံး ၇၀၀ တို့ ပျောက်ဆုံးခဲ့တာလို့ ဆိုပါတယ်။

ပျောက်ဆုံးမှုကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေး အအေးခန်း ဦးစီးအရာရှိက ခိုးယူသွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေ ရဲစခန်းကို အမှုဖွင့်တိုင်တန်းခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ အထူးအမှုစစ်အဖွဲ့က ဆေးပစ္စည်းအရောင်းဆိုင်တွေမှာ လိုက်လံစုံစမ်းခဲ့ရာ ပန်းဘဲတန်းမြို့နယ်၊ ၄ ရပ်ကွက်၊ ၂၇/အပေါ်လမ်း၊  တိုက် ၂၀၂၊ (ပ) ထပ်နေ တင်အေး (ခ) မိုဟာမတ်အီလီယက်(ခ) တင်လှရဲ့ ဆေးဆိုင်မှာ ရောင်းချကြောင်း သိရတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အဲဒီဆေးဆိုင်ကို ဝင်ရောက်ရှာဖွေရာ Lot No – T013330 ပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ၆၄၃ လုံး သိမ်းဆည်းရမိခဲ့ပါတယ်။

တင်အေးကို စစ်မေးရာ သာကေတမြို့နယ်၊ ရှုခင်းသာအိမ်ယာနေ စိုးမြင့်(ခ)စလိုဒါဂျူး က လာရောက်ရောင်းချကြောင်း၊ စိုးမြင့်(ခ)စလိုဒါဂျူးကို ဖမ်းဆီးစစ်ဆေးရာ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ပန်းပင်ချောင်ရပ်ကွက်၊ သစ်ခွမြိုင်လမ်း၊ အမှတ်(၅၇)နေ ဝဏ္ဏထွန်းက ရောင်းခိုင်းတာဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

သူတို့ ၃ ဦးအား မေးမြန်းချက်အရ ဝဏ္ဏထွန်းက Lot No – T013330 ပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ၅၈၁၀ လုံး၊ အသည်းရောင် အသားဝါ B ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးတို့အား ခိုးယူပြီး စိုးမြင့်(ခ)စလိုဒါဂျူး ကိုရောင်းချခိုင်းတာလို့ ဆိုပါတယ်။

စိုးမြင့်(ခ)စလိုဒါဂျူးက  သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတွေကို ဆေးဝါးရောင်းချသူ တင်အေး(ခ)မိုဟာမတ်အီလီယက်(ခ)တင်လှ၊ သန်းထွန်း(ခ)အီမရမ်း(ခ)စာကလေး၊ အောင်နေဦးနဲ့ စလင်း တို့ဆီ ရောင်းချခဲ့တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။

အမှုမှ ပျောက်ဆုံး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ၅၅၁၃ လုံး၊ အသည်းရောင်အသားဝါ B ကာကွယ်ဆေးအလုံး ၄၈၀၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး အလုံး ၇၀၀ ကို ပြန်လည်သိမ်းဆည်းရရှိပြီး ပြစ်မှုကျူးလွန်သူ ဝဏ္ဏထွန်းပါ ၆ ဦးကို ဥပဒေနဲ့အညီ အမြန်တရားစွဲတင်ပို့နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013