DVB Logo
Home
Lead Story
၂၀၂၁ ကောင်းသောနှစ်သစ် ဖြစ်စေသောဝ်… (အယ်ဒီတာအာဘော်)
DVB
·
January 1, 2021
၂၀၂၁ ကောင်းသောနှစ်သစ် ဖြစ်စေသောဝ်… (အယ်ဒီတာအာဘော်)
Donate to DVB

နိုင်ငံတော်အား သက်ဝင်ရှင်သန်မှု ဖြစ်စဉ်အဖြစ်ကြည့်လျှင် မျဉ်းဖြောင့်တခုကား မဟုတ်။ အချိုင့်အဝှမ်း အမို့အမောက် အကွေ့ကောက်တို့ကားရှိစမြဲ။ ‘ဒွန္ဒယာ’လောကကြီးဟု ဆိုရလောက်အောင် အဆိုးအကောင်းတို့၏ ဒွန်တွဲ ဖြစ်စဉ်တခုကို မြင်တွေ့ရမြဲ။ အပြုသဘောနှင့် အဖျက်သဘောတို့လည်း အတူတွဲ အားပြိုင်ကြမြဲပင်။ အပြုသဘောတို့ အားသာလျှင် အကောင်းဘက်သို့ရောက်ရှိပြီး နိုင်ငံတော်လည်း စည်ပင်သာယာလေ့ရှိ၏။ The Greatest happiness of Greatest Number အဖြစ် ပြည်သူလူထုအပျော်ကို မြင်တွေ့ခွင့်ရခြင်းသည်ပင် ကြီးမြတ်သော ဆုလာဘ်တခုဟု ဆိုရမည်သာ။

နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးပြောင်းခြင်းကလည်း ဖြစ်မြဲဓမ္မတာ။ နှစ်ဟောင်း၏ အညစ်အကြေး အစွန်းအထင်းတို့ကို နှစ်သစ်မှာ သယ်ဆောင်မယူလိုခြင်းကလည်း လူတိုင်းမျှော်လင့် တောင့်တသောဆန္ဒတခုပင်။ သို့ရာတွင် မိမိဆန္ဒကို မိမိတို့ကိုယ်တိုင် မေ့လျော့၍ မောဟ၌ပျော်မွေ့တတ်ခြင်းကလည်း ‘ဟေတုပစ္စယ’တခုပင် ဖြစ် လေသလော မဆိုနိုင်။

ကုန်လွန်ခဲ့သည့် ကာလအပိုင်းအခြားဖြစ်သည့် ၂၀၂၀ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် ထူးခြားသော နှစ်တခု ဖြစ်ခဲ့သည်ကိုမူ ငြင်းမရ။ ကိုဗစ်ဟုခေါ်သော သဘာဝကပ်ရောဂါဆိုးကိုရင်ဆိုင်ခဲ့ရသည်။ အလုပ်ပျက် အကိုင်ပျက် စီးပွားပျက်ကပ်ပင် ဆိုက်လုလုဖြစ်ခဲ့သည်။ လူစုလူဝေးနှင့် ပျော်ရွှင်ဖွယ်ရာ ဖျော်ဖြေမှု ဖြစ်စဉ်တို့လည်း တုံ့ဆိုင်းခဲ့ ရသည်။  အိုးမကွာအိမ်မကွာ အလုပ်လုပ်ခဲ့ရသော်လည်း ထင်သလောက်ခရီးမပေါက်ခဲ့။ ခက်ခဲသောနှစ်ဟုဆိုရ မည်ပင်။

ယင်းဖြစ်စဉ်ကြားထဲမှ အစဉ်အလာမပျက် ရွေးချယ်တင်မြှောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းမှာလည်း အဆိုးထဲမှ အကောင်းတခုဖြစ်ခဲ့သည်။ မကြာမီအတွင်း ခိုင်လုံမဲအရေအတွက်နှင့် ကိုယ်စားလှယ်အများဆုံးရသူတို့ စုပေါင်း၍ အစိုးသစ် တရပ်ပေါ်ပေါက်လာပေတော့မည်။ ‘အမျိုးသား ညီညွတ်ရေးအစိုးရသစ်’တခုကို ဖေါ်ဆောင်မည် ဆိုသော သတင်းတို့လည်း ထွက်ပေါ်လာခဲ့သည်။

ဤသည်ပင် ရင်ကြားစေ့ရေးမူသစ်တခု ဖြစ်လာနိုင်ဖွယ်ရာရှိနေသည့်အပြင် မပြီးပြတ်သေးသော ၂၀၀၈ ခြေ/ဥ ပြင်ဆင်ရေး၏ ခြေဆင်းလည်း ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ဆိုကြသည်။

လူမျိုးစုအစုံစုံဖြင့် အမျိုးသားအစိုးရသစ် တခုဖြစ်လာမည်ဆိုပါက ‘ပြည်တွင်းငြိမ်းချမ်းရေး’ရောင်ခြည်လည်း ကွန့်မြူးလာနိုင်ဖွယ်ရာရှိသည်ဟူ၍ ပြည်သူလူထုတို့က မျှော်လင့်နေကြသည်။ သို့စေကာမူ မြန်မာပြည်သူတို့သည် မျှော်လင့်ချက်မဲ့နေသူများမဟုတ်သကဲ့သို့ မျှော်လင့်ချက်ကို လှုပ်ရှားမှုမဲ့ ထိုင်စောင့်နေသူများမဟုတ်သည်ကိုတော့ သတိချပ်ကြရပေလိမ့်မည်။  

အကောင်းအတွက်မျှော်လင့်သကဲ့သို့ အဆိုးအတွက်လည်းပြင်ဆင်ခြင်းမှာလည်း မြန်မာတို့အနေဖြင့်နှစ်ပေါင်း ရာချီကြာအောင် မျိုးဆက်တဆက်ပြီးတဆက်လက်ဆင့်ကမ်းခဲ့ကြသော အမွေတခုပင်ဖြစ်လာခဲ့သည်။ အကောင်းကိုလည်း ကြုံတွေ့ခဲ့ရဖူးသကဲ့သို့ အဆိုးဆုံးကာလတွေလည်း ဖြတ်သန်းခဲကြဖူးပြီ။ ဤသို့ ကြုံတွေ့ခဲ့ရသည့် နိုင်ငံ ရေးလောကဓံအပေါင်းအား သင်ခန်းစာယူ၍ နှစ်သစ်တခုကို ကြိုဆို ချီတက်ကြရပေအုံးမည်။ မလိုအပ်သည်တို့ကို ဖယ်ကျဉ်၍ လိုအပ်သည်တို့ကို ထပ်ပေါင်းဖြည့်စွက်ကာ ကောင်းမွန်သော အစိုးရသစ်နှင့် ကောင်းမွန်သော အုပ်ချုပ်ရေးတို့ ဖြစ်ပေါ်လာပါစေကြောင်း မိမိတို့ ဒီဗွီဘီ ဝိုင်းတော်သားများက ဆန္ဒပြုလိုက်ရပါသည်။

  မြန်မာပြည်သူအပေါင်း ၂၀၂၁ ကောင်းသောနှစ်သစ်ဖြစ်စေသောဝ်…။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013