DVB Logo
Home
မြန်မာသတင်း
ရေကြီး မိုးခေါင်မှုကြောင့် စပါးနှင့် သီးနှံ ပျက်စီး
DVB
·
September 3, 2013
ရေကြီး မိုးခေါင်မှုကြောင့် စပါးနှင့် သီးနှံ ပျက်စီး
Donate to DVB

မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့်ရော အလယ်ပိုင်းဒေသတွေမှာ မိုးခေါင်တာကြောင့်  နိုင်ငံတ၀န်းက စိုက်ပျိုးမြေဧက သောင်းချီပြီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လအတွင်း ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း ပြည်နယ်တွေနဲ့ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေမှာ ရက်ကစပြီး ရေကြီးရေလျှံခဲ့သလို အလယ်ပိုင်းဒေသတွေမှာ ဒီကနေ့ထိ မိုးခေါင်နေတာပါ။

[caption id="attachment_42804" align="alignright" width="300" caption="လှိုင်းဘွဲ့မြို့ ရေကြီးစဉ်က (ဓာတ်ပုံ -Nandakyawthusoe )"][/caption]

လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြောခွင့်ရသူ စိုက်ပျိုးရေးစီမံကိန်းဦးစီဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးလှကျော်က ရေကြီးမှုကြောင့် လယ်ဧက ၄ သောင်းလောက် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

“အခုတော့ ရေပြန်ကျသွားပြီ။ အောက်ဗမာပြည်မှာ ရေကြီးတော့ ဧက ၄ သောင်းကျော်လောက် ပျက်သွားတယ်။ ပျက်သွားတဲ့အထဲမှာ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြန်စိုက်လို့ ရတယ်။ နည်းနည်း စိုက်ချိန်နောက်ကျသွားတယ်။ အဓိက ပြန်စိုက်နိုင်မယ့် မျိုးတို့၊ ဓာတ်မြေဩဇာတို့ တိုင်းဒေသကြီးအစိုးရနဲ့ ကျနော်တို့ ပံ့ပိုးပေးတယ်။ အထက်ဘက်တို့မှာလည်း ပျက်စီးမှုတွေ ရှိတော့ နောက်တသီးမီမယ့်အတွက် တသီးဆိုတာက ပဲဆိုပဲပေါ့။ ပြည်နယ်တိုင်းဒေသကြီးက သူတို့အစီစဉ်နဲ့ လုပ်နေတာတော့ ရှိတယ်။”

ဒါ့အပြင် ရေဘေးဒုက္ခသည်ထောင်ပေါင်းများစွာလည်း ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံကြရပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာတော့ မိုးခေါင်လို့ ပဲနှမ်းခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

သီးနှံတွေ ပျက်စီးမှုအခြေအနေကို မြိုင်မြို့ခံတဦးက “သီးနှံတွေက ဘာမှ မရဘူး။ အခုလည်း မိုးက မရွားဘူး၊ ကန်တွေမှာလည်း ရေမရှိဘူး။ များစွာ အခက်အခဲတွေ ကြုံမယ်။ နောက်ထပ် လယ်တို့၊ မြေပဲတို့လည်း ရမှာမဟုတ်ဘူး။ လူငယ်တွေ တချို့က ဖားကန့်မှာ ကျောက်တူးသွားကြတယ်။ တချို့လည်း မလေးသွားတယ်၊ တချို့လည်း မြို့တက် အလုပ်ရှာကြတာပေါ့” လို့ ပြောပါတယ်။

သူတို့ဒေသဟာ အရင်နှစ်တွေက တနှစ်ကို မိုးရေချိန်လက်မအားဖြင့် ၁၅ လက်မကျော်ထိ ရွာသွန်းပေမယ့် အခုအခါ ၄ လက်မလောက်ပဲ ရွာမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။

ဒေသခံတွေဟာ မိုးခေါင်လို့ သီးနှံပျက်တာကြောင့် ရွှေတူး၊ ကျောက်တူးသွားကြသလို၊ ရန်ကုန်နဲ့မြို့တွေနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာပြီး ကြုံရာအလုပ် လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။ ရေကန်တွေတူးထားပေမယ့် မိုးခေါင်တာကြောင့် တချို့ကျေးရွာတွေမှာ သောက်သုံးရေ အခက်အခဲကြုံနေတယ်လို့ သူက ပြောပါတယ်။

ပခုက္ကူဒေသခံတဦးကလည်း မိုးခေါင်မှုကြောင့် ပဲနှစ်ကြိမ်ပျက်စီးခဲ့ပြီးပြီလို့ ပြောပါတယ်။

“ပထမတကြိမ် သေသွားတော့ နောက်တကြိမ် ထပ်စိုက်တယ်။ နောက်တခါ မိုးက ထပ်မကျပြန်ဘူး။ နှစ်ခါလောက်ရှိပြီ သေသွားတာ အဲလိုဖြစ်နေတယ်။ စိုက်စရိတ်တို့၊ ပျိုးခတွေ ချေးငှားပြီး တခါထပ်လုပ်တော့လည်း သေပြန်ရော။ မိုးက တော်တော်ခေါင်တယ်။ တချို့ နောက်ကျစိုက်ထားတာတွေတော့ မသေသေးတာ ရှိသေးတယ်။ အခုနေ မိုးကျလိုက်ရင် အဆင်ပြေသွားမှာပေါ့။”

ငွေကြေးအတန်အသင့် ရှိတဲ့ တောင်သူတွေအဖို့ စားရေးသောက်ရေး ပြေလည်ပေမယ့် မပြေလည်တဲ့ တောင်သူတွေကတော့ ချေးငှားစားကြရမယ့် အခြေအနေဖြစ်နေတယ်လို့ သူက ပြောပါတယ်။

သမ္မတရဲ့ စက်တင်ဘာ ၁ ရက်နေ့ တိုင်းပြည်ကို ပြောတဲ့မိန်းခွန်းမှာလည်း ဩဂုတ်လအတွင်း ရေကြီးနစ်မြုပ်မှုနဲ့ မိုးခေါင်မှုကြောင့် လယ်ယာမြေသီးနှံတွေ ဆုံးရှုံးတဲ့အပေါ် ဒေသဆိုင်ရာ အစိုးရတွေနဲ့ ပူးတွဲဖြေရှင်းနေသလို နောင်နှစ်တွေမှာ ဒီလို သဘာဝဘေးအန္တရာယ်တွေ ဆိုးဆိုးဝါးဝါးမခံရအောင် ကြိုတင်ကာကွယ်မှုတွေ ပြင်ဆင်ဆောင်ရွက်မယ့်အကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013