DVB Logo
Home
ကျန်းမာရေး
မြန်မာဝယ်ယူမယ့် ကိုဗစ်ကာကွယ်ဆေး ဘယ်အခြေအနေကို ရောက်နေပြီလဲ (ဆောင်းပါး)
DVB
·
January 2, 2021
မြန်မာဝယ်ယူမယ့် ကိုဗစ်ကာကွယ်ဆေး ဘယ်အခြေအနေကို ရောက်နေပြီလဲ (ဆောင်းပါး)
Donate to DVB

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ အခြေစိုက် Serum Institute က ထုတ်လုပ်မယ့် COVID-19 ကာကွယ်ဆေးကို ဝယ်ယူဖို့ ကြိုတင်သဘောတူညီချက်ကို နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပါတယ်။

Covishield လို့ခေါ်တဲ့ အဆိုပါဆေးဝါးကို Serum Institute of India နဲ့ Accelagen Pty တို့ ပူးပေါင်းဖန်တီးနေတာဖြစ်ပြီးတော့ WHO ရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရဆိုရင်တော့ အဆိုပါဆေးဝါးဟာ ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းစဉ်  ၆ ရပ်ထဲက တတိယအဆင့်လုပ်ငန်းစဉ်ဖြစ်တဲ့ Clinical phase မှာသာ ရှိနေသေးတယ်လို့ ဆိုထားပါတယ်။

COVID-19 ကာကွယ်ဆေးထုတ်လုပ်ရာမှာ လုပ်ငန်းစဉ်အဆင့် ၆ ရပ်ရှိပြီးတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


  • Exploratory stage

  • Pre-clinical stage

  • Clinical development

  • Regulatory review and approval

  • Manufacturing

  • Quality control တို့ပါပဲ။


Clinical phase မှာ အဆင့် ၃ ဆင့်ပါဝင်နေပြီးတော့ အဆင့်တစ်ခုချင်းစီအလိုက် လူ ၁၀ ဦးမှာ ၃၀၀၀ အထက်အထိ အဆင့်ဆင့်စမ်းသပ်သွားရမှာဖြစ်ပြီးတော့ အောင်မြင်ခဲ့မယ်ဆိုရင် အတည်ပြုချက်တွေနဲ့ ထောက်ခံချက်တွေ ရယူရမှာဖြစ်ပြီး ထုတ်လုပ်မှုပိုင်းနဲ့ အရည်အသွေးစစ်ဆေးမှုပိုင်းတွေကို ဆက်လက်လုပ်ဆောင်ရမှာပါ။

ကာကွယ်ဆေးထုတ်နိုင်ဖို့ ကြာဦးမှာလား


မြန်မာနိုင်ငံနဲ့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့တဲ့ Serum Institute က CEO ဖြစ်သူ အဒါ ပူနာဝယ်လာကတော့ သူတို့ရဲ့ ကာကွယ်ဆေးဟာ အသုံးချဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဗြိတိန်အစိုးရနဲ့ အိန္ဒိယအစိုးရဆီက တရားဝင်ခွင့်ပြုချက်ကို စောင့်ဆိုင်းနေပြီလို့ ဆိုထားပါတယ်။

Serum Institute ရဲ့ အဆိုအရ သူတို့အနေနဲ့ ဆေးဝါး သန်း ၄၀ ကနေ သန်း ၅၀ ဝန်းကျင်လောက်ကို ထုတ်လုပ်ပြီးနေပြီလို့ ဆိုထားပြီး လာမယ့် ၂၀၂၁ ဇူလိုင်လနောက်ဆုံးထားပြီး သန်း ၃၀၀ အထိ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်းဆိုပါတယ်။

ကုမ္ပဏီအနေနဲ့ ထွက်ရှိလာမယ့် ကာကွယ်ဆေးတွေထဲက ၅၀% ကို ပြည်တွင်းမှာ အသုံးချသွားမှာဖြစ်ပြီးတော့ လက်ကျန် ၅၀% ကိုတော့ ပြည်ပတိုင်းပြည်တွေဆီကို ရောင်းချသွားမှာဖြစ်တယ်လို့ CEO ဖြစ်သူကိုယ်တိုင် ဆိုခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ Serum Institute of India ဟာ ဗြိတိန်-ဆွီဒင် ဖက်စပ်ဖန်တီးထားတဲ့ Oxford-AstraZeneca coronavirus vaccine ကို အိန္ဒိယနိုင်ငံကနေတဆင့် တာဝန်ခံထုတ်လုပ်ပေးမယ့် ကုမ္ပဏီလည်းဖြစ်ပြီးတော့ လက်ရှိထုတ်လုပ်မယ့် သူတို့ရဲ့ ဆေးဝါးဟာ Oxford-AstraZeneca ရဲ့ နည်းပညာကို အခြေခံထားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

AstraZeneca-Oxford ဆေးဝါးဟာ ရောဂါကာကွယ်နိုင်စွမ်း ၆၂% ကနေ ၉၀% ကြားရှိပြီးတော့ တန်ကြေးချိုသာပြီး လူတိုင်းလက်လှမ်းမှီတဲ့ ဆေးဝါးမျိုးဖြစ်လာဖို့ ရည်ရွယ်ထုတ်လုပ်လာတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ စမ်းသပ်မှုရလဒ်တွေဟာ မကြာခဏတည်ငြိမ်မှုမရှိဖြစ်နေတာမို့ ကြန့်ကြာနေတဲ့ ဆေးဝါးတစ်မျိုးပါ။ နောက်ဆုံးရသတင်းတွေအရတော့ FDA ခွင့်ပြုချက်ရဖို့ နီးစပ်နေပြီဖြစ်ပေမယ့် WHO ရဲ့ ထောက်ခံချက်တော့ မရရှိသေးပါဘူး။

လက်တလောမှာ စိတ်အချရဆုံး ကာကွယ်ဆေးအဖြစ် ၉၄.၅% ကာကွယ်နိုင်စွမ်းရှိတဲ့ Moderna နဲ့ ရောဂါကာကွယ်နိုင်စွမ်း ၉၄% ရှိတဲ့ Pfizer/BioNTech တို့ရဲ့ ဆေးဝါးတွေက သတ်မှတ်ခံထားရပါတယ်။ ဒါ့အပြင် အဆိုပါဆေးဝါးတွေဟာ လက်ရှိမှာ စတင်ပျံ့နှံ့လာနေတဲ့ မျိုးဗီဇပြောင်း COVID-19 ရောဂါပိုး မျိုးစိတ်သစ်ကိုလည်း ကာကွယ်နိုင်စွမ်းရှိကြောင်း အာမခံထားကြပါတယ်။

ဘယ်အချိန်မှာ မြန်မာနိုင်ငံကို ရောက်လာမလဲ


မြန်မာနိုင်ငံကတော့ Serum Institute of India ရဲ့ ကာကွယ်ဆေးကို နိုင်ငံသား ၁၅ သန်းအတွက် ဝယ်ယူဖို့ ရည်ရွယ်ကာ သဘောတူညီချက် ရယူထားပြီး  ကာကွယ်ဆေးဝယ်ယူရေးကိစ္စနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို ယခုတစ်ပတ်အတွင်းမှာ ပိုပြီး တိတိကျကျ သိလာရလိမ့်မယ်လို့  နိုင်ငံတော်အတိုင်ပင်ခံက ဆိုထားပါတယ်။

WHO က ဒီဇင်ဘာ ၂၂ ရက်စွဲနဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ Vaccine Tracker အချက်အလက်တွေအရ Serum Institute of India နဲ့ Accelagen Pty တို့ ပူးပေါင်းထုတ်လုပ်မယ့် ကိုဗစ်ကာကွယ်ဆေးဟာ  စမ်းသပ်မှုအဆင့် ၁/၂ (Phase 1/2) မှာသာ ရှိသေးပြီး Codagenix နဲ့ Serum Institute of India တို့ ပူးပေါင်း ထုတ်လုပ်မယ့် နောက်ထပ် ကာကွယ်ဆေးတစ်မျိုးကလည်း Phase 1 အဆင့်မှာသာရှိနေသေးတယ်လို့ ဆိုထားတာပါ။

WHO ရဲ့ အချက်အလက်တွေအရ လက်ရှိတွင် Clinical Development အဆင့် (Phase 1, Phase 2, Phase 3) ကို ရောက်ရှိနေတဲ့ ကိုယ်ဗစ်ကာကွယ်ဆေး အမျိုးအစား ၆၁ မျိုးရှိကြောင်း သိထားရပြီး အာဆီယံဒေသတွင်းနိုင်ငံများမှ ထုတ်လုပ်မည့်ဆေးဝါးများလည်းပါဝင်နေကြောင်း သိရပါတယ်။

လက်ရှိ တရားဝင် ထုတ်ပြန်ချက်တွေအရဆိုရင်တော့ ပြည်တွင်းကို ကာကွယ်ဆေးတွေ ရောက်ရှိလာဖို့က ၂၀၂၁ ပထ ၃ လပတ်နဲ့ ဒုတိယ ၃ လပတ်ကြားကာလဖြစ်နိုင်ဖွယ်ရှိပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးလုံလောက်စွာရရှိဖို့ကတော့ အချိန်ယူရဦးမယ့် လုပ်ငန်းစဉ်ဖြစ်ဖို့ ရှိနေပါတယ်။

ရေးသားသူ - Ye Zon Aung


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013