DVB Logo
Home
မြန်မာသတင်း
မလေးရှား အဖမ်းအဆီးကိစ္စ မြန်မာအလုပ်သမားဝန်ကြီး သွားညှိမည်
DVB
·
September 3, 2013
Donate to DVB

မြန်မာအလုပ်သမား အမြောက်အမြား ဖမ်းဆီးခံနေရတဲ့ မလေးရှားနိုင်ငံကို မြန်မာအလုပ်သမားဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မကြာခင်သွားရောက်ပြီး မြန်မာတွေရဲ့ကိစ္စ ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်။

မလေးရှားအစိုးရက သူ့နိုင်ငံတွင်းမှာ တရားမ၀င်အလုပ်သမားတွေ မှတ်ပုံတင်ဖို့ ပျက်ကွက်တာကြောင့် နိုင်ငံခြားသားအလုပ်သမား ၅ သိန်း ဖမ်းမယ်လို့ ကြိုတင်ကြေညာပြီး စက်တင်ဘာ ၁ ရက်နေ့က စဖမ်းတာပါ။

မလေးရှားပြည်ထဲရေး ၀န်ကြီးပြောဆိုချက်အရ စီမံချက်စတဲ့နေ့ တရက်တည်းမှာ လူ ၈၀၀၀ ကျော်ကို စစ်ဆေးပြီး အထောက်အထားမခိုင်လုံတဲ့ လူပေါင်း ၂၄၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံ မြန်မာသံရုံးနဲ့ နီးစပ်တဲ့ ကိုသီဟက အလုပ်သမားဝန်ကြီး ကိုယ်တိုင်လာမယ့် ခရီးစဉ်နဲ့ ပတ်သက်လို့ သိသမျှကို ခုလို ပြောပါတယ်။

“၀န်ကြီးလာမယ်။ ဒီက တာဝန်ရှိတဲ့ လူကြီးတွေနဲ့ အဖမ်းခံရတဲ့ မြန်မာတွေကို ဘယ်လိုလုပ်မယ်၊ နောက်ပြီး ဒီမှာရှိတဲ့ မြန်မာတွေ ဘယ်လိုနေထိုင်တယ်၊ အလုပ်ကိုင်တွေမှာ အဆင်ပြေတယ်၊ မပြေတယ် အဲဒါတွေနဲ့  ပတ်သက်ပြီး လာဖို့ ရှိတယ်။ ဒီမှာနေတဲ့ အလုပ်သမားတွေ အလုပ်လုပ်တဲ့နေရာမှာ ဘယ်လောက် လုံခြုံမှု ရှိမရှိ ပေါ့လေ။ ဒီမှာ လူမှုရေးလုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဖို့ အစီစဉ်ရှိပါတယ်။ ”

စက်တင်ဘာ ၁ ရက်နေ့ ဖမ်းဆီးရမိတဲ့ထဲမှာ အင်ဒိုနီးရှားနိုင်ငံသားက အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသားက ၅၅၀ ကျော်နဲ့  ဒုတိယအများဆုံး ဖြစ်ပါတယ်။ ကျန်သူတွေကတော့ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ တရုတ်၊ နိုက်ဂျီးရီးယားနဲ့ ထိုင်းလူမျိုးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီစီမံချက်ဟာ ဒီနှစ်ကုန်ထိသာမဟုတ်ဘဲ ဆက်လုပ်နေမှာဖြစ်ကြောင်းနဲ့ တရားမ၀င် လုပ်သားလုံးဝကင်းစင်ရေး ရည်မှန်းချက်ဖြစ်တယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

မြန်မာအလုပ်သမားဝန်ကြီးရဲ့ခရီးစဉ်မှာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် တဦးလည်း လိုက်ပါသွားမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောပါတယ်။

“ဟိုမှာရောက်တဲ့အခါမှ သူတို့နဲ့ ဆွေးနွေးတဲ့အခါကျမှ ကျနော်တို့က ကိုယ့်နိုင်ငံသားတွေအတွက်ကို အကာကွယ်ဖြစ်အောင် လုပ်ကြရမှာပေါ့။ ကျနော်တို့ဆီက ဒုညွှန်ချုပ်ပါသွားမှာပါ။ လိုအပ်တဲ့ဟာတွေ အားလုံး ပြင်ဆင်သွားတာ ရှိပါတယ်။”

မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်အတွင်းမှာ မလေးရှားရောက် မြန်မာလူမှု ကူညီရေးအသင်းအဖွဲ့တွေနဲ့ အလုပ်သမားတွေကိုလည်း တွေ့ဆုံမယ့် အစီအစဉ်ပါရှိပါတယ်။

တွေ့ဆုံဖို့ ဖိတ်ကြားခံရသူ တဦးဖြစ်တဲ့ မလေးရှားမှ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက မြန်မာတွေဟာ မလေးရှားအစိုးရက အသိအမှတ်ပြု လက်မှတ်လုပ်ဆောင်ရာမှာ အမျိုးမျိုးအခက်ခဲကြုံရ၊ လိမ်ခံရတာတွေကို ပြောပြဖို့ ရှိတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို မြန်မာအစိုးရက ယာယီနိုင်ငံကူး လက်မှတ် လုပ်ပေးသလို မလေးရှားရောက် မြန်မာတွေကိုလည်း လုပ်ပေးဖို့ကိစ္စ တင်ပြသွားမယ်လို့ သူက ပြောပါတယ်။

ဒီတချီဖမ်းဆီးမှုမှာ တရားမ၀င်လုပ်သားတွေကို လက်ခံထားတဲ့ အလုပ်ရှင် ၄  သောင်းခွဲကိုပါ ဖမ်းမယ်လို့ မလေးရှားအစိုးရက ကြေညာထားပ့ါတယ်။ ဒါပေမယ့် တရားမ၀င်လုပ်သားတွေကို ထိန်းသိမ်းထားရှိမှုနဲ့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် စရိတ်စကနဲ့ လုပ်သားအင်အားတွေအပေါ် မေးခွန်းထုတ်မှုတွေတော့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013