DVB Logo
Home
နိုင်ငံတကာ

GTA VI ဂိမ်းသစ်ကစားရန် ဝန်ထမ်းများ အစုလိုက်အပြုံလိုက် ခွင့်ယူနိုင်

DVB
·
November 17, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ကမ္ဘာတဝန်းမှာ နိုဝင်ဘာ ၁၉ ရက်ကစပြီး ဝန်ထမ်းတွေ အစုလိုက်အပြုံလိုက် ဖျားနာခွင့်ယူကြမဲ့ “GTA VI တုပ်ကွေး” လို့တင်စားခေါ်တဲ့ ရောဂါတမျိုး ကူးစက်ပျံ့နှံ့လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

တကယ်တော့ ဒါဟာ ကူးစက်ရောဂါမဟုတ်ဘဲ ၁၃ နှစ်ကြာ စောင့်ခဲ့ရတဲ့ Grand Theft Auto VI ဗီဒီယိုဂိမ်းသစ်ကို နိုဝင်ဘာ ၁၉ ရက်မှာ ဖြန့်ချိတော့မှာမို့ ဂိမ်းဆော့ဖို့ ခွင့်ယူ၊ အလုပ်ပျက်ကြမဲ့ အခြေအနေကို တင်စားထားတာ ဖြစ်ပါတယ်။

ဒီဂိမ်းသစ်ကို ၂၀၂၆ ခုနှစ်ရဲ့ အကြီးမားဆုံး ဖျော်ဖြေရေးဖြစ်ရပ်အဖြစ် သတ်မှတ်နေကြပြီး ဟောလိဝုဒ်ရုပ်ရှင်ကားကြီးတွေထက်တောင် ပိုပြီးအာရုံစိုက်ခံနေရပါတယ်။

GTA VI ကို ကြိုတင်မှာယူထားသူ ၁၅ သန်းဝန်းကျင်ရှိနေပြီလို့ Sensor Tower က ခန့်မှန်းထားပြီး ပထမသုံးလမှာ အချပ်ရေ သန်း ၄၀ ရောင်းချရကာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိ ဝင်ငွေရနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ 

၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ GTA V ဟာ ၃ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ဝင်ငွေရရှိခဲ့ပြီး ကမ္ဘာတဝန်း အချပ်ရေ ၂၃၅ သန်းနီးပါး ရောင်းချထားရပါတယ်။ 

အခု GTA VI ထွက်ရှိမဲ့နေ့မှာတော့ ဗြိတိန်၊ အမေရိကန်နဲ့ သြစတြေးလျအပါအဝင် နိုင်ငံအများအပြားက ဂိမ်းဝါသနာရှင်တွေဟာ အလုပ်ကနေ ခွင့်ယူဖို့ ပြင်ဆင်နေကြပါတယ်။

ဂိမ်းထုတ်လုပ်ရေးကုမ္ပဏီ Take-Two Interactive ရဲ့ အမှုဆောင်အရာရှိချုပ် စထရောက်စ် ဇဲလ်နစ်ကလည်း “နိုဝင်ဘာ ၁၉ ရက်မှာ ဖျားနာလို့ဆိုပြီး ခွင့်တောင်းသူတွေ အများကြီးရှိလိမ့်မယ်” လို့ ဟာသလုပ်ခဲ့ပါတယ်။ 

ဒီလို အလုပ်ပျက်ကွက်မှုတွေကြောင့် အမေရိကန်စီးပွားရေးမှာ ဒေါ်လာ ၁ ဘီလီယံလောက် ထိခိုက် နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပေမဲ့ ခိုင်မာတဲ့ အထောက်အထားတော့ မရှိသေးပါဘူး။ 

GTA VI မှာတော့ အမေရိကန်နိုင်ငံ မိုင်ယာမီမြို့ကို အခြေခံဖန်တီးထားတဲ့ Vice City မြို့မှာ ရာဇဝတ်မှုတွေကျူးလွန်တဲ့ ချစ်သူစုံတွဲ ဂျေဆန်နဲ့ လူစီယာတို့ရဲ့ ဇာတ်လမ်းကို ကစားရမှာ ဖြစ်ပါတယ်။ 

သတင်းမီဒီယာတွေကတော့ နိုဝင်ဘာ ၁၉ ရက်ဟာ သမိုင်းမှာ ဝန်ထမ်းတွေ အများဆုံး ဖျားနာခွင့်ယူတဲ့နေ့ ဖြစ်လာနိုင်တယ်လို့တောင် ရေးသားနေကြပေမဲ့ ဒီခန့်မှန်းချက်တွေ တကယ်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013