
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်ပြည်နယ်က ပါတီတွေရဲ့ ပထမဆုံးတွေ့ဆုံမှုအတွင်း အမျိုးသားညီညွတ်ရေးဆောင်ရွက်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
အန်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင် ၃ ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်ပြည်နယ် အခြေစိုက်ပါတီတွေ ဖြစ်တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဟာ ဒီကနေ့ ဇန်နဝါရီ ၁ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
တွေ့ဆုံဆွေးနွေးရာမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနဲ့ အမျိုးသားညီညွတ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနန်တူးဂျာက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ကြီးမားတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး ဗဟိုနဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရတွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို သေချာညှိနှိုင်းလုပ်ဆောင်သွားဖို့ ပြောဆို ခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားပါတီတွေက သူတို့ကို နေရာပေးဖို့ ပြောဆိုခဲ့တယ်လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
ဒီတွေ့ဆုံပွဲကနေ တိုင်းရင်းသားပါတီတွေ တင်ပြလာတဲ့အချက်တွေကို အန်အယ်လ်ဒီ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေက ပါတီဗဟိုကို တင်ပြသွားမှာဖြစ်ပါတယ်။
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဟာ ကချင်ပြည်နယ် အခြေစိုက်ပါတီတွေနဲ့ တွေ့ဆုံပြီးတဲ့အခါ မွန်ပြည်နယ်ကို သွားရောက်ပြီး တိုင်းရင်းသားပါတီတွေနဲ့ ဆက်လက်တွေ့ဆုံဖို့ရှိ ပါတယ်။











