DVB Logo
Home
မြန်မာသတင်း
ဆန်ကော၊ ဆန်ခါနှင့် ပလုံး ရက်လုပ်ရောင်းချသူများ စားဝတ်နေရေးခက်ခဲနေ
DVB
·
January 1, 2021
ဆန်ကော၊ ဆန်ခါနှင့် ပလုံး ရက်လုပ်ရောင်းချသူများ စားဝတ်နေရေးခက်ခဲနေ
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ဝါးနဲ့ရက်လုပ်တဲ့ ဆန်ကော၊ ဆန်ခါနဲ့  ပလုံးတွေ ဝယ်ယူသူနည်းလာပြီး ဈေးနှုန်းကျဆင်းလာတာ ကြောင့် စားဝတ်နေရေးခက်ခဲနေတယ်လို့  လုပ်ငန်းလုပ်ကိုင်သူတွေက  ပြောပါတယ်။

ဝါးနဲ့ ရက်လုပ်ထားတဲ့ ပလုံးတွေဟာ မြန်မာ့ယဉ်ကျေးမှုဖြစ်တဲ့အတွက်လူကြိုက်များပြီး အရင်နှစ်တွေက ရန်ကုန်မြို့အပါဝင် တခြားမြို့တွေကို လှည့်လည်ရောင်းချရာမှာ အရောင်းအဝယ် ကောင်းမွန်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတာကြောင့် လမ်းတွေ ပိတ်ဆို့ထားတဲ့အတွက် အရောင်းအဝယ် မကောင်းတော့တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။

ပလုံးရက်လုပ်သူဒေါ်မိုးမိုးက “ခါတိုင်းနှစ်တွေကတော့ ပလုံးတစ်လုံးကို ကျပ် သုံးလေးရာ ရောင်းရပြီး အခုကိုဗစ်ရောဂါ ဖြစ်ပွားလာမှုကြောင့် ရထားတွေ၊ ကားတွေမထွက်တော့တဲ့အတွက် ပလုံး တစ်လုံးကို တစ်ရာ နှစ်ရာ‌တောင် မဝယ်ကြတော့တာကြောင့် ပလုံးရက်တဲ့လုပ်ငန်း လုပ်ကိုင်ချင်ကြပေမဲ့  ဝယ်သူမရှိလို့ မရက်လုပ်ရတာပါ”လို့ ပြောပါတယ်။

ဒီဒေသမှာ ပလုံးရက်လုပ်တဲ့လုပ်ငန်းကို အရင်နှစ်ပေါင်း ၁၀၀ ကျော်လောက်ကတည်းက လုပ်ကိုင်လာကြတာဖြစ်ပြီး ပလုံးရက်လုပ်ရာမှာ အသုံးပြုတဲ့ ဝါးတွေကို ဟို အရင်က တောင်ပေါ်မှာ သွားရောက်ခုတ်ယူကြရပါတယ်။

အခုအခါမှာ လှည်းလမ်းတွေ ပိတ်သွားတာကြောင့် ဆိုင်ကယ်နဲ့ ဝါးသွားခုတ်တဲ့သူတွေထံကနေ အဆင်ပြေအောင်ဝယ်ယူလုပ်ကိုင်နေရတယ်လို့ ‌ပလုံးရက်လုပ်သူ ဒေါ်သန်းသန်းအေးက ပြောပါတယ်။

ဝါးပလုံးတွေကို အရင် အဘိုးအဘွားတွေ လက်ထက်တည်းက ပုံစံအမျိုးမျိုးရက်လုပ်ကြပြီး ပုံမှန်ရက်လုပ်လျှင် တရက်  ၁၅ လုံး လောက်ပြီးစီးပြီး အခုဝယ်မယ့်သူ ရှားပါးတာကြောင့် ၅ လုံးလောက်ပဲ ရက်လုပ်ရတဲ့အတွက် စားဝတ်နေရေးအဆင်မပြေဘူးလို့ လည်း ပြောပါတယ်။

ပလုံးတွေ လှည့်လည်ရောင်းချသူ ကုန်သည် ဒေါ်ခင်စန်းဝင်းကတော့ ဖောက်သည်ပျက်မှာစိုးတာကြောင့် ထိန်းပြီး ဝယ်ယူနေရတယ်လို့ ပြောပါတယ်။

မင်းလှမြို့နယ်ရှိ ကျေးရွာတချို့မှာတော့ ပလုံးရက်လုပ်သူ အနည်းငယ်ရှိပေမဲ့ လှည်းကူးအုပ်စု ကြည်ကုန်းကျေးရွာမှာတော့ အိမ်ခြေ ၂၀၀ နီးပါးလောက်ရှိပြီး တစ်ရွာလုံးလိုလို ပလုံးရက်လုပ်တဲ့လုပ်ငန်းကို မိရိုးဖလာလက်မှုလုပ်ငန်းအဖြစ် အစဉ်အဆက်လုပ်ကိုင်လာကြ တာပါလို့ ပလုံးရက်လုပ်သူတွေက ပြောပါတယ်။

အလားတူ မင်းလှမြို့နယ်မှာ မိရိုးဖလာလုပ်ငန်းတစ်ခုဖြစ်တဲ့ ဝါးအခြေခံ ဆန်ကောနဲ့ ဆန်ခါ ရက်လုပ်တဲ့ လက်မှုလုပ်ငန်းတွေကို လုပ်ကိုင်လာခဲ့ကြရာက အခုအခါမှာ အသုံးပြုသူ နည်းပါးလာတာကြောင့် လုပ်ကိုင်သူရှားပါးလာပါတယ်။

ဆန်ကော၊ ဆန်ခါ လုပ်ကိုင်သူ ဦးအေးထွန်းက “အရင်ခေတ်က ဆန်ပြာ၊ စပါးပြာ၊ စပါးယပ်လုပ်ငန်းတွေမှာ ဆန်ကော၊ ဆန်ခါ အများကြီးသုံးရတဲ့အတွက် ရောင်းချရတာအဆင်ပြေပြီး အခုခေတ်မှာ စက်တွေနဲ့ အသုံးပြု လုပ်ကိုင်လာကြတဲ့အတွက် ရောင်းချလို့မကောင်းတော့ဘူး” လို့  ပြောပါတယ်။

အရင်က တစ်ရွာလုံးလိုလို ဆန်ကောနဲ့ ဆန်ခါရက်လုပ်တဲ့ လုပ်ငန်းကို လုပ်ကိုင်ကြပြီး အခုအခါ အသုံးပြုသူနည်းပါးလာတဲ့အတွက် လူကြီးတွေလောက်ပဲရက်လုပ်ကြပြီး ကျန်တဲ့သူတွေက တခြားအလုပ်တွေရှာဖွေလုပ်ကိုင်နေကြပြီလို့ ရှားပင်ကွေ့ကျေးရွာသား ဦးညိုဝင်းက ပြောပါတယ်။

အခုခေတ်မှာ ဆန်ကောနဲ့ ဆန်ခါတွေကို လယ်သမားတွေ အသုံးပြုမှုနည်းလာပေမဲ့ ဟင်းသီးဟင်ရွက်သည်တွေနဲ့ ပန်းရံလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရန်ကုန်မြို့ အပါအဝင် တခြားမြို့နယ်တွေကို သယ်ယူရောင်းချနေရဆဲဖြစ်တယ်လို့ နယ်လှည့် ရောင်းချသူ ဒေါ်ကရင်မက ပြောပါတယ်။

မင်းလှမြို့နယ်ရှိ ကျေးရွာတချို့မှာ ဆန်ကောနဲ့ ဆန်ခါ ရက်လုပ်သူ အနည်းငယ်ရှိပေမဲ့ ရှားပင့်ကွေ့‌ကျေးရွာမှရွာမှာ‌တော့ အိမ်‌ခြေ ၁၂၀‌ လောက်မှာ  အရင်က  အိမ်ခြေ ၁၀၀ လောက်မှာ ရက်လုပ်ကြပြီး  အခုအခါမှာ အိမ်ခြေ ၂၀ ကျော်သာ ရက်လုပ်ကြပါတော့တယ်။

သတင်း - သက်နိုင်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013